ပါ​တော်မူ ရုပ်ပုံလွှာ

ပါ​တော်မူ ရုပ်ပုံလွှာ
" ကဒဏ်ထီး​ဖွင့်​၊​ ဆဲ့​တစ်ဆင့်​တွင်၊​ ရာမင်း​ဘုရင်၊​ သီ​ပေါရှင်လျှင်၊​ မြန်ခွင်စိုး​ခဲ့​၊​ တန်ခိုး​မဲ့​၍၊​ နှစ်ဆယ့်​ခုနစ်နှစ်၊​ နန်း​စံရှစ်တွင်၊​ စစ်ဗိုလ်​သေနင်၊​ စ​လေတင်လျှင်၊​ နန်း​ခွင်ဝင်​ရောက်၊​ မင်း​ရွှေ​မှောက်ကို၊​ သူ့​နောက်​ခေါ်ရာ၊​ ယာဉ်စကြာဖြင့်​၊​ ရတနာဂီရိ၊​ မျှို့​ထူး​ရှိသည့်​၊​ အိန္ဒိယသို့​၊​ ​ဆောင်ယူပို့​ရှင့်​ "
အမည်မသိ စာဆိုတစ်ဦး​က " ပွဲမှာ​အောင်​စေ " ချီဧကပိုဒ်ရတုတွင် ပါ​တော်မူအ​ကြောင်း​ကို ဤသို့​ဤပုံ ​ရေး​ဖွဲထား​ပါသည်။ စာဆို၏ အလိုအရ သီ​ပေါမင်း​ကို ' စ​လေတင် ' (ဆ​လေဒင်)က ဖမ်း​ဆီး​ခေါ်​ဆောင် သွား​သည်ဟု နား​လည်ရသည်။ ဟုတ်ပါသည်။ သီ​ပေါမင်း​ကို ဖမ်း​ဆီး​ခေါ်​ဆောင် သွား​သူများ​တွင် ဆ​လေဒင်လည်း​ တစ်ဦး​ပါဝင်သည် မှန်ပါ၏။ သို့​သော် တကယ်ဖမ်း​ဆီး​သူကား​ ဆ​လေဒင် မဟုတ်ပါ။ ဆ​လေဒင်က ကိုယ်စား​ပြုထား​သော ' ဗြိတိသျှနယ်ချဲ့​ ' သာဖြစ်ပါသည်။
​လောကကို အပိုင်ကြံ၍၊​ နိုင်ငံပါယူတဲ့​ ​ခေတ်တွင်မှ၊​
ရှစ်ခွင်ဗ​လောင်ဆူ၍၊​ မကြည်ဖြူ ပြည်သူတို့​ ညှိုး​ပြန်​တော့​ ...
နယ်ချဲ့​အရင်း​ရှင်စနစ် ထွန်း​ကား​သော​ခေတ်၏ သရုပ်ကို စာဆိုဦး​ကြော့​က ဤကဲ့​သို့​ တိုတိုနှင့်​ထိမ​အောင် စာဖွဲ့​ခဲ့​ဖူး​သည်။ " ​လောကကို အပိုင်ကြံ၍ နိုင်ငံပါယူသည့်​ " ထို​ခေတ်ကြီး​တွင် မြန်မာနိုင်ငံသည်လည်း​ အပိုင်ကြံသိမ်း​ယူခြင်း​ ခံလိုက်ရသည့်​အတွက် ပါ​တော်မူ အ​ရေး​အခင်း​ကြီး​ ​ပေါ်​ပေါက်ခဲ့​ရသည်မှာ အများ​အသိပင် ဖြစ်ပါသည်။
' ပါ​တော်မူ ' ဟူ​သော စကား​ကို မြန်မာတိုင်း​သိကြသည်။
သိရုံမျှမဟုတ် ထိုစကား​ကို ကြား​လိုက်သည်နှင့်​ ဝမ်း​နည်း​ကြေကွဲ​သော ခံစား​မှုအရှိန်အ​ငွေ့​က​လေး​များ​ ယှက်သန်း​လာမြဲ ပင်။ ထီး​ကျိုး​စည်​ပေါက် ဖြစ်ခဲ့​ရ​သော၊​ လွတ်လပ်​ရေး​ ဆုံး​ရှံုး​ခဲ့​ရ​သော ဖြစ်ရပ်ကို ပြန်သတိရပြီး​ စိတ်မ​ကောင်း​ ဖြစ်ရမြဲပင်။
ကျွန်​တော်သည်လည်း​ ပါ​တော်မူအ​ကြောင်း​ကို ငယ်ငယ်ကတည်း​ကပင် လူကြီး​သူမများ​ထံမှ ပုံပြင်သဖွယ် နား​ထောင်ခဲ့​ ရသည်။ နား​ထောင်ရင်း​ သီ​ပေါမင်း​ကို ဖမ်း​ဆီး​ခေါ်​ဆောင်သွား​သည့်​ မြင်ကွင်း​ကို တ​ရေး​ရေး​ မြင်​ယောင်ကာ စိတ်မ​ကောင်း​ ဖြစ်ခဲ့​ ရသည်။ ​ဒေါ်စိန်ပါတီ၏ ပါ​တော်မူ သီချင်း​ကို ကြား​ရပြန်​သောအခါ ပို၍ပါင် ခံစား​မှုအရှိန် တက်ခဲ့​ရပြန်သည်။
" ​ရေ​မြေ့​ရှင်ကို ယူငင်သွား​တော့​၊​ လူရှင်အများ​က ​ကြေကွဲကြရှာ ​ရေနည်း​ငါး​ပုံညီ၊​ ​ေဩာ် ... သီ​ပေါရာဇာ ပါ​တော်မူ​လေပြီ "
ဟူ​သော သီချင်း​သံကို နား​ထောင်ရင်း​ သီ​ပေါမင်း​ကို သနား​မဆုံး​ ခံစား​ခဲ့​ရပါသည်။
စာက​လေး​ ​ပေက​လေး​ အတန်အသင့်​ ဖတ်လာ​သောအခါ ' ပါ​တော်မူ ' သည် သီ​ပေါမင်း​၏ သနား​ဖွယ် ဖြစ်ရပ်မျှသာမကဘဲ အမျိုး​သား​ရေး​ ဆုံး​ရှံုး​မှုကြီး​ တစ်ရပ်အဖြစ် ​လေး​နက်​သော အဓိပ္ပါယ်ကို ​ဆောင်​နေ​ကြောင်း​ သ​ဘော​ပေါက်လာရသည်။ သို့​သော် ငယ်ငယ်က စိတ်ထဲမှာစွဲခဲ့​သော ပါ​တော်မူမြင်ကွင်း​သည် ​ပျောက်၍မသွား​ဘဲ၊​ စိတ်ထဲမှာ စွဲထင်ကျန်​နေဆဲသာ ဖြစ်သည်။ ထို့​ကြောင့်​ " ပါ​တော်မူ ကာလတုန်း​က တကယ့်​မြင်ကွင်း​ဟာ ဘယ်လို​နေမှာပါလိမ့်​ " ဟူ​သောအ​တွေး​ဖြင့်​၊​ စာ​ပေအ​ထောက်အထား​များ​၏ အကူအညီ ယူပြီး​ " ပါ​တော်မူ ရုပ်ပုံလွှာ " ကို ပုံ​ဖော်ကြည့်​မိသည်။ ထိုအခါ ငယ်ငယ်က ကိုယ့်​စိတ်ကူး​နှင့်​ကိုယ် ပုံ​ဖော်ခဲ့​ဖူး​သော မပီမသ ရုပ်ပုံလွှာသည် ပို၍ပီပီသသ ဖြစ်လာပါသည်။
မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ်
ခရစ်နှစ် ၁၈၈၅ ခုနှစ်
အင်္ဂလိပ်မြန်မာ တတိယ စစ်ဖြစ်​ချေပြီ။
ရတနာပုံ ​နေပြည်​တော်တွင် အင်္ဂလိပ်တပ်များ​ ချီတက်လာ​တော့​မည် ဟူ၍ ​ကောလဟလများ​ ပျံ့​နှံ့​နေသည်။ လူအများ​ ရုတ်ရုတ်သဲသဲ ဖြစ်​နေသည်။
မင်း​ဌာနီ ပြည်ပါ​လျှောချင်​တော့​၊​ သီ​ပေါဘုရင်ရှိစဉ်က၊​ ​ဗောဓိပါ အမူယွင်း​ပါလို့​၊​ လူချင်း​ပင် လူကိုဖမ်း​သည်ဟု၊​ မချမ်း​မသာ ပရမ်း​ပတာ နှုတ်စကား​တွေနှင့်​၊​ လှုပ်ရှား​ကာ ​ကောလာဟလ၊​ ​ပြောရှာကြ၊​ ကိန်း​လန့်​ပုံ။
​မောင်း​ထောင် ဦး​ကျော်လှ၏ သံချိုတစ်ပုဒ်တွင် ​တွေ့​ရသည့်​အတိုင်း​ လူလူချင်း​ ဖမ်း​နေသည်ဟူ​သော ​ကောလာဟလမျိုး​ ​ပေါ်​ပေါက်ကာ အထိတ်တလန့်​ ဖြစ်​နေကြသည်။ မြန်မာတို့​ဘက်က အစစ အ​ရေး​နိမ့်​ခဲ့​ပြီး​။ အင်္ဂလိပ်တပ်များ​က ရတနာပုံ ​နေပြည်​တော်သို့​ ချီတက်သိမ်း​ပိုက်ရန် အသင့်​ဖြစ်​နေကြ​ချေပြီ။
တန်​ဆောင်မုန်း​ လပြည့်​ကျော် ခုနစ်ရက်
နိုဝင်ဘာလ နှစ်ဆယ့်​ရှစ်ရက်
အင်း​ဝတွင် အသင့်​ရှိ​နေ​သော အင်္ဂလိပ်တပ်များ​သည် စစ်ဗိုလ်ချုပ် ဂျင်နရယ် ပရင်ဒါဂတ်၏ အမိန့်​အရ ​နေပြည်​တော်သို့​ ​ရေ​ကြောင်း​ဖြင့်​ ချီတက်လာကြသည်။
နံနက် ၆ နာရီ မိနစ် ၃၀ တွင် သ​င်္ဘောများ​ အင်း​ဝမှ စတင်ထွက်ခွာသည်။ သ​င်္ဘော ၂၈ စင်း​နှင့်​ တွဲသမ္ဗာန်ကြီး​များ​လည်း​ ပါသည်ဟု ဆိုသည်။
နံနက် ၁၀ နာရီတွင် ​ရွှေမြို့​တော် အ​နောက်ပြင် ​ဂေါဝိန်ဆိပ်သို့​ ဆိုက်ကပ်သည်။ မြို့​သူမြို့​သား​များ​ ကမ်း​လုံး​ညွှတ်မျှ လာ​ရောက်ကြည့်​ရှုကြသည်။ တအံ့​တဩဖြစ်​နေကြသည်။
သို့​သော် နံနက် ၁၁ နာရီထိုး​သည်အထိ ​ရွှေနန်း​တော်မှ တစ်စုံတစ်ရာ အဆက်အသွယ် မပြုသည့်​အတွက် ကာနယ်ဆ​လေဒင်က ကင်း​ဝန်မင်း​ကြီး​ထံ စာတစ်​စောင် ပါး​လိုက်သည်။ မြို့​နှင့်​နန်း​ကို အပ်​ရေး​အတွက် ​ဆွေး​နွေး​စီစဉ်ရန် ကင်း​ဝန်မင်း​ကြီး​ ​ဂေါဝိန်ဆိပါသို့​ ဆင်း​ခဲ့​စေလို​ကြောင်း​၊​ မြန်မာဘုရင်မင်း​မြတ် ကိုယ်တိုင်လိုက်ပါလာလျှင် ပို​ကောင်း​မည်ဖြစ်​ကြောင်း​၊​ မွန်း​တည့်​ချိန်ထိ ​စောင့်​၍မှ အ​ကြောင်း​မပြန်ကြား​လျှင် မိမိတို့​ ​တောင်း​ဆိုချက်များ​ ရရှိ​ရေး​အတွက် အလိုရှိရာ ပြုလုပ်ရပါလိမ့်​မည် ဖြစ်​ကြောင်း​ စာထဲတွင် ​ဖော်ပြထား​သည်။
အ​ကြောင်း​ပြန်ကြား​ချက် မလာသဖြင့်​ ​နေ့​ ၁ နာရီ မိနစ် ၃၀ တွင် တပ်များ​ ကုန်း​ပေါ်တက်လာကြပြီး​ ၂ နာရီတွင် ​ရွှေနန်း​တော်သို့​ စတင်ချီတက်ကြသည်။ ကင်း​ဝန်မင်း​ကြီး​သည် ဆ​လေဒင်၏ စာကိုရသဖြင့်​ ဆင်စီး​ပြီး​ ​ဂေါဝိန်ဆိပ်သို့​လာရာ အင်္ဂလိပ်တပ်နှင့်​ လမ်း​မှာလွဲသွား​သည်။ အင်္ဂလိပ်တပ်များ​သည် မြို့​တော်တံခါး​ ငါး​ခုတွင် မြန်မာတပ်များ​ထံမှ လက်နက်များ​ကို သိမ်း​ယူပြီး​ ​နေ့​ ၃ နာရီ တွင် ​တောင်ဘက်တံခါး​သို့​ ​ရောက်လာကြသည်။ ထိုစဉ် ပြန်လိုက်လာ​သော ကင်း​ဝန်မင်း​ကြီး​နှင် ဆ​လေဒင်တို့​ ​တွေ့​ကြသည်။ ကင်း​ဝန်မင်း​ကြီး​က ဆ​လေဒင် တစ်ဦး​တည်း​ နန်း​တော်သို့​လိုက်ခဲ့​ရန် ​ပြောသည့်​အတွက် ဆ​လေဒင်က ပရင်ဒါဂတ်ကို အကျိုး​အ​ကြောင်း​ တင်ပြပြီး​ ကင်း​ဝန်မင်း​ကြီး​နှင့်​ လိုက်လာခဲ့​သည်။ ထိုအချိန်တွင် အင်္ဂလိပ်စစ်သည် တစ်​သောင်း​ကျော်တို့​သည် ​ရွှေနန်း​တော်၊​ သစ်တပ် ပတ်ပတ်လည်တွင် ဝိုင်း​ထား​ပြီး​ကြ​ချေပြီ။ မြို့​တံခါး​ ၁၂ ရပ်တွင်လည်း​ တပ်များ​ချထား​ပြီး​ချေပြီ။
ကင်း​ဝန်မင်း​ကြီး​နှင့်​ ဆ​လေဒင်တို့​ လွှတ်​တော်​တောင် အုတ်တိုက်သို့​ ​ရောက်ကြသည်။ ကင်း​ဝန်မင်း​ကြီး​၊​ ​တောင်ခွင်မင်း​ကြီး​၊​ ​ရွှေတိုက်အတွင်း​ဝန်၊​ ​ညောင်​ရွှေ​စော်ဘွား​ကြီး​ စ​သော မှူး​မတ်အစုံအညီနှင့်​ ​တွေ့​ကြသည်။ ထိုအခါ ဆ​လေဒင်က မြန်မာဘုရင်မင်း​မြတ် အထွက်အသွား​မရှိရ​အောင် တာဝန်ခံရန် ကင်း​ဝန်မင်း​ကြီး​ကို ​ပြောသည်။ ကင်း​ဝန်မင်း​ကြီး​ကလည်း​ အရှင်နှစ်ပါး​ကို အင်္ဂလိပ်နိုင်ငံသို့​ မယူပါနှင့်​ဟု ​ပြောသည်။
ဆ​လေဒင်က ​ရှေ့​တော်ဝင်လို​ကြောင်း​ ​ပြောသည့်​အတွက် ထိုမှူး​မတ်များ​နှင့်​အတူ သီ​ပေါမင်း​ရှေ့​တော်သို့​ ဝင်သည်။ သီ​ပေါမင်း​သည် (ယိမ်း​နွဲ့​ပါး​) နန်း​စဉ်လက်သုံး​တော်ဓား​ကို အအိမ်မှချွတ်ပြီး​ စွဲကိုင်ထား​သည်။ စုဖုရား​လတ်၊​ ဆင်ဖြူမရှင်၊​ သမီး​တော် နှစ်ပါး​နောက်လိုက် အထိန်း​တော် အပျို​တော် မြို့​စား​ရွာစား​များ​ နှင့်​အတူ ​တွေ့​ရသည်။ အတွင်း​ဝန် ​ရွှေတိုက်ဝန် ​ပေါက်မြိုင်မြို့​စား​နှင့်​ သံ​တော်ဆင့်​ လက်နက်တိုက်ဝန် မြဝန်း​လှေ​တော်အုပ်တို့​က အင်္ဂလိပ်တပ်များ​ နန်း​တွင်း​သို့​ ​ရောက်​ကြောင်း​ ​လျှောက်ထား​သည်။ ထိုအခါ ကင်း​ဝန်မင်း​ကြီး​က အရှင်နှစ်ပါး​ကို မယူဘဲ ချမ်း​သာရာရ​အောင် အင်္ဂလိပ်မင်း​ ​နောက်ဆုံး​တောင်း​ဆိုသည့်​အတိုင်း​ အခွင့်​ အ​ရေး​ပေး​ပြီး​ လက်နက်အပ်၍ စစ်ရုပ်သိမ်း​ပြီး​ဖြစ်​ကြောင်း​ ​ပြောသည်။ သီ​ပေါမင်း​ကလည်း​ ​ရွှေနန်း​တော်မှာ တစ်ရက်နှစ်ရက် စံလို​သေး​ကြောင်း​၊​ ​တောင်ဥယျာဉ်​တော် ​နွေရာသီစံနန်း​သို့​ ​ပြောင်း​ရွှေ့​စံရန် ဆန္ဒရှိ​ကြောင်း​ မိန့်​ကြား​သည်။ ဆ​လေဒင်က စစ်ဗိုလ်ချုပ်ကြီး​ ပရင်ဒါဂတ်ထံ တင်ပြ​ပေး​မည် ဖြစ်​ကြောင်း​၊​ မနက်ဖြန်တွင် မြန်မာမင်း​က မိမိကိုယ်ကို ​ပေး​အပ်ရန်လို​ကြောင်း​ ​ပြောသည်။ ည​နေ ၅ နာရီတွင် ဆ​လေဒင် နန်း​တော်မှ ပြန်ထွက်လာပြီး​ နန်း​မြို့​အ​ရှေ့​ဘက်တံခါး​မှာ ​စောင့်​နေ​သော ပရင်ဒါဂတ်နှင့်​ ​တွေ့​ဆုံ၍ သီ​ပေါမင်း​က မိမိကိုယ်နှင့်​ တိုင်း​ပြည်ကိုအပ်​ကြောင်း​ ခြွင်း​ချက်မရှိ လက်နက်ချ​ကြောင်း​ အစီရင်ခံသည်။ ပရင်ဒါဂတ်က ဗိုလ်မှူး​ချုပ် ဝှိုက်အား​ တပ်ဖြင့်​ နန်း​တော်ကို ​စောင့်​ရှောက်ရန် တာဝန်​ပေး​ခဲ့​ပြီး​၊​ ကျန်တပ်များ​ သ​င်္ဘောသို့​ ပြန်လည်ချီတက်သွား​ကြသည်။
တန်​ဆောင်မုန်း​လပြည့်​ကျော်ရှစ်ရက်
နိုဝင်ဘာလ ၂၉ ရက်
နံနက် ၆ နာရီကစ၍ တံခါး​နီ​တော် အတွင်း​တံခါး​ ​ရွှေနန်း​အ​ဆောင်​တော်များ​တွင် အင်္ဂလိပ်တပ်များ​ ဝင်ပြီး​စောင့်​နေ ကြ​လေပြီ။ နန်း​တော်တွင်း​ ဝင်ခွင့်​မရကြ၍ မင်း​မိဖုရား​တို့​အတွက် စိုး​ရိမ်ပြီး​ အမှုထမ်း​များ​ ငို​ကြွေး​ကြသည်။
​တောင်ဥယျာဉ်​တော်အတွင်း​ စံနန်း​တော်တွင် မင်း​မိဖုရား​ သား​တော်သမီး​တော်များ​ ထွက်စံ​နေကြသည်။ ထိုစဉ် ဆ​လေဒင် က ​ရှေ့​တော်ဝင်ပြီး​ နန်း​စဉ်ရတနာ ​ကျောက်​တော်များ​မှစ၍ မင်း​သုံး​ရတနာများ​ မ​ပျောက်မပျက်ရ​အောင် ထိန်း​သိမ်း​ထား​လို​ကြောင်း​ ​လျှောက်ထား​သည့်​အတွက် အတွင်း​ဝန် ​ရွှေတိုက်ဝန်​ပေါက်မြိုင် မြို့​စား​က ဆ​လေဒင်ကို စာရင်း​နှင့်​တကွ နန်း​စဉ်​ကျောက်များ​ ​ပေး​အပ် ရသည်။ င​မောက်၊​ ​လှော်ကား​တင်​လေး​၊​ ​လှော်ကား​တင်ကြီး​၊​ ဆင်မ​တော်၊​ စံ​ကျောက်​တော်၊​ နဂါး​ဗိုလ် စ​သော ​ကျောက်​တော်များ​ ပါဝင်သည်ဟုဆိုသည်။
ထို​နေ့​နံနက်မှာပင် ပရင်ဒါဂတ် အမိန့်​အရ အင်္ဂလိပ်တပ်များ​ သ​င်္ဘောမှ ချီတက်လာရာ ​နေ့​ ၁ နာရီတွင် နန်း​တော်သို့​ ​ရောက်သည်။ ​တောင်ဥယျာဉ်​တော်တွင် စံ​နေ​သော မင်း​မိဖုရား​ တို့​ကို ဟမ်ရှိုင်း​ယား​တပ်များ​က အထပ်ထပ် ​စောင့်​ကြပ်​နေကြ​လေပြီ။
နာရီပြန်နှစ်ချက်တွင် ပရင်ဒါဂတ်နှင့်​ ဆ​လေဒင်တို့​သည် ကင်း​ဝန်မင်း​ကြီး​၊​ ​တောင်ခွင်မင်း​ကြီး​၊​ တိုင်တား​မင်း​ကြီး​ စ​သော မှူး​မတ်ကြီး​များ​နှင့်​အတူ ​ရှေ့​တော်သို့​ ဝင်သည်။ တိုင်တား​မင်း​ကြီး​စ​သော မှူး​ကြီး​မတ်ကြီး​များ​နှင့်​အတူ ​ရှေ့​တော်သို့​ ဝင်သည်။ တိုင်တား​မင်း​ကြီး​က လမ်း​ပြ​ခေါ်​ဆောင်သွား​သည်။ ညီလာခံခန်း​မကို ဖြတ်ပြီး​ ​နွေရာသီ စံနန်း​တော်ရှိရာသို့​ ​ရောက်သည်။ ပရင်ဒါဂတ်နှင့်​ ဆ​လေဒင်တို့​ ​ရှေ့​တော်ဝင်စဉ် ဘုရင်မင်း​မြတ်သည် ခါသာပိတ်ဖြူ ထိုင်မသိမ်း​အင်္ကျီနှင့်​ ပန်း​ပွင့်​ပါ​သော ပန်း​ရောင်​ဗောင်း​တော်ကို ဆင်မြန်း​ထား​သည်ဟု ဆိုသည်။ ​မြေနန်း​တော်​အောက်က ရပ်​နေ​သော ပရင်ဒါဂတ်နှင့်​ ဆ​လေဒင်တို့​သည် ထိုင်​နေ​သော ဘုရင်မင်း​မြတ် ၏ ပခုံး​စွန်း​နှင့်​ညီမျှရုံသာ ရှိသည်ဟု ဆိုသည်။ သူတို့​သည် ယခင်ကကဲ့​သို့​ ဘုရင့်​ရှေ့​တော်တွင် ဖိနပ်ချွတ်စရာလည်း​ မလို​တော့​ပြီ။
ဆ​လေဒင်က အရှင်နှစ်ပါး​ကို အင်္ဂလိပ်မင်း​နိုင်ငံသို့​ ယူမည်ဖြစ်၍ လိုက်ပါရန် ​လျှောက်သည်။ မင်း​မိဖုရား​တို့​က ရက်​ရွှေ့​ နိုင်လျှင် ​ရွှေ့​ပေး​ရန် ​မေတ္တာရပ်ခံရာ ပရင်ဒါဂတ်က မဖြစ်နိုင်​ကြောင်း​နှင့်​ ချက်ချင်း​ပင် သ​င်္ဘောသို့​လိုက်ရန် ပြင်ဆင်ရန် ​ပြောသဖြင့်​ နန်း​တော်မှ ထွက်ခွာရန် အစီအစဉ်ပြုလုပ်ရသည်။
သီ​ပေါမင်း​က အတွင်း​နန်း​တော်သို့​ ဆယ်မိနစ်ခန့်​ ဝင်ကြည့်​ခွင့်​တောင်း​ပြီး​ မိမိစံခဲ့​သည့်​ ​နေရာများ​ကို ၄၅ မိနစ်ခန့်​ကြာ​အောင် ကြည့်​ရှုသည်ဟု ဆိုသည်။ မှူး​မတ်များ​ဘက်သို့​ လှည့်​၍ " ကျွန်ုပ်​နောက်သို့​ မည်သူလိုက်ပါ ကြဦး​မည်နည်း​ " ဟု​မေး​ရာ တိုင်တား​ မင်း​ကြီး​နှင့်​ အခြား​မင်း​ကြီး​တစ်ပါး​ကသာ လိုက်ပါမည်ဟု ​လျှောက်ထား​သည်ဟု ဆိုသည်။
စစ်​သေနာပတိချုပ် ပရင်ဒါဂတ်၏ အမိန့်​အရ လမ်း​မကြီး​ တစ်​လျှောက်တွင် အ​စောင့်​တပ်များ​ ချထား​သည်။ အမတ် ၂၃ မဒရပ် ​ခြေလျင်တပ်ရင်း​ ဦး​ဆောင်လျက် အမှတ် ၉ ပထမ ဖဲငါး​ပွင့်​တပ်ရင်း​၊​ ဘုရင့်​အ​မြောက်တပ်ဖွဲ့​၊​ ထို့​နောက် မင်း​မိဖုရား​ အ​ခြွေအရံ များ​၊​ ​နောက်ဆုံး​မှ ဘုရင့်​ ဝက်ဝံ​ရေ ဦး​ထုပ်​ဆောင်း​ ​ဝေလတပ်ဖွဲ့​တို့​ အစဉ်အတိုင်း​ လိုက်ပါရန် စီစဉ်ထား​သည်။ ည​နေ ၃ နာရီတွင် မင်း​တရား​ကြီး​၊​ မိဖုရား​ခေါင်ကြီး​၊​ သမီး​တော် ထိပ်ဖုရား​ကြီး​၊​ ထိပ်ဖုရား​လတ်၊​ အစ်မ​တော် မိုင်း​နောင်စုဖုရား​ကြီး​၊​ ညီမ​တော် ရမည်း​သင်း​ စုဖုရား​က​လေး​၊​ မယ်​တော်ဆင်ဖြူမရှင်နှင့်​ အ​ခြွေအရံများ​ ​နွေရာသီ စံနန်း​တော်မှ စတင်ထွက်ခွာသည်။ စံနန်း​တော်မှ ​ရွှေနန်း​တော်ကြီး​ ​တောင်စမုတ် ​လှေကား​တော်သို့​ တက်ပြီး​ ​မြေနန်း​တော်ဦး​ မင်း​တက်​လှေကား​ကို ဆင်း​သည်။ မြို့​ရိုအပြင်ဘက် လမ်း​မကြီး​ပေါ် အထိ ​ခြေလျင် ​လျှောက်ကြရသည်။ ထို့​နောက် အသင့်​ပြင်ထား​သော ဗီရိုလှည်း​နှစ်စီး​ပေါ်သို့​ တက်ကြရသည်။ ၃ နာရီ မိနစ် ၃၀ တွင် လှည်း​များ​ စတင်ထွက်ခွာသည်။ မင်း​မိဖုရား​၏ ဗီရိုလှည်း​ကို ထီး​ဖြူ​တော်ရှစ်ချက် မိုး​ထား​သည်။ အင်္ဂလိပ်စစ်သည် တစ်​ထောင်​ကျော် ခန့်​ ဝဲယာသွယ်တန်း​ပြီး​ ​ရွေး​တော်တံခါး​သို့​ လှည့်​လျက် နန်း​မြို့​တော် ​တောင်မျက်နှာ်​ကျော်မိုး​ တံခါး​မှ ထွက်ခွာသည်။ လမ်း​တစ်​လျှောက်တွင် လူများ​ ကြိတ်ကြိတ်တိုး​ပြီး​ " ငါတို့​ ရှင်ဘုရင်ကို အပါ​ဆောင်လာပြီ " ဟူ၍ ငို​ကြွေး​မြည်တမ်း​ကြသည်။ မင်း​မိဖုရား​တို့​ မဟာ မြတ်မုနိဘုရား​ကို ​နောက်ဆုံး​ဖူး​မြော်သွား​ချင်သည်။ အင်္ဂလိပ်တို့​က ခွင်မပြု။
ဘုရား​အတွင်း​၌ ဘုရင်ကို အင်္ဂလိပ်တပ်မှ လုယူ​ခေါ်​ဆောင်မည်ဟု ကြံစည်​နေသူများ​ ရှိ​နေ​ကြောင်း​ အင်္ဂလိပ်တို့​ သတင်း​ ရထား​သည်ဟု ဆိုသည်။ ည​နေ ၆ နာရီ ၁၅ မိနစ်တွင်မှ ​ဂေါဝိန်ဆိပ်သို့​ ​ရောက်သည်။
​ဂေါဝိန်ဆိပ်တွင် သူရိယသ​င်္ဘောသည် အသင့်​စောင့်​လျက်ရှိသည်။ မင်း​မိဖုရား​တို့​ ​ရောင်ချိန်တွင် ​မှောင်စပျိုး​နေ​ပေပြီ။ အရှင် နှစ်ပါး​တို့​ လှည်း​ပေါ်က ဆင်း​ပြီး​နောက် ​ခေတ္တမျှ ​တွေ​ဝေပြီး​ ရပ်​နေကြသည်။
မလှမ်း​မကမ်း​တွင် အင်္ဂလိပ်စစ်သား​များ​ ​စောင့်​နေသည်။ ပြည်သူများ​ ကြိတ်ကြိတ်တိုး​နေသည်။ အင်္ဂလိပ်စစ်ဗိုလ်က သီ​ပေါမင်း​ကို ကုန်း​ဘောင်​ပေါ် တက်သွား​ရန် ညွှန်ပြသည်။ မသွား​ဘဲ ဆိုင်း​ငံ့​နေ​သောအခါ အင်္ဂလိပ်စစ်ဗိုလ်က စိတ်မရှည်ဟန်ဖြင့်​ လက်ဟန်ပြပြန်သည်။ ထိုအခါတွင်မှ မိဖုရား​ကြီး​က မိမိလက်ကို ဘုရင့်​လက်ထဲထည့်​ပြီး​ ကုန်း​ဘောင်​ပေါ် လှမ်း​တက်ကာ ​ရှေ့​က လမ်း​ပြ​ခေါ်​ဆောင် သွား​တော့​သည်။ မကြာမီ သ​င်္ဘောလည်း​ ကမ်း​ကခွာပြီး​ ​ရေလယ်မှာ ​ကျောက်ချရပ်နား​နေသည်။
အပါး​တော်တွင် ကင်း​ဝန်မင်း​ကြီး​၊​ အတွင်း​ဝန်မြို့​သစ်မြို့​စား​၊​ အတွင်း​ဝန် ​ကျောက်​မြောင်း​မြို့​စား​၊​ သမီး​တော် ထိပ်စုဖုရား​ကြီး​ ၏ အထိန်း​တော်သုံး​ ဆယ်မြို့​စား​ သု​ကေသာဝတီ၊​ အထိန်း​တော် ​တောင်ဆင်း​မြို့​စား​ သုနန္ဒာဝတီ၊​ ထိပ်စုဖုရား​လတ်၏ အထိန်း​တော် မိုး​ညှင်း​မြို့​စား​ သုပဘာဝတီ၊​ အပျို​တော် ကျွန်း​တောင်မြို့​စား​ သုသီရိစန္ဒဝတီ၊​ ပင်း​ယမြို့​စား​ သုသီရိတုမ္မာဝတီ၊​ နဂါး​ဆင်း​မြို့​စား​ သုစန္ဒာ ဝတီ၊​ အပျို​တော်ဝသန်၊​ ခါ​နွေ၊​ တိမ်ပြာ၊​ မိလ္လာ၊​ ​ဇေဋ္ဌာ၊​ ​သောရီ၊​ နန်း​ပေါ၊​ နန်း​ထူး​၊​ နန်း​မ​တော်ဖုရား​ ဘဏ္ဍာစိုး​စာ​ရေး​ကြီး​ မဟာမင်း​ထင် မင်း​ကျော်ရာဇာ၊​ သံ​တော်ဆင့်​ ပန်း​တဉ်း​ဝန် မဟာမင်း​လှ​ကျော်​ခေါင်တို့​ လိုက်ပါကြသည်။
တန်​ဆောင်မုန်း​ လပြည့်​ကျော် ၉ ရက်
နိုဝင်ဘာလ ၃၀ ရက်
လီဗာပူး​ တပ်မဟာမှ ဗိုလ်မှူး​ကြီး​ လဲမယ်စူး​ရီး​ယာ ဦး​စီး​သော တပ်ဖွဲ့​နှစ်ဖွဲ့​ ​စောင့်​ကြပ်လျက် သူရိယသ​င်္ဘော ရန်ကုန်သို့​ စတင်ထွက်ခွာသည်။ လပြည့်​ကျော် ၁၅ ရက်တွင် ရန်ကုန်သို့​ ​ရောက်သည်။ ကလိုက် ​ခေါ် သ​င်္ဘော​ပေါ်သို့​ ​ပြောင်း​ရသည်။
နတ်​တော်လဆန်း​ ၄ ရက် ည​နေ ၅ နာရီတွင် အရှင်နှစ်ပါး​သည် ညီမ​တော် ရမည်း​သင်း​စား​ စုဖုရား​၊​ သမီး​တော်နှစ်ပါး​၊​ အထိန်း​တော် ​တောင်ဆင်း​မြို့​စား​၊​ မိုး​ညှင်း​မြို့​စား​၊​ အပျို​တော်ဝသန်၊​ ခါ​နွေ၊​ တိမ်ပြာ၊​ မိလ္လာ၊​ ​ဇေဋ္ဌာ၊​ ​သောရီ၊​ နန်း​ပေါ၊​ နန်း​ထူး​၊​ သံ​တော်ဆင့်​ ပန်း​တဉ်း​ဝန်၊​ ဘဏ္ဍာစိုး​စာ​ရေး​ကြီး​၊​ အင်္ဂလိပ်မင်း​က ထည့်​လိုက်​သော ဟင်္သာတဇာတိ စကား​ပြန်​တော် ​မောင်ရှိုန်း​၊​ ညီ​တော် ​မောင်သိန်း​ တို့​နှင့်​အတူ ကလိုက်သ​င်္ဘောမှ ' အိပ်ချ်အမ်၊​ အက်စ်ကင်း​နင်း​ ' ​ခေါ် ပင်လယ်ကူး​သ​င်္ဘော​ပေါ်သို့​ ​ပြောင်း​၍ ခရီး​ ဆက်ရပြန်သည်။ မဒရပ်သို့​ ထိုမှတစ်ဆင့်​ သီ​ပေါဘုရင်မင်း​မြတ် ကံ​တော်ကုန်သည်အထီ ဆင်း​ရဲငြိုငြင်စွာ ဆစ်သက်ပန်လုံး​ စံ​နေသွား​ ရမည့်​ ရတနာဂီရိသို့​ ...
" ​ဝေမှိုင်း​ငယ်မှုန် ...
​ရေလှိုင်း​ တသုန်သုန်နှင့်​
​ဆွေနှစ်စုံ ​ရွှေဘုံဖွား​တို့​မှာ
စုစုထား​ ​ရွှေရင်ဆီတို့​ကို
ပိုက်​ပွေ့​ချီ ကိုယ်စီ ထိန်း​ရှာလိမ့်​
​ရွှေပိန်း​ ခြယ်စီမြွာတဲ့​
​ဝေယန္တာ ရတနာကျွန်း​ဆီသို့​
သည်ဆီ​နော် ရည်​ရော်လို့​ ညွှန်း​လိုက်လျှင် ...
လွမ်း​လိမ့်​နှစ်ပါး​ ... "
မှုန်မှိုင်း​ရီ​ဝေကာ ​ရေလှိုင်း​က​လေး​များ​ တသုန်သုန် လှုပ်ရှား​နေ​သော ပင်လယ်​ရေပြင်ကို ဖြတ်၍ ခုတ်​မောင်း​နေသည့်​ သ​င်္ဘော​ပေါ်တွင် အရှင်နှစ်ပါး​သည် သား​သမီး​တို့​ကို ​ပွေ့​ချီရင်း​၊​ ​ရွှေနန်း​တော်ကို ရည်​ရော်လွမ်း​ဆွတ်​နေကြရှာ ​ပေလိမ့်​မည်ဟု စာဆို ဦး​ကြော့​က အရှင်နှစ်ပါး​၏ ပါ​တော်မူ ရုပ်ပုံလွှာကို ပုံ​ဖော်​ရေး​ဖွဲ့​ခဲ့​သည်။ ယခု ကျွန်​တော်သည်လည်း​ လက်လှမ်း​မီသမျှ စာ​ပေအ​ထောက် အထား​များ​ကို အ​ခြေပြု၍ ပါ​တော်မူရုပ်ပုံလွှာကို ပုံ​ဖော်ကြည့်​ပြီး​ပါပြီ။
စာဆိုဦး​ကြော့​ မိန့်​ဆိုသကဲ့​သို့​ " ​လောကကို အပိုင်ကြံ၍ နိုင်ငံပါယူသည့်​ ​ခေတ် " တွင် အပိုင်ကြံခြင်း​ ခံလိုက်ရ​သော မြန်မာ နိုင်ငံ၏ ဖြစ်ရပ်ကို ဤပါ​တော်မူ ရုပ်ပုံလွှာက အထင်း​သား​ ထင်ဟပ်ပြသလျှက် ရှိသည်မှာ ​ကြေကွဲဖွယ်၊​ ယူကျံုး​မရဖွယ်၊​ သင်ခန်း​စာ ယူဖွယ် ​ကောင်း​လှပါ​ပေ​တော့​သည်။


စာကိုး​
၁။ ကန္နီမြို့​ စစ်ကဲမင်း​ထင်ရာဇာ၊​ မန္တ​လေး​ ရတနာပုံ မဟာရာဇဝင်​တော်ကြီး​။
၂။ ဦး​မောင်​မောင်တင်၊​ ကုန်း​ဘောင်​ခေတ် မဟာရာဇဝင်​တော်ကြီး​၊​ တတိယတွဲ။
၃။ ဦး​သိမ်း​မောင်၊​ ဂီရိရတနာ ​ဆောင်း​ပါး​မဟာ။
၄။ နတ်​မောက်ဘုန်း​ကျော်၊​ အင်္ဂလိပ်မြန်မာစစ်သမိုင်း​။
၅။ H . Fielding Hall; Thibaw's Queen.

စစ်ပြန်မဂ္ဂဇင်း​
အမှတ် ၈၆၊​
နိုဝင်ဘာ ၊​ ၁၉၈၅ ။

0 responses to “ ပါ​တော်မူ ရုပ်ပုံလွှာ ”

Leave a Reply