စကားပြေနေရာမှန် ရောက်ရေးအတွက်
စကားပြေနေရာမှန် ရောက်ရေးအတွက်
မကြာမီက ဆရာမင်းသုဝဏ်ထံ ကျွန်တော်ရောက်ခဲ့ပါသည်။ စာပေဝါသနာရှင် မိတ်ဆွေအချို့လည်း ကျွန်တော်နှင့်အတူ ပါလာပါသည်။ ကျွန်တော်တို့သည် ဆရာ့ကို ဂါရဝပြုကြရင်း စာပေရေးရာနှင့် ပတ်သက်၍ သိချင်သမျှကို မေးကြမြန်းကြသည်။ ဆရာ ကလည်း စိတ်ရှည်လက်ရှည် ပြန်ဖြေသည်။ မေးရင်းမြန်းရင်း ၁၉၆၁ - ၆၂ စာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် မြန်မာစာပါမေက္ခအဖြစ် ဆရာအမှုထမ်းစဉ်က တက္ကသိုလ်ဝင်တန်းအတွက် ဆရာပြဋ္ဌာန်းခဲ့သော စာအုပ်များအကြောင်း ရောက်သွားသည်။ အထူးသဖြင့် ယခင်က ပြဋ္ဌာန်းခဲ့ခြင်းမရှိဘဲ တိမ်မြုပ်နေသော သိပ္ပံမောင်ဝ၏ စကားပြေများကို ' သိပ္ပံမောင်ဝ၏ ဝတ္ထု၊ ဆောင်းပါးများ ' အမည်ဖြင့် စာအုပ်ပြုစုပြဋ္ဌာန်းသည့် အကြောင်းကို ကျွန်တော်တို့က စူးစမ်းကြသည်။ ပြဋ္ဌာန်းသည့် ရည်ရွယ်ချက်ကို မေးမြန်းကြသည်။ ဆရာက စကားပြေအရေးကြီးပုံ ပြဋ္ဌာန်းစာများတွင် စကားပြေကောင်းများ ရွေးချယ်ပြဋ္ဌာန်းရန် လိုအပ်သည့်အတွက် သိပ္ပံမောင်ဝ၏ စကားပြေများကို ပြဋ္ဌာန်းရပုံတို့ကို ရှင်းပြသည်။ကျောင်းများ၊ တက္ကသိုလ်များတွင် ယခင်က စကားပြေကို ကဗျာလောက် အလေးမထားကြပုံ၊ စကားပြေကို အရေးတယူ သင်ကြားလေ့ မရှိပုံတို့လည်း ဆက်လက်ရှင်းပြသည်။ ' စကားပြေ အရေးကြီးကြောင်း ထင်ရှားစေချင်လို့ ဆရာတောင် စကားပြေ စာပေအသက်ဆိုပြီး ရေးခဲ့သေးတယ် ' ဟုဆရာက ရှေးဟောင်းနှောင်းဖြစ် မိန့်ဆိုလိုက်ပါသေးသည်။
ဆရာ့ထံမှပြန်လာပြီးနောက် ကျွန်တော်သည် စကားပြေကိစ္စတွင် ဆရာတို့ ကြိုးပမ်းခဲ့ကြပုံများကို လေ့လာစူးစမ်း ကြည့်မိပါသည်။ ယခုဆိုလျှင် စကားပြေ အရေးကြီးကြောင်း အများနားလည် လက်ခံနေကြပါပြီ။ ကျောင်းများ၊ တက္ကသိုလ်များတွင် လည်း စကားပြေကို လေးလေးစားစား နေရာပေးပြီး သင်ကြားနေကြပါပြီ။ သို့သော် ဤအခြေအနေသို့ နေ့ချင်းညချင်း ရောက်လာရ သည်ကား မဟုတ်ပါ။ စကားပြေနေရာမှန် ရောက်ရေးအတွက် အမြော်အမြင်ကြီးသော ပညာရှင်များက ကာလအတန်ကြာအောင်ပင် ကြိုးပမ်းခဲ့ကြရပါသည်။
ယင်းသို့ ကြိုးပမ်းခဲ့ကြသူများကို စာရင်းထိုးမည်ဆိုပါလျှင် ဆရာကြီး ဦးဖေမောင်တင်ကို ထိပ်ဆုံးက ထားရလိမ့်မည် ထင်ပါသည်။ မြန်မာစာ မျက်နှာငယ်နေသော ကိုလိုနီခေတ်တွင် ကျောင်းများ၊ တက္ကသိုလ်များ၌ မြန်မာစာ ထိုက်ထိုက်တန်တန် နေရာ ရအောင် ဆရာကြီးမည်သို့ ကြိုးပမ်းခဲ့ရသည်ကို အများသိကြပါသည်။ အကျယ်ချဲ့၍ ဖော်ပြရန် လိုမည်မထင်ပါ။ ဤနေရာတွင်အထူးပြု ဖော်ပြလိုသော အချက်ကား ' စကားပြေ၏ အရေးပါမှုကို ဆရာကြီး ဦးဖေမောင်တင်က စောစောပိုင်းကာလ ကတည်းကပင် ဖော်ထုတ်မိန့်ကြားဖူးသည် ' ဟူသောအချက် ဖြစ်ပါသည်။ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းပညာ ပါမောက္ခအဖြစ် ဆောင်ရွက်စဉ် ၁၉၃၅ ခုနှစ်တွင် ' အထက်တန်း စကားပြေ ကောက်နှုတ်ချက်များ ' ဟူသော စာအုပ်တစ်အုပ် ပြုစုထုတ်ဝေခဲ့သည်။ ထို စာအုပ်နိဒါန်းတွင် ဆရာကြီးက မြန်မာတို့၏ စကားပြေလေ့လာမှု အခြေအနေကို အားမလို အားမရ ဤသို့ ညည်းတွားခဲ့ပါသည်။
မြန်မာလူမျိုးတို့ကား ကဗျာနှင့် စကားပြေနှစ်ခုအနက် ကဗျာကို အထူးနှစ်သက်ဟန် ရှိသည်။ အထူးလည်း လေ့လာ လိုက်စားကြ၏။ စကားပြေကိုကား ဝတ္ထုအကြောင်းအရာ အတွက်မှတစ်ပါး စကားသုံးနှုန်းပုံ၊ ဝါကျစီစဉ်ပုံ၊ ဝတ္ထုကြောင်း ဆင်ယင်ပုံ တို့ကို လေ့လာမှတ်သားဖို့ရန် ဂရုမပြုသယောင် ရှိလေသည်။ ဤသည်ကား စာပေအတွက် ချို့ယွင်းချက်ကြီးတစ်ခု ဖြစ်တော့၏။
ဆရာကြီးက ဤသို့ ညည်းတွားပြီးနောက် စကားပြေ အရေးကြီးပုံကို ဤသို့ လမ်းညွှန်မိန့်ဆိုထားပါသည်။
စကားပြေသည် ကဗျာထက်ပင် အရေးကြီးသေးသည်ဟု မဆိုသာသော်လည်း ကဗျာနည်းတူ အရေးကြီးသည် ဟူ၍ကား ဆိုသာသည်။ စကားပြေမထွန်းကားသော စာပေသည် အရေးကြီးအရာရောက်သော စာပေဟု မဆိုထိုက်ပေ။
ဤအဆိုအမိန့်နှင့်အညီ အရေးကြီးသော စကားပြေကောင်းများကို လေ့လာစေချင်သည့်အတွက် ဤစာအုပ်ကို ပြုစုထုတ် ဝေရခြင်းဖြစ်သည်။ ဤသို့ စကားပြေကျမ်းများမှ ကောင်းနိုးရာရာ ရွေးနှုတ်ပြုစုသည့် စာအုပ်မျိုးကား ယခုဆရာကြီး ပြုစု၍ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ဓမ္မဝိလာသဓမ္မသတ်၊ ပါရာယနဝတ္ထု၊ ရာဇဝင်ကျော်၊ ရာဇာဓိရာဇ် အရေးတော်ပုံ၊ မဟာပညာကျော် လျှောက်ထုံး၊ မဏိကုဏ္ဍလဝတ္ထု၊ ယသဝဎုနဝတ္ထု၊ ရတနာကရဝတ္ထု၊ ဦးကုလားရာဇဝင်တို့မှ ကောင်းနိုးရာရာ တို့ကို ရွေးချယ်ကောက်နှုတ်ပြခြင်းဖြင့် စကားပြေ၏ အရေးပါမှုကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပါသည်။ ဆရာကြီးရှေ့ဆောင် ခဲ့သော အစဉ်အလာအတိုင်း နောက်ပိုင်းတွင် စကားပြေကောက်နှုတ်ချက် စာအုပ်အမျိုးမျိုး ပြုစုပြီး ကျောင်းများ၊ တက္ကသိုလ်များတွင် ယနေ့တိုင် ပြဋ္ဌာန်းသင်ကြားနေကြသည်ကို ကြည့်ခြင်းဖြင့် ဆရာကြီး၏ ရှေ့ဆောင်မှုသည် မည်မျှအရေးပါကြောင်း ခန့်မှန်းနိုင်လောက် ပါသည်။
နောင်တစ်နှစ်အကြာ ၁၉၃၆ ခုနှစ်တွင် စကားပြေအရေးပါပုံကို ပညာရှင်တစ်ဦးက ဖော်ထုတ်မိန့်ဆိုပြန်ပါသည်။ ထိုပညာရှင်ကား အခြားမဟုတ်ပါ။ ထိုစဉ် ဂန္တလောက မဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်သော ဆရာဦးဝန် (ဆရာ မင်းသုဝဏ်) ပင်ဖြစ်ပါသည်။ ၁၉၃၆ ခု၊ ဖေဖော်ဝါရီလထုတ် ဂန္တလောက မဂ္ဂဇင်းခေါင်းကြီးပိုင်းတွင် ' စကားပြေ ' ဟူသော ခေါင်းစဉ်ဖြင့် ဆရာကဤသို့ မိန့်ဆိုထားပါသည်။
လင်္ကာနှင့် စကားပြေအနက် မြန်မာတို့သည် လင်္ကာကို ပို၍နှစ်သက်ကြ၏။ စာရေးသူများကလည်း လင်္ကာများဖြင့် အရေး များ၏။ စာဖတ်သူတို့ကလည်း လင်္ကာများကို အဖတ်များ၏။ လင်္ကာကိုရေးရာ ဖတ်ရာတွင်လည်း ပေါ့ပေါ့ဆဆ ရေးကြသည်မဟုတ်။ ဒေါသကင်းအောင် ဂုဏ်မြောက်အောင် အထူးဂရုစိုက်ကာ စကားတစ်လုံးပြီးလျှင်တစ်လုံး၊ ပါဒတစ်ခုပြီးလျှင်တစ်ခု၊ စာတစ်ပိုဒ်ပြီးလျှင် တစ်ပိုဒ်တို့ကို စိစစ်၍ ရေးသားလေ့ ရှိကြလေသည်။ ဖတ်သူတို့ကလည်း ဤနည်းပင် ဂရုတစိုက်စိစစ်ကာ ဖတ်ကြလေသည်။
သို့သော်လည်း စကားပြေကိုကား ဤသို့ ဂရုစိုက်ကြဟန်မတူ။ စာရေးသူတို့က ဂရုတစိုက်ရေးကြပါသည် ဟူ၍ပင် ဆိုဦးတော့ စာဖတ်သူတို့ကား ဂရုတစိုက် ဖတ်ကြဟန်မတူ။ ရှေးခေတ်ကလည်း ဖတ်ကြဟန်မတူ။ ယခုခေတ်လည်း မဖတ်ကြသေးလှ။ အရေးသင့် အခွင့်ရောက်၍ ပညာရှိစကားကို ထောက်ထားကိုးကားပြလိုလျှင် လင်္ကာကိုသာ ရွတ်ဆိုပြတတ်၏။ စကားပြေကို မထောက်ထားမကိုးကားကြ။ တစ်ခါတစ်ရံ မလွှဲသာ၍ စကားပြေကို ကိုးကားရလျှင်လည်း မူရင်းအတိုင်း ပုဒ်ပါဒ်မလွဲအောင် ကိုးကား ကြသည်မဟုတ်။ သဘောလောက်ကိုသာယူ၍ မိမိတို့၏စကားဖြင့် ပြုပြင်ကိုးကားကြလေသည်။ ဤအချက်ပေါ်ကို ထောက်သဖြင့် ကျွန်ုပ်တို့ မြန်မာများသည် စကားပြေကို ဝတ္ထုကြောင်းအတွက်၊ ကျမ်းဆရာ၏ အာဘော်အတွက် သက်သက်လောက်သာ ဂရုစိုက်ကြ၍ စကားပြေကို စကားပြေအဖြစ်နှင့် မလေ့လာကြသည်ကို သိရပါသည်။
ဆရာက ' စကားပြေကို စကားပြေအဖြစ် ' မလေ့လာခဲ့ကြသည့် မြန်မာတို့၏ အားနည်းချက်ကို ထောက်ပြသည်။ ထို့နောက် ကျောင်းများတွင် စကားပြေသင်ကြားသည့် အခြေအနေကိုလည်း ဤသို့ အကျိုးသင့်အကြောင်းသင့် သုံးသပ်ပြပါသည်။
ကျောင်းများတွင်လည်း စကားပြေကို ဂရုမစိုက်ကြ။ စာမေးပွဲအတွက် ပြဋ္ဌာန်းသော စာအုပ်စာရင်းကို ကြည့်လိုက်လျှင် အလွန်နည်းသော စကားပြေစာအုပ်စာရင်းကို တွေ့ရ၏။ ၎င်းစကားပြေ စာအုပ်များကိုလည်း ဆရာများက ထိထိရောက်ရောက် သင်ခဲ၏။ ဝေါဟာရ အသုံးအနှုန်းကမည်သို့၊ ဝါကျအစီအစဉ်ကမည်သို့ စသည်ဖြင့် ထိထိရောက်ရောက် သင်ပြခဲ၏။ အချို့သင်ပြ ချင်သော်လည်း ကျောင်းသားများက ပျင်းကြလေသည်။ စိတ်မစွဲလိုကြ။ အကျိုးကား မည်သို့နည်း။ မြန်မာကျောင်းသားတို့သည် မြန်မာစာကို မရေးတတ်ခြင်းသည် အကျိုးဖြစ်လေသည်။ မြန်မာဖြစ်ပါလျက် မြန်မာစာစီစာကုံးတစ်ခုကို စကားလှလှ ဝါကျစုံစုံနှင့် ဖတ်ချင်ဖွယ် နာပျော်ဖွယ်ရှိအောင် ရေးတတ်သော ကျောင်းသားသည် အလွန်ရှားလေသည်။ ဤသို့ဖြစ်ပါက မြန်မာပြည်သည် မည်သို့ ကြီးပွားနိုင်ပါအံ့နည်း။
ဤသို့ သုံးသပ်ပြီးနောက် ဆရာက ဆရာများ ကျောင်းသားများ စကားပြေကို အထူးလေ့လာရန် တိုက်တွန်းသည်။ အထူး ဂရုစိုက်သင်ကြားပေးရန် တိုက်တွန်းသည်။ ပြဋ္ဌာန်းရာတွင် စကားပြေစာအုပ်များကို ကဗျာစာအုပ်များထက် အရေအတွက်ရော အမျိုးအစားပါ သာစေရန် တိုက်တွန်းသည်။ နိဂုံးတွင်
" ကဗျာလင်္ကာသာလျှင် ကြီးပွား၍ စကားပြေ နိမ့်ပါးနေမည် ဖြစ်ပါလျှင် မြန်မာပြည်သည် တစ်ဘီးလိမ့်လှည်းကဲ့သို့ ခရီး မတွင် ပင်ပန်းဆင်းရဲမည်သာတည်း " ဟူ၍ အလေးအနက် သတိပေးထားပုံမှာ မှတ်သားဖွယ် ကောင်းလှပါသည်။
ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာမင်းသုဝဏ်တို့၏ အဆိုအမိန့်များကို ကြည့်လျှင် ' စကားပြေသည် အရေးကြီးပါလျက် ကျောင်းပြင်ပတွင်လည်းကောင်း၊ ကျောင်းတွင်းတွင် လည်းကောင်း စကားပြေကို အလေးထားသလောက် မထားကြ ' ဟူသော အချက်သည် အထင်းသား ပေါ်လွင်နေပါသည်။ ဆရာကြီးနှစ်ဦးကား လက်မလျှော့ကြပါ။ အခွင့်အခါသင့်သည့်အခါတိုင်း စကားပြေ နေရာမှန်ရောက်ရေးကို အလေးထား မိန့်ဆိုကြသည်ပင် ဖြစ်ပါသည်။
ဆရာမင်းသုဝဏ်သည် ဒုတိယကမ္ဘာစစ်ကာလတွင် စကားပြေစာပေ အသက်ဟူသော ဆောင်းပါးဖြင့် စကားပြေ၏ အရေးပါမှုကို ဖော်ထုတ်ပြပါသည်။ ဆရာက
လောကတွင် လူတစ်လုံး သူတစ်လုံး လုပ်လိုသော လူမျိုး၏ စာပေတွင် စကားပြေမကြွယ်ဝသမျှ ကိစ္စမပြီးနိုင်ပါ။ သက္ကတ၊ ပါဠိ၊ တရုတ် စသော စာပေကြီးများတွင် စကားပြေဖြင့် ရေးထားသော ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်ကို များစွာတွေ့ရသည်။ နက္ခတ်ကျမ်း၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ ဗိသုကာကျမ်း စသော ပညာရှင်အသီးသီးဆိုင်ရာ ကျမ်းများကို စကားပြေနှင့် ရေးထားသည်က များပါသည်။ သာသနာတော်ဆိုင်ရာ ပိဋကတ်များတွင်လည်း စကားပြေကသာ အဓိကမင်းမူနေသည်ကို တွေ့ရပါသည်။ ယခုအခါ ကြီးပွားနေသော လူမျိုးများ၏ စာပေကို ကြည့်ပြန်လျှင်လည်း စကားပြေက အထူးအရေးကြီးနေသည်ကို တွေ့ရပါသည်။ ဝိဇ္ဇာဆိုင်ရာ ပညာရပ်များနှင့် သိပ္ပံဆိုင်ရာ ပညာရပ်များကို စကားပြေနှင့် ရေးထားသည်မှာ စာအုပ်ပေါင်း သိန်းသန်းရှိပါသည်။ ထိုစကားပြေ ကျမ်း များကို အားကိုး၍ ထိုလူမျိုးတို့ ကြီးပွားထွန်းကားနေသည်မှာ အထင်အရှား ဖြစ်ပါသည်။
ဟူ၍ အခိုင်အမာ သက်သေထူပြီးနောက်
စကားပြေသည် လူမျိုး၏ အသက်၊ လူမျိုး၏ အားထားရာ၊ လူမျိုး။ တန်ဆောင်ဆီမီး ဖြစ်သည်ကို မပြတ်သတိရ သင့်ပေသည်ဟူ၍ အလေးအနက် လမ်းညွှန်ဆွေးနွေးထားပါသည်။ သို့သော် ဤဆောင်းပါးမှာပင် ' စာသင်ကျောင်းများအတွက် လည်းကောင်း၊ တက္ကသိုလ်များအတွက် လည်းကောင်း စာအုပ်များကို ပြဋ္ဌာန်းကြည့်သောအခါ စကားပြေကို အရေးပေးသင့် သလောက် မပေးကြချေ ' ဟူ၍ ဆရာမိန့်ဆိုနေရဆဲပင် ဖြစ်သည်ကိုကြည့်လျှင် ဆရာတို့ရင်ဆိုင်ရသည့် အခြေအနေကို မှန်းဆနိုင် လောက်ပါသည်။
လွတ်လပ်ရေးရပြီးသည့် နောက်တွင်လည်း ဆရာကြီး ဦးဖေမောင်တင်သည် စကားပြေအရေးပါမှုကို ဆက်လက်ဖော်ညွှန်း မိန့်ဆိုကြောင်း တွေ့ရပါသည်။ စာပေဗိမာန် ဟောပြောပွဲတစ်ခုတွင် ဆရာကြီးက
လောကမှာ တိုင်းပြည်နဲ့လူထုကို ကြီးပွားစေချင်ရင်ဖြင့် စကားပြေကို ရေးကြဖို့ပဲ။ ဥပမာ အင်္ဂလိပ်တွေကို ကြည့်ပါ။ အင်္ဂလိပ်တွေဟာ အခုဆိုရင် သူ့တို့ပညာ အရပ်ရပ်တွေကို စကားပြေနဲ့ ရေးထားခဲ့လို့ လူတိုင်းသိနားလည် နေကြတဲ့ ကျေးဇူးကို ခံစားရတယ်ဆိုတာ ထင်ရှားပါတယ်
ဟူ၍ လမ်းညွှန်ထားပါသည်။
ဆောင်းပါးအစပိုင်းတွင် တင်ပြခဲ့သည့်အတိုင်း ဆရာမင်းသုဝဏ်သည် ရန်ကုန်တက္ကသိုလ် မြန်မာစာပါမောက္ခအဖြစ် အမှု ထမ်းစဉ် တက္ကသိုလ်ဝင်တန်းအတွက် ' သိပ္ပံမောင်ဝ၏ ဝတ္ထု၊ ဆောင်းပါးများ ' အပါအဝင် စာအုပ်များ ပြဋ္ဌာန်းခြင်းနှင့် စပ်လျဉ်း၍ အသံလွှင့် ဟောပြောဖူးပါသည်။
ဟောပြောချက်တွင် ဆရာက ဦးပုည၏ ဝတ္ထုလေးပုဒ်၊ သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများ၊ အလယ်တန်း၊ မြန်မာသဒ္ဒါနှင့် ဝဏ္ဏဗောဓနသတ်အင်း တို့ကို ပြဋ္ဌာန်းကြောင်း ဖော်ပြပြီးနောက်
မြန်မာစကားနဲ့ ရှင်းရှင်းတွေးပြီး မြန်မာစာနဲ့ ရှင်းရှင်းရေးတတ်ဖို့အတွက် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ သဒ္ဒါ လည်း တတ်ရမယ်၊ ဝါကျဖွဲ့ထုံးလည်း ကျွမ်းကျင်ရမယ်။ ပင့်ရစ်သတ်ပုံလည်း နိုင်ရမယ်။ စကားဝေါဟာရလည်း ကြွယ်ရမယ်။ ပတ်ဝန်းကျင် လောကကိုလည်း မြင်တတ်ကြားတတ် လေ့လာတတ်ရမယ်။ အဲ့ဒီတော့မှ ရှင်းရှင်းတွေးပြိး ရှင်းရှင်းရေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်
ဟူ၍ မိန့်ဆိုထားပါသည်။ ထိုအရည်အသွေးများနှင့် ပြည့်စုံစေလိုသော ရည်ရွယ်ချက်ဖြင့် ထိုစာအုပ်များကို ပြဋ္ဌာန်းရခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ စကားပြေလေ့လာရန် အတွက်သာမက စကားပြေကို လက်တွေ့အသုံးပြုပြီး ရှင်းရှင်းရေးတတ်ရန် အတွက်ပါ ရှေးရှုသော ပြဋ္ဌာန်းချက်များဖြစ်ကြောင်း တွေ့နိုင်ပါသည်။
ကျွန်တော်သည် ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာမင်းသုဝဏ်တို့က စကားပြေကိစ္စ ကြိုးပမ်းပုံများကို လေ့လာစူးစမ်း ကြည့်ပြီးနောက် ဆရာကြီးနှစ်ဦး၏စေတနာကို ကောင်းစွာသဘောပေါက် လာသည်နှင့်အမျှ အလွန်လည်း လေးစားကြည်ညိုမိပါသည်။ အထူးသဖြင့် လွန်ခဲ့သော အနှစ်ငါးဆယ်ကျော်ကစ၍ လွတ်လပ်ရေးရပြီးသည်အထိ အခါအခွင့်သင့်တိုင်း စကားပြေ၏ အရေးပါမှုကို အလေးအနက် တစ်သမတ်တည်း ဖော်ထုတ်လမ်းညွှန်ပေးခဲ့သော ဆရာကြီးနှစ်ဦး၏ ကြိုးပမ်းမှုကို မအံ့ဩမလေးစားဘဲ မနေနိုင်ပါ။
ထိုကာလအတွင်း စကားပြေ ရေးသားနေကြသော အခြားဆရာကြီးများ အမြောက်အမြားရှိသည် မှန်ပါ၏။ သို့သော် ဤဆရာကြီးနှစ်ဦးကဲ့သို့ စကားပြေအရေးပါမှုကို ကာလတစ်လျှောက်လုံး စူးစူးစိုက်စိုက် ဖော်ထုတ်ပြမှုမျိုးကိုကား အခြားဆရာကြီး များ၏ စာများတာင် ထင်ထင်ရှားရှား မတွေ့ရပါ။
ထို့ကြောင့် ဆရာကြီးနှစ်ဦး၏ စေတနာနှင့် ဇွဲလုံ့လကို အံ့ဩလေးစားမိခြင်း ဖြစ်ပါသည်။
ယနေ့ဆိုလျှင်ကား ဆရာကြီးနှစ်ဦး မျှော်လင့်သည့်အတိုင်း စကားပြေကို ကျောင်းတွင်းကျောင်းပြင် နှစ်ဌာနစလုံးတွင် အလေးထားကြပါပြီ။ စကားပြေသည် သူရောက်သင့်သည့် နေရာမှန်သို့ ရောက်ပြီဟုဆိုနိုင်မည် ထင်ပါသည်။ ဤအခြေအနေသို့ ရောက်အောင်ပို့ပေးသည့် အကြောင်းများကို လေ့လာကြည့်မည်ဆိုပါက ဆရာကြီးနှစ်ဦး၏ ကြိုးပမ်းချက်သည် အလွန်အရေးပါသော နေရာကပါဝင်နေကြောင်း တွေ့ရမည်ဖြစ်ပါသည်။
စာကိုး
၁။ ဂန္တလောက မဂ္ဂဇင်း၊ ၁၉၃၆ ဖေဖော်ဝါရီ။
၂။ တိုက်စိုးနှင့် မင်းယုဝေ၊ စာဆိုနှင့်သုတေသီ။
၃။ ဦးဖေမောင်တင် (ရွေးချယ်)၊ အထက်တန်းစကားပြေ ကောက်နှုတ်ချက်များ၊ ပထမတွဲ။
၄။ မင်းသုဝဏ်၊ ' စကားပြေစာပေအသက် ' ၊ နဝရတ်ကိုးသွယ်။
၅။ မင်းသုဝဏ်၊ ' တက္ကသိုလ်ဝင် မြန်မာစာ ' မြန်မာစာ၊ မြန်မာမှု။
စာပေဂျာနယ်
0
responses to “
စကားပြေနေရာမှန် ရောက်ရေးအတွက်
”