ဇာတ်ကြီးဆယ်ဘွဲ့
ဇာတ်ကြီးဆယ်ဘွဲ့
ဇာတ်ကြီးဆယ်ဘွဲ့သည် ဂေါတမဘုရားရှင်၏ အတိတ်ဘဝ ဖြစ်တော်စဉ် ၅၄၇ ဇာတ် (ငါးရာ့ငါးဆယ်)မှ နောက်ဆုံး ဆယ်ဇာတ်ဖြစ်သည်။ ဇာတ်တော်များကို ပါဝင်သော ဂါထာအရေအတွက်အရ ဧကနိပါတ်၊ ဒုကနိပါတ် စသည်ဖြင့် နိပါတ်ခေါ် အစုများ ခွဲခြားရာ၌ နောက်ဆုံးဆယ်ဇာတ်ကို ' မဟာနိပါတ် ' ဟု သတ်မှတ်စုစည်းထားသည်။ ထိုဇာတ်တော်ကြီး ဆယ်ဇာတ်သည် ကျန်ဇာတ်များထက် ရှည်လျားပြီး ဂါထာအရေအတွက်လည်း များပြားသည်။ ဇာတ်လမ်းဇာတ်ကွက်လည်း ကျယ်ဝန်းသည်။
ပုဂံသို့ ထေရဝါဒ ဗုဒ္ဓသာသနာ ရောက်ပြီးနောက် ဇာတ်တော်များကို ပုဂံဘုရားများ၏ အတွင်းနံရံများတွင် ပန်းချီဖြင့် သရုပ်ဖော်ရာ၌လည်းကောင်း၊ အပြင်နံရံများတွင် စဉ့်ရည်သုတ်သော စဉ့်ကွင်းများ၊ စဉ့်ရည်မသုတ်သော အုပ်ချပ်များ၌ သရုပ်ဖော်ရာ၌ လည်းကောင်း ဇာတ်ကြီးဆယ်ဘွဲ့ကို ကျယ်ကျယ်ပြန့်ပြန့် နေရာပေးလေ့ရှိကြသည်။ အာနန္ဒာဘုရားတွင် ဇာတ်တော်များကို စဉ့်ကွင်းများဖြင့် သရုပ်ဖော်ရာ၌ ရှေ့ပိုင်း ၅၃၇ ဇာတ်ကို ဇာတ်တစ်ဇာတ်လျှင် စဉ့်ကွင်းတစ်ခုစီဖြင့် သရုပ်ဖော်သော်လည်း ဇာတ်ကြီး ဆယ်ဘွဲ့ဟူသော နောက်ဆုံးဇာတ် ၁၀ ဇာတ်ကိုမူ စဉ့်ကွင်းပေါင်း ၃၇၅ ခုဖြင့် ကျယ်ကျယ်ပြန့်ပြန့် သရုပ်ဖော်ထားသည်ကို တွေ့ရသည်။ စဉ့်ကွင်းတိုင်းတွင် အညွှန်းစာများကို ရှေးမွန်ဘာသာဖြင့် ရေးထိုးထားသည်။
ဇာတ်တော်ကြီးဆယ်ဘွဲ့ သရုပ်ဖော်ပန်းချီပုံများကို မြန်မာစာ အရေးအသားဖြင့် ရေးသားညွှန်းဆိုသော ပုံအညွှန်း စာများတွင် ပုဂံလောကထိပ်ပန်ဂူ ဘုရားအတွင်းနံရံရှိ ပန်းချီပုံများကို ညွှန်းဆိုသော မင်စာများမျာ အထူးထင်ရှားသည်။ ဂန္ဓကုဋီ နံရံ များတွင် ဗုဒ္ဓဝင်၊ ငါးရာ့ငါးဆယ် စသည့် ဇာတ်ကွက်များကို ပန်းချီရေးဆွဲပြီး ရှေးမွန်ဘာသာ၊ ရှေးမြန်မာဘာသာ တို့ဖြင့် မင်စာများ ရေးသားညွှန်းဆိုထားရာ ဂန္ဓကုဋီ အနောက်နံရံတာင် ငါးရာ့ငါးဆယ် ဇာတ်တော်များကို ရှေးမွန်ဘာသာဖြင့် ရေးသားရာမှ မဟာသုတသောမ ဇာတ်ကို ရှေးမြန်မာသာသာဖြင့် စတင်ရေးသားပြီးနောက် မဟာနိပါတ်တေမိယဇာတ်မှ ဝေဿန္တရာ ဇာတ်အထိ ဇာတ်တော်ကြီးဆယ်ဇာတ်ကို ပန်းချီပုံများဖြင့် သရုပ်ဖော်ပြီး ရှေးမြန်မာဘာသာဖြင့် စတင်ရေးသားပြီးနောက် မဟာနိပါတ်တေမိယ ဇာတ်မှ ဝေဿန္တာရာဇာတ်အထိ ဇာတ်တော်ကြီး ဆယ်ဇာတ်ကို ပန်းချီပုံများဖြင့် သရုပ်ဖော်ပြီး ရှေးမြန်မာဘာသာစကားဖြင့် မင်စာများ ရေးသားညွှန်းဆိုထားသည်။ အခြားဂူဘုရားများတွင် လောကထိပ်ပန်ဂူဘုရားမှာလောက် ရှေးမြန်မာစာအရေးအသားကို ကြွယ်ကြွယ်ဝဝ မတွေ့ရကြောင်း၊ ယင်းမင်စာများသည် မြန်မာစာပေ ပေါ်ထွန်းလာမှုကို သက်သေပြနေသော တန်ဖိုးမဖြတ်နိုင်သည့် အထောက်အထားများဖြစ်ကြောင်း သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်က မိန့်ဆိုထားသည်။ လောကထိပ်ပန်မင်စာကို မြန်မာစာဖြင့် ရေးသားသော အစာဆုံး ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေဟူ၍ မှတ်ယူနိုင်သည်။
မြန်မာစာဆိုတို့သည် ငါးရာ့ငါးဆယ်ဇာတ်တော်များကို စာပေပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ခေတ်အဆက်ဆက်ရေးဖွဲ့ရာတွင် ဇာတ်ကြီးဆယ်ဘွဲ့ကို အထူးအလေးထား၍ ရေးဖွဲ့ခဲ့ကြသည်ကို တွေ့ရသည်။ သာဓကဆောင်ရလျှင် အင်းဝခေတ်တွင် ရှင်မဟာရဋ္ဌသာရ သည် ဘူရိဒတ်ဇာတ်ကို ဘူရိဒတ်လင်္ကာကြီးနှင့် ဘူရိဒတ်ဇာတ်ပေါင်း ပျို့အဖြစ်လည်းကောင်း၊ ရှင်အဂ္ဂသမာဓိ သည် နေမိဇာတ်ကို နေမိမဂ္ဃဇိုဝ်းခန်းပျို့၊ နေမိငရဲခန်းပျို့၊ နေမိဘုံခန်းပျို့များအဖြစ် လည်းကောင်း၊ သုဝဏ္ဏသျှံ (သုဝဏ္ဏသာမ) ဇာတ်ကို သုဝဏ္ဏသျှံ သစ္စာခန်းပျို့၊ မြားပစ်ခန်းပျို့၊ သူဌေးခန်းပျို့ များအဖြစ်လည်းကောင်း ရေးဖွဲ့ခဲ့ကြသည်။ ညောင်ရမ်းခေတ်တွင် တောင်ဖီလာဆရာတော်က ဝေဿန္တရာဇာတ်ကို ဝေဿန္တရာပျို့အဖြစ် ရေးဖွဲ့ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် တွင်းသင်းမင်းကြီးက မဟာဇနကဇာတ်ကို မဟာဇနကပျို့အဖြစ်၊ မဟောပြဿနာခန်းပျို့နှင့် ဥမင်ခန်းပျိုးများအဖြစ် လည်းကောင်း ရေးဖွဲ့ခဲ့သည်။ ပါဠိ ဘာသာဖြင့် ရေးသားထားသော ဇာတ်အဋ္ဌကထာများကို ပါဠိတစ်ချက် မြန်မာတစ်ချက် နိဿယ ပြန်ဆိုမှုများလည်းရှိသည်။ ကုန်းဘောင်ခေတ်တွင် ဒန့်တိုင်ဆရာတော် ရှင်ဂုဏလင်္ကာရနိဿယ ပြန်ဆိုသော ဇာတ်ကြီးဆယ်ဘွဲ့ အဋ္ဌကထာများမှာ ထင်ရှားသည်။
ဦးကြင်ဥ ၏ မဟော်ပြဇာတ်၊ ဦးပုည၏ ဝေဿန္တရာပြဇာတ်၊ ကိုလိုနီခေတ်ဦးပိုင်းတွင် ပေါ်ပေါက်သော ဦးခို၏ မဟာဇနက ပြဇာတ်တို့သည် ဇာတ်ကြီးဆယ်ဘွဲ့ ပြဇာတ်သာဓကများဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် ကင်းဝန်မင်းကြီးက နေမိဇတ်ကို နေမိ ရကန်အဖြစ် ရေးဖွဲ့သည်။
ဇာတ်တော်ကြီးဆယ်ဘွဲ့ကို မြန်မာစကားပြေသက်သက်ဖြင့်လည်း ဘာသာပြန်ဆို ရေးဖွဲ့ခဲ့ရာ ကုန်းဘောင်ခေတ်တွင် မင်းဘူးဆရာတော် ဦးဩဘာသ ရေးဖွဲ့ခဲ့သော ဇာတ်တော်ကြီး ရှစ်စောင်သည် အထူးထင်ရှားသည်။ ဦးဩဘာသ မရေးဖွဲ့ဘဲ ကြွင်းကျန်နေသော ဘူရိဒတ်ဇာတ်ကို ရှင်နန္ဒမေဓာ ကလည်းကောင်း၊ သုဝဏ္ဏသာမဇာတ်ကို ရှင်ပညာတိက္ခ ကလည်းကောင်း ရေးဖွဲ့ခဲ့သည့်အတွက် မြန်မာစကားပြေဖြင့် ရေးဖွဲ့သော ဇာတ်ကြီးဆယ်ဘွဲ့ကို ပြည့်ပြည့်စုံစုံ ဖတ်ရှုလေ့လာနိုင်ပြီဖြစ်သည်။ ယခု ခေတ်တွင် ခေတ်နှင့်အညီ တိုတိုရှင်းရှင်း လေ့လာနိုင်ရန် ပြုစုထားသော ဆရာလှသမိန်၏ ဇာတ်တော်ကြီးဆယ်ဘွဲ့ အကျဉ်း၊ ဒဂုန် ဦးထွန်းမြင့်၏ ဇာတ်ကြီးဆယ်ဘွဲ့ စသည့်စာအုပ်များလည်း ပေါ်ထွက်ပြီးဖြစ်သည်။ ထိုမျှမက လူငယ်များ စိတ်ဝင်စားဖွယ် ပြုစုထားသော ပန်းချီဆရာကြီး ဦးဘကြည်၏ ဇာတ်ကြီးဆယ်ဘွဲ့ ရုပ်ပြမျိုး၊ ဇာတ်ကြီးဆယ်ဘွဲ့ကို အခြေပြု၍ ခေတ်ပုံသဏ္ဌာန်ဖြင့် ရေးဖွဲ့သော ချစ်ဦးညို၏ ဝတ္ထုများကဲ့သို့ စာပေမျိုးတို့ကိုလည်း လေ့လာနိုင်ကြပြီဖြစ်သည်။
ဇာတ်ကြီးဆယ်ဘွဲ့ဝတ္ထုများသည် ဇာတ်လမ်းဇာတ်ကွက် ကောင်းမွန်ပြီး ဇာတ်ဆောင်တို့၏ စရိုက်သဘာဝ ပေါ်လွင်သည့်အပြင် မှတ်သားလိုက်နာဖွယ် အသိအမြင်များ၊ သင်ခန်းစာများကို ရသနှင့်ယှဉ်၍ နှစ်သက်ဖွယ်ပေးစွမ်းနိုင်သည့်အတွက် မြန်မာတို့ ခေတ်အဆက်ဆက် လေးစားမြတ်နိုးကြရသည်။ စာဆိုတို့ကလည်း စာပေပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ရေးဖွဲ့ခဲ့ကြသည့် အတွက် ဇာတ်ကြီးဆယ်ဘွဲ့ စာပေများသည် မြန်မာတို့၏ ရင်ထဲ နှလုံးထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေရာယူကာ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် တစ်သားတည်း ဖြစ်သွားသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ စာပေဖြင့်သာမက တေးဂီတ၊ ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းတမော့၊ ပန်းယွန်း စသည့် အနုပညာ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် နှစ်သက်စွာ သရုပ်ဖော်ကြသည်။
ဇာတ်ကြီးဆယ်ဘွဲ့ ဝတ္ထုများကို နှစ်သက်ခံစားရင်း ဘုရားအလောင်းတော်၏ ပါရမီတည်းဟူသော ဂုဏ်ရည်အမျိုးမျိုးကို အလေးအမြတ် အာရုံပြုမိကြမြဲဖြစ်သည်။ ဝီရိယအကြောင်းပြောလျှင် မဟာဇနကကို သတိရမြဲဖြစ်သည်။ ပညာကိုအထူးပြုသည့်အခါ မဟောသဓနှင့် ဝိဓူရတို့ကို ဖော်ညွှန်းမိတတ်မြဲဖြစ်သည်။ ဒါနအကြောင်းပြောလျှင် ဝေဿန္တာရာကို ထိပ်ဆုံးက ထားကြရသည်။ အဓိဋ္ဌာန်ဆိုလျှင် တေမိမင်းသား၏ အဓိဋ္ဌာန်ကို ချန်ထား၍မရ။ သီလဆောက်တည်မှု၌ ဘူရိဒတ်နဂါးမင်း၏ သီလကို စံပြုရသည်။ မိဘကို လုပ်ကျွေးမှုနှင့် မေတ္တာတရားကို ဖော်ညွှန်းလိုလျှင် သုဝဏ္ဏသာမကို ဖော်ညွှန်းရသည်။ ဤသို့ဖြင့် ဇာတ်ကြီးဆယ်ဘွဲ့ ဝတ္ထုများမှ ဇာတ်ဆောင်များသည် မြန်မာတို့အတွက် စံပြုဖွယ် ပုဂ္ဂိုလ်များ ဖြစ်လာရသည်။
ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် ဝေဿန္တရာ၊ သုဝဏ္ဏသာမ၊ မဟော်သဓာနှင့် ဇနကဝတ္ထုများသည် လူကြိုက်အများဆုံး ဝတ္ထုဖြစ်သည်ဟု ယူဆရသည်။ ဇာတ်လမ်း၊ ဇာတ်ဆောင်နှင့် အရေးအဖွဲ့ ကောင်းမွန်မှုတို့ကြောင့် ထိုဝတ္ထုများကို ပရိတ်သတ်ပို၍ စိတ်ဝင်စားရခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ဦးဩဘာသ၏ အရေးအဖွဲ့ အစွမ်းကြောင့် ဝေဿန္တရာဇာတ်ကို ဦးဩဘာသ၏ အကောင်းဆုံးလက်ရာအဖြစ် အစဉ်အဆက် သတ်မှတ်ကြသည်။ မြန်မာစကားပုံများ၊ နေ့စဉ်သုံးစကားများတွင် ဇာတ်ကြီးဆယ်ဘွဲ့လာ အကြောင်းအရာများ ပါဝင်နေခြင်းက မြန်မာနှင့်ဇာတ်ကြီးဆယ်ဘွဲ့တို့၏ ရင်းနှီးကျွမ်းဝင်မှု အတိုင်းအတာကို သက်သေပြလျက်ရှိသည်။ သာဓကအားဖြင့် မဟော်သဓာဇာတ်မှ မဟော်သဓာနှင့် ကေဝဋ်ပုဏ္ဏားတို့ ပညာပြိုင်ခန်းကို အကြောင်းပြု၍ ' နဖူးက အမာရွတ်ကိုမြင်လေ မဟော်ကို သတိရလေ' ဟူသော စကားပုံ ပေါ်ပေါက်လာရသည်။ ဘူရိဒတ်ဇာတ်မှ နေသာဒပုဏ္ဏားနှင့် အလမ္ပါယ်တို့ အပေးအယူပြုကြပုံကို အကြောင်းပြု၍ ' ရော့ပတ္တမြား၊ ရော့နဂါး ' ဟူသော စကားပုံ ပေါ်လာရသည်။ နေ့စဉ်သုံးစကားများတွင် ' ဝေဿန္တရာ ' ကို ' အလှူရက်ရောသူ ' ဟူသော အဓိပ္ပါယ်ဖြင့် လည်းကောင်း၊ ' တေမိ ' ကို ' စကားနည်းသူ ' ဟူသော အဓိပ္ပါယ်ဖြင့် လည်းကောင်း၊ ' ဇူဇကာ ' ကို ' အလွန်လောဘကြီးသူ ' ဟူသော အဓိပ္ပါယ်ဖြင့် လည်းကောင်း၊ ' မဟော်သဓာ ' ကို ' ပညာရှိ ' ဟူသော အဓိပ္ပါယ်ဖြင့်လည်းကောင်း တွင်တွင်ကျယ်ကျယ် တင်စားသုံးလျက် ရှိကြသည်။ " မင်းမဟော်၊ မင်းဝေသန်၊ မယ်မဒ္ဒီ " စသောအသုံးမျာကို ကြည့်လျှင် ဇာတ်ကြီးဆယ်ဘွဲ့လာ ဇာတ်ဆောင်များကို မြန်မာလူမျိုးများအဖြစ် မှတ်ယူကြသည်အထိ မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေကြောင်း တွေ့နိုင်သည်။ ' တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ ' ဟူသော အတိုကောက် အသုံးအနှုန်းကို မြန်မာတိုင်းလိုလို သိနေခြင်းကလည်း ဇာတ်ကြီးဆယ်ဘွဲ့သည် မြန်မာတို့ အသွေးအသား ထဲသို့ စိမ့်ဝင်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။
ဇာတ်ကြီးဆယ်ဘွဲ့မှ ဇာတ်အချို့တွင် အမည်ကွဲများရှိကြောင်း နိဂုံးအဖြစ် ဖော်ပြလိုပါသည်။ ပုဂံခေတ် မင်စာများတွင် အဆိုပါ အမည်ကွဲများကို တွေ့နိုင်သည်။ တေမိယဇာတ်ကို မူဂပက္ခဇာတ် (မူဂ=အ သောသူ၊ ပက္ခ=ဆွံ့ သောသူ)၊ သုဝဏ္ဏသာမ ဇာတ်ကို သာမဇာတ် (သုဝဏ္ဏလျှံ ဟု ခေါ်ခြင်းမှာ ' သာမ ' နှင့် အဓိပ္ပါယ်တူ သက္ကတစကား ' သျှာမ ' မှ ဆင်းသက်၍ဖြစ်သည်)၊ နေမိ ဇာတ်ကို နိမိဇာတ် (မူရင်းပါဠိမှာ ' နိမိ ' ဖြစ်သည်)၊ မဟော်သဓာ ဇာတ်ကို မဟာဥမင်္ဂဇာတ်၊ မဟာဥမဂ္ဂဇာတ် (မဟောသဓာ တည်ဆောက်သော ဥမင်ကို အစွဲပြုသည်)၊ နာရဒဇာတ်ကို မဟာနရဒကဿပဇာတ်၊ ဝေဿန္တရာဇာတ်ကို ဝေဿန္တရဇာတ် (မူရင်း အတိုင်း) ဟူ၍ တွေ့ရသည်။ ဤသို့ဖြင့် ဇာတ်ကြီးဆယ်ဘွဲ့သည် ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့သော မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များအဖြစ် အခိုင်အမာ ရပ်တည်လျက်ရှိပေသည်။
(စာကိုး။ ဦးဖေမောင်တင် - မြန်မာစာပေသမိုင်း၊ လှသမိန် - ဇာတ်တော်ကြီး ဆယ်ဘွဲ့အကျဉ်း၊ မောင်သုတ - စာဆိုတော်များ အတ္တုပ္ပတ္တိ၊ Ba Shin: Lokahteikpan.)
ကလျာမဂ္ဂဇင်း
အမှတ် ၂၁၂ ၊ ၂၀၀၂ ၊