အဲချင်းခြေရာ ကြိုးကြာခြေရာ
အဲချင်းခြေရာ ကြိုးကြာခြေရာ
[ ၁ ]" တောင်ပုပ္ပါးနှင့် စကားပွင့်အဲချင်း၊ အချင်းငယ်လည်း ခေါ်သော ရှေးပုဂံရေးကို ပြဆိုချက် " ဟု ခေါင်းတပ်လျက်
" ပုပ္ပါးတောင်သည်၊ ရွှေတောင်တည့်လေ
ရွှေတောင်ပတ်ကုံး၊ စကားပင်နှင့် ပန်းပင်ဖုံး
တောင်လုံး ရနံ့ကြိုင်စွလေ " အစချီသော အဲချင်း(အချင်းငယ်)ကို ကဗျာဗန္ဓသာရကျမ်းတွင် ပြထားသည်။ ထိုအထောက် အထားအရ ' အဲချင်း ' ဟူသော ကဗျာမျိုးသည် ပုဂံခေတ်တွင် စတင်ပေါ်ပေါက်နေပြီဟု ယူဆနိုင်သည်။
[ ၂ ]
" ရှင်မဟာရဋ္ဌသာရ၊ အသက် (၁၀) နှစ်အရွယ်က ဖြုတ်ချည်းဆို၊ မိကျောင်း၊ ချည်ချောင်း၊ စောင်း၊ အောင်း၊ တီးလုံး စည်းချက်ကိုက် အဲရိုး၊ အချင်းနှင့် အချင်းငယ် လည်း ခေါ်ဆိုသည်ကို ပြဆိုချက် "
ဟုခေါင်းတပ်လျက် ...
" အိုဘဲ့ဘယ်၊ အိုဘဲ့ သမီးတော်၊ ထင်ပေါ်ဘုန်းပျံ့သင်း။
" အိုဘဲ့ဘယ်၊ အိုဘဲ့ သမီးတော်၊ နတ်သော်ပုံမယွင်း။
" အိုဘဲ့ဘယ်၊ အိုဘဲ့ သမီးတော်၊ စန္ဒော် လနှယ်ဝင်း
ဟူသော အဲရိုး (အချင်း၊ အချင်းငယ်) (ဒုတိယမင်းခေါင်၏ သမီးတော် သုံးပါးကို ဖွဲ့သောအဲ) ကိုလည်း ကဗျာဗန္ဓသာရကျမ်း တွင် ဖော်ပြထားသည်။ ထို အထောက်အထားအရ ထိုကဗျာမျိုးသည် အင်းဝခေတ်တွင်လည်း ဆက်လက်ထွန်းကားလျက်ရှိကြောင်း တွေ့ရလေသည်။
[ ၃ ]
' အဲ ' ဟူသော အသုံးအနှုန်းကို အင်းဝခေတ်၊ တောင်ငူခေတ် စာပေများ၌ တွင်တွင်ကျယ်ကျယ် တွေ့ရသည်။ ထိုခေတ် တို့တွင် အဲများ တွင်ကျယ်ခေတ်စားနေကြောင်း အောက်ပါသာဓကများအရ သိနိုင်သည်။
- အံ့အဲမနိုင်၊ အဆိုင်ဆိုင်လျှင်၊ အဲတိုင်အံခဲ၊ အဲထောက်သံနှင့်၊ ခုန်ပျံတန်းတက်။ (သံဝရပျို့၊ ၁၆၈)
- သာကွင်းကိုင်လျက်၊ ထောက်မြိုင်အဲအန်၊ သံမှန်မဆိတ်။ (ဘုံခန်းပျို့ ၊ ၄၅)
- မင်းနွေအခါ နေ့လည်ပြကြီးထက်နေစဉ် ဝါးဖောင်ခပေါင်းတွင် မျောလတ်တည်း။ ဖောင်သမားတို့ အဲထူးသည်ကို ကြား၍ ဟယ်လုလင်တို့၊ သင်တို့ဓားကို ယူချေဟူ၍ ယူစေလေ၏။
(တောင်ငူရာဇဝင်၊ မင်းငယ်ကျော်ထင်အကြောင်း)
- တံပိုးခရာ၊ ကျာကျာကျူးဧ၊ သံလေးဒုံမင်း၊ အဲလင်ကွင်းနှင့်။
- (မင်းရဲကျော်စွာစုန်ဧချင်း ၊ ၄၅)
- မွေတော်ပေါင်းကို၊ ပျံ့လှောင်းကြိုင်ရွှင်း၊ အဲသီချင်းနှင့်။
(ဇေယျရ န္တမိတ်၊ ခုနစ်ခွေလျှင်ချီရတု)
ဤသာဓကများအရ အင်းဝခေတ်၊ တောင်ငူခေတ်တို့တွင် အဲများတွင်ကျယ် ခေတ်စားနေကြောင်း ထင်ရှားသည်။ ' အဲသီချင်း၊ အဲအန်၊ အဲတိုင်၊ အခြံ၊ အဲထောက်၊ အဲထူး ' ဟူသော အသုံးများက အထင်အရှား သက်သေပြနေသည်။
[ ၄ ]
သို့သော်
အင်းဝခေတ်၊ တောင်ငူခေတ် တို့တွင် ' အဲ ' နှင့်ပတ်သက်သော အသုံးအနှုန်းများ ထိုမျှတွင်ကျယ်နေပါလျှက် ရှေ့တွင် ပြခဲ့သော ရှင်မဟာရဋ္ဌသာရ၏ အဲရိုး (၃)ပိုဒ်မှလွဲ၍ ထိုခေတ် (၂)ခေတ်စလုံးတွင် အခြား အဲချင်းတစ်ပုဒ်တစ်လေမျှ မတွေ့ရပါ။ အဘယ်ကြောင့်ပါနည်း။
ထိုခေတ်တို့တွင် ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု စသည့် အခြားကဗျာ အမျိုးအစားများ အထင်အရှားရှိသကဲ့သို့ အဲချင်း ဆိုသော ကဗျာမျိုးသည်လည်း အထင်အရှား ရှိရမည်သာ။ ပြခဲ့သော အထောက်အထားများအရ ပွဲလမ်းသဘင်များတွင် ရေပန်းစားသော ကဗျာမျိုးဖြစ်သည့် ' အဲချင်း ' သည် စာကိုယ်များ ရှာမတွေ့ရလောက်အောင် ပျောက်ကွယ်မနေတန်ပါ။
သို့ဖြစ်ပါလျက် ထိုခေတ်များမှ အဲချင်းများကို အဘယ့်ကြောင့် ယခုမတွေ့ရပါသနည်း။
[ ၅ ]
ညောင်ရမ်းခေတ်တွင်ကား အဲချင်းများကို အထင်အရှား တွေ့ရသည်။ ဝန်ကြီးပဒေသရာဇာ၏ မင်းသံ၊ မိဖုရားသံ အဲများ၊ လပအဲများ၊ နတ်သံအမြျား စသည်တို့ကို တွေ့ရသည်။ ဆီသည်ရွာစား ဦးအောင်ကြီးဟု လူသိများသော မောင်ရည်၏ အဲများလည်း ရှိသည်။ ကုန်းဘောင်ခေတ်တွင်လည်း ' အဲမောင်ယာ ' ဟု ထင်ရှားသော ဦးယာ၊ မောင်ထွား၊ မယ်ခွေ တို့၏ အဲချင်းများကို အထင်အရှား တွေ့ရသည်။
ညောင်ရမ်းခေတ် မတိုင်မီက အဲချင်းများမှာ အစပျောက်နေသကဲ့သို့ ရှိသည်။ စာပေကွင်းဆက် ပြတ်နေသကဲ့သို့ ရှိသည်။
[ ၆ ]
တစ်နေ့တွင် ထိုကွင်းဆက်ကို ဆက်စပ်ပေးသည့် အဆိုအမိန့်တစ်ခုကို လေ့လာခွင့်ကြံုရပါသည်။ အခြားမဟုတ်ပါ။ ဆရာ ဦးမြင့်ကြည် (ယခု မြန်မာစာအဖွဲ့ဝင်) ၏ ' မြန်မာ့တေးဂီတ အနုစာပေသမိုင်း ' ကို လေ့လာခွင့် ကြံုရပြီး ဆရာ့အဆိုအမိန့်ကို မှတ်သားရခြင်း ဖြစ်ပါသည်။
ဆရာသည် ထိုကျမ်းကို ၁၉၆၀ ပြည့်နှစ်တွင် ပြုစုပြီး မဟာဝိဇ္ဇာဘွဲ့အတွက် ရန်ကုန်တက္ကသိုလ်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ ထိုကျမ်းကို လေ့လာလိုက်ရသောအခါ အဲချင်းနှင့် ပတ်သက်၍ မရှင်းမလင်း ဖြစ်နေသော အချက်များ ရှင်းလင်းသွား ပါသည်။ ကွင်းဆက်ပြတ်သကဲ့သို့ ဖြစ်နေသော အင်းဝခေတ်၊ တောင်ငူခေတ် အဲချင်းများ ကွင်းဆက်သည် ထင်ရှားလာရပါသည်။
ဆရာက ' ကြိုးသီချင်း ' အကြောင်းကို ရှင်းလင်းဖွဲ့ဆိုရာတွင် ' ကြိုး ' များကိုမူလက ' အချင်းရိုး၊ အဲချင်း ' ဟုခေါ်ကြကြောင်း တောင်ပုပ္ပါးစကားပွင့် အဲချင်းသည် ကြိုးအမျိုးအစားဝင်သော ကြိုးသီချင်း ရှေးပြေးဖြစ်ကြောင်း ရှင်းပြပြီး ရှေးဦးပေါ်ပေါက်လာသော ကြိုးသီချင်းများသည် တောင်ပုပ္ပါးစကားပွင့် အဲချင်းဖွဲ့နည်းအတိုင်း ဖြစ်ကြောင်း သာဓက ဆောင်ပြထားပါသည်။
တောင်ပုပ္ပါးစကားပွင့် အဲချင်းမှ " ပုပ္ပါးတောင်သည် ရွှေတောင်တည့်လေ " အစချီအဖွဲ့နှင့် ' ခြင်္သေ့မင်း ရွှေဂူဝင်(ကြိုး) ' မှ " ဟေဝန္တာသာလှလေ၊ ဟေဝန္တာသာလှလေ၊ ဟေဝန္တာငယ်မှာ ငါသာကျော်ဟိုး၊ သိမ်းအုပ်စိုးလေ သိမ်းအုပ်စိုး၊ ရန်မျိုး မပြလှာဝံ့လေ " ဟူသောအဖွဲ့ ' ငါးကြင်း ရေဆန်(ကြိုး) ' မှ " ရေသီတာ သာလှလေ၊ ရေသီတာ သာလှလေ၊ ရေသီတာငယ်မှာ ကြေညာဆန်သွား၊ ငါးကြင်း ငါးကြင်းသား၊ ပျော်ပါးငယ်နေရာ ငတုံးတာ၊ တံငါမုဆိုး၊ ငွေသဲပြင်ငယ်မှာ တိတ်တိတ်ကယ်စိုးလို့လေ " စသော အဖွဲ့တို့ ဖွဲ့ပုံ ဖွဲ့နည်း တူပုံကို ယှဉ်ပြထားပါသည်။
ဤကြိုးများ ပေါ်ပေါက်ပြီးနောက် နောက်ပိုင်းကြိုးများ အချပုံစံ ပြောင်းလာကြကြောင်း၊ ' ငါးသံလည်ကြိုး ' တွင် ' နီးပင်သာနီးလို့ မောင်မင်း ကြိုက်တော်မူလေတည့်မှ မောင်မင်းကြိုက်တော်မူ ' ဟူ၍ ' လေတည့်မှ ' နှစ်ကျော့ပြန်ချသော အချပုံစံမျိုး ဖြစ်လာကြောင်း။ နောက်ပိုင်းကြိုးများကိုလည်း ထိုချနည်းအတိုင်း ချကြောင်း ရှင်းပြထားပါသည်။
အင်းဝခေတ်၊ တောင်ငူခေတ်တို့တွင် ' အဲ ' အသုံးတွင်ကျယ်ပုံနှင့် ပတ်သက်သည့် အဆိုအမိန့်ကိုလည်း တွေ့ရပါသည်။ စကားပွင့်အဲချင်းကို ထောက်၍ ကြိုးသီချင်းသည် ပုဂံခေတ်လောက်ကပင် စတင်ပေါ်ပေါက်ခဲ့သည်ဟု ဆိုနိုင်ကြောင်း၊ အင်းဝခေတ်တွင် ကြိုးသီချင်းများ ကြီးပွားလာကြောင်း၊ အင်းဝခေတ် တစ်ခေတ်လုံး ' ကြိုး ' ဟုမခေါ်ဘဲ ' သီချင်း၊ အချင်း၊ အဲချင်း၊ အဲအန် ' ဟူ၍သာ တွေ့ရကြောင်း မိန့်ဆိုထားခြင်း ဖြစ်သည်။ ထိုအဆိုအမိန့်အရ အင်းဝခေတ် စာပေများတွင် တွေ့ရသော ' အဲ ' များမှာ ကြိုးသီချင်း သီဆိုတီးမှုတ်မှုကို ရည်ညွှန်းသော စကားများဖြစ်ကြောင်း ကွဲပြားသွားရပါသည်။
' ကြိုး ' ဟူသော အသုံးကိုမူ ကုန်းဘောင်ခေတ်ကာလကျမှ ထင်ထင်ရှားရှား တွေ့ရကြောင်း ထိုကျမ်းတွင် မိန့်ဆိုထားပါ သည်။ ' တေးတျာကြိုးဘွဲ့၊ ဖွဲ့နွဲ့သီကုံး ' ဟူသော ငွေတောင်ရကန်အဖွဲ့အရ သိရကြောင်းလည်း သာဓက ဆောင်ထားပါသည်။ ရှေးက ကြိုးသီချင်းများကို စောင်း၊ မိကျောင်း၊ အောင်း စသည့် ကြိုးတပ်တူရိယာများဖြင့် တီးမှုတ်ကြသည်။ တောင်ငူ၊ ညောင်ရမ်းခေတ် တို့တွင် ပတ်ဆိုင်းများ ခေတ်စားလာ၍ ပတ်သီချင်းများ ပေါ်လာသည်။ (ပဒေသရာဇ်၏ အဲချင်းများကဲ့သို့) အဲချင်းဟူသော ကဗျာ တစ်မျိုးလည်း ပေါ်လာသည်။ သို့ဖြစ်၍ ရှေးက ကြိုးသီချင်းများကို အဲချင်းနှင့် မရောထွေးအောင် ပတ်သီချင်းနှင့်လည်း ကွဲပြားအောင် အမည်မှည့်ရာ၌ ကြိုးတူရိယာကို အသားပေး၍ တီးရသော သီချင်းဖြစ်သောကြောင့် လည်းကောင်း၊ မြန်မာမူရင်း တူရိယာဖြစ်သော စောင်းကိုသင်လျှင် စောင်းကြိုး၏ သဘာဝကို ထိုသီချင်းများဖြင့် စတင်လေ့လာရသောကြောင့် လည်းကောင်း ကြိုးသီချင်းဟူသော အမည်သည် ပေါ်ပေါက်လာရကြောင်း ထိုကျမ်းတွင် ခြေခြေမြစ်မြစ် သုံးသပ် မိန့်ဆိုထားပါသည်။
[ ၇ ]
ကုန်းဘောင်ခေတ်တွင် မုံရွေးဇေတဝန်ဆရာတော် စုဆောင်းပြုစုသော ဟာသဇဝနိကဉာဏမဥ္စရီကျမ်း (မုံရွေးမဟာဂီတ ကျမ်း) ၌ သီချင်းပေါင်း (၃၀၀)ကျော်ကို စုဆောင်းဖော်ပြထားရာ ' အခြင်း ' အမည်ခံသီချင်း အမြောက်အများ ပါဝင်ပါသည်။
" ရွှေပလ္လင်အောက်၊ ရွှေပလ္လင်တက်၊ ရွှေပလ္လင်သက်၊ ဗောဓိရွက်သံ၊ ငပြေတက်သက်၊ ငှက်ကြီးစာခွံ့ " စသည်ဖြင့် စိတ်ဝင်စားဖွယ် အမည်အမျိုးမျိုး တွေ့ရပါသည်။ ပုစဉ်းတောင်သံကြိုးဟု ခေါ်သော ' တံတျာ တေရှင် ' ကိုလည်း ပုစဉ်းတောင်သံခြင်း ဟူသော အမည်ဖြင့်တွေ့ရပါသည်။
" ရှေးဟောင်း စာပေသုတေသီတစ်ဦး " ၏ ' စာပေဂီတနှင့် ဝန်ကြီးပဒေသရာဇာ ' စာအုပ်တွင်လည်း ရှေးကအဲချင်းဟူသည် ကြိုးပင်ဖြစ်ကြောင်း ဆိုထားပါသည်။ ဝန်ကြီးပဒေသရာဇာ၏ အဲချင်းကြိုးများ ဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။ " စီတြဂီဝါ ခိုမင်း အဲချင်းကြိုး၊ ဂဠုန်မင်းတောင်သံ အဲချင်းကြိုး၊ ခါမင်း အဲချင်းကြိုး၊ ငုံမင်း၊ အဲချင်းကြိုး " ဟူသော အမည်များကိုလည်း တွေ့ရပါသည်။
ပုဂံခေတ်မှ တောင်ငူခေတ်အထိ ပေါ်ပေါက်ခဲ့သော ' အဲ၊ အဲရိုး၊ အဲချင်း၊ အချင်းငယ်၊ အချင်း ' ဟူ၍ အမည်အမျိုးမျိုး ခေါ်သည့် တေးကဗျာများသည် ကြိုးသီချင်းများပင် ဖြစ်ကြောင်း ထင်ရှားသိသာပါပြီ။ ညောင်ရမ်းခေတ်တွင် စတင်ပေါ်ပေါက်သော ပဒေသရာဇာ၏ အဲချင်းများကစ၍ ကုန်းဘောင်ခေတ်အထိ ပေါ်ထွန်းသော အဲချင်းများသည် အင်းဝခေတ်၊ တောင်ငူခေတ်တို့မှ အဲချင်း များနှင့် မတူကြောင်း၊ အင်းဝ၊ တောင်ငူခေတ်တို့တွင် တွေ့ရသော ' အဲ ' ဟူသည့် အသုံးအနှုန်းမှာ ကြိုးသီချင်းများကို ဆိုလိုခြင်း ဖြစ်ကြောင်းလည်း ထင်ရှားသိသာပါပြီ။
[ ၈ ]
သို့ဆိုလျှင်
အင်းဝ၊ တောင်ငူခေတ်တို့တွင် ' အဲ ' များရှိပါသည်။ ပျောက်ကွယ်သွားခြင်း မဟုတ်ပါ။ ညောင်ရမ်းခေတ်ပေါ် အဲချင်းများ နှင့် ဖွဲ့ပုံချင်းမတူသည့်အတွက် အင်းဝ၊ တောင်ငူခေတ် အဲများကို မမြင်သာဘဲ ပျောက်ကွယ်နေသကဲ့သို့ ထင်ရခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ' ကြိုး ' ဟု အမည်သစ် တွင်သွားသည့်အတွက် အဲကို အဲမှန်းမသိ ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။
သုတေသီတို့၏ စူးစမ်းထုတ်ဖော်ချက်ကြောင့် စာပေပြဿနာတစ်ရပ် ရှင်းလင်းသွားသည် သာဓကတစ်ခု ဖြစ်ပါသည်။
ချယ်ရီမဂ္ဂဇင်း၊
အမှတ် ၄၃ ၊ ၁၉၉၈ ။
0
responses to “
အဲချင်းခြေရာ ကြိုးကြာခြေရာ
”