မြန်မာစာပေတွင် ထင်ဟပ်နေသော ပြည်ထောင်စု တိုင်းရင်းသား ရုပ်ပုံလွှာများ
မြန်မာစာပေတွင် ထင်ဟပ်နေသော ပြည်ထောင်စု တိုင်းရင်းသား ရုပ်ပုံလွှာများ
ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် မဂ္ဂဇင်းအတွက် ဆောင်းပါးရေးမည်ဟု စိတ်ကူးလိုက်သည်နှင့် ကျွန်တော့်အာရုံထဲတွင် ပုဂ္ဂိုလ်ကြီးတစ်ဦး ရေးသားခဲ့သော တင်စား ချက် တစ်ရပ်သည် လင်းခနဲ လက်ခနဲ ပေါ်ပေါက် လာပါသည်။ (ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ပြီး) မြန်မာစာပေ ပညာရှင်အဖြစ် နိုင်ငံအကျိုးကို အသက်ထက်ဆုံး သယ်ပိုး ခဲ့သော ကွယ်လွန်သူ ဆရာကြီး ဦးတင်ဧ (ရှမ်းပြည်)က ဆောင်းပါးတစ်ပုဒ်တွင် တက္ကသိုလ်ကို ပြည်ထောင်စု တစ်ခုအဖြစ် တင်စားခဲ့ဖူး ပါ သည်။ တက္ကသိုလ်ဟူသည် ပြည်နယ်နှင့်တိုင်း အသီးသီးမှ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ပညာ ဆည်း ပူးရန် လာရောက်စုဝေးရာ နေရာဖြစ်သည့်အတွက် ပြည်ထောင်စုလေး တစ်ခု၏အသွင်ကို ဆောင်နေသည်ဟူသော အဓိပ္ပါယ်ဖြင့် တင်စားလိုက်ခြင်း ဖြစ်ပါသည်။ ဤတင်စားချက်ကို သတိရမိသောအခါ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သည်လည်း ပြည် ထောင် စု တိုင်းရင်းသား လူငယ်များ စုဝေးရာ ပြည်ထောင်စုတစ်ခု၏ အသွင်ကို ဆောင်နေပါကလားဟု အတွေးပေါ်မိပါသည်။မြန်မာစာပေပညာရှင် ဖြစ်သော ဆရာကြီး ဦးတင်ဧ၏ အဆိုအမိန့်ကို သတိရမိရင်း မြန်မာစာပေတွင်ထင် ဟပ် နေသော ပြည်ထောင်စုသား ညီအစ်ကို မောင်နှမတို့၏ ရုပ်ပုံလွှာများကိုလည်း တရိပ်ရိပ် မြင်ယောင် လာ မိပါသည်။
မြန်မာစာပေ စတင်ပေါ်ထွန်းသည့် ပုဂံခေတ် ကာလကတည်းက ပြည်ထောင်စု တိုင်းရင်းသားများသည် အေးအတူ ပူအမျှ နေထိုင်ခဲ့ကြသည်။ ပုဂံကျောက်စာများသည် အလှူမှတ်တမ်းများ ဖြစ်သည့်အတွက် အလှူ နှင့်နှီးနွယ်သော အကြောင်းများကို အဓိက ရေးထိုးခြင်း ဖြစ်သော်လည်း ထိုအလှူမှတ်တမ်းများတွင် တိုင်းရင်းသား လူမျိုးအမည်များကို အကြောင်းသင့်သလို ထည့်သွင်းရေးထိုး ခဲ့ကြောင်း တွေ့ရသည်။ ပုဂံပြည်ကြီးကို အရိမဒ္ဒနပုရေရမ္မေ ' နှလုံးမွေ့လျော်ဖွယ်ရာ ဖြစ်သော အရိမဒ္ဒနပုရပြည် ' ဟု ကျောက်စာ ရေးထိုး သည် ကို ထောက်လျှင် မည်မျှပျော်မွေ့ဖွယ် ဖြစ်ကြောင်း တွေ့ရပါသည်။
ပုဂံခေတ်တွင် မွန်စာပေသည် အဆင့်မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်ကြောင်း ပုဂံခေတ် မွန်ကျောက် စာ များက သက်သေခံ နေပါသည်။ ကျန်စစ်သားမင်းကြီး၏ ရွှေစည်းခုံ မွန်ကျောက်စာတွင် မင်းကြီး၏စေ တ နာ ကို ဖော်ကျူးရာ၌ ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို့၏ မျက်ရည်ကို လက်နှင့်တူသော မေတ္တာ စိတ် ဖြင့် သုတ်ပေးလိမ့်မည်။ စိတ်နှလုံး ပူဆွေးသူတို့၏ နှာရည်ကို ရေနှင့်တူသော ကရုဏာဖြင့် ဆေးကြောပေး လိမ့်မည်။ မင်းကြီးသည် ' ပြည်သူတို့အပေါင်းကို လက်ယာလက်ဖြင့် ထမင်း၊ မုန့်များပေးလိမ့်မည်။ လက်ဝဲ လက်ဖြင့် ပစ္စည်းဥစ္စာ အဝတ်ပုဆိုး ပေးလိမ့်မည် ' ဟူသော တင်စားချက်များဖြင့် ဖော်ကျူးထားပါ သည်။ နှောင်းလူတို့အတွက် အတုယူဖွယ် ရှေ့ဆောင်လမ်းပြ အရေးအဖွဲ့များ ဖြစ်ပါသည်။ ပေါ်ထွန်းလာ မည့် မြန်မာစာပေ၏ ရှေ့ဆောင်လမ်းပြလည်း ဖြစ်ပါသည်။
အင်းဝခေတ်စာဆို ရှင်ဥတ္တမကျော်သည် တောလားကဗျာကြီး၌
" တောင်သူဓလေ့ ယာမီးကျွေ့ပုံ " ကို အမှတ်ထင်ထင် ထည့်သွင်းရေးဖွဲ့ ပါသေးသည်။ တောင်ယာမီးရှို့၍ ယာစိုက်ပျိုးသော တောင်သူတို့၏ သရုပ်ကို ပုံဖော်ခြင်း ဖြစ်ပါသည်။ ပထမဆုံး ဧချင်းကဗျာအဖြစ် အင်းဝaခတ်တွင် ပေါ်ပေါက်သော အဒူမင်းညို၏ ဧချင်းမှာ ရခိုင်ဘုရင် ဘစောဖြူ၏ သမီးတော် ရခိုင်မင်းသမီးကလေးကို ဖွဲ့သော ဧချင်းဖြစြ်ပါသည်။ စာဆိုရှင် တေဇာသာရ ကလည်း ' ရွှေပြည် ကဲ့သို့ ရခိုင်မြို့ ' မှ ' ရွှေ ရည် ရုပ်တု ပုံသွင်းပြု ' သကဲ့သို့ ချောမောလှသော ရခိုင်မင်းသမီးကလေး တစ်ပါး၏အလှကို ပုံဖော်ခဲ့ဖူးပါသည်။ အင်းဝခေတ် မြန်မာတိုင်းရင်းသား သူရဲကောင်းတို့၏ အမူအရာကို မွန်ဝန်ကြီး ဗညားဒလ၏ ' ရာဇဓိရာဇ်အရေးတော်ပုံ ' တွင် မြင်ကွင်းကျယ် ပန်းချီကား ချပ်ကြီးသဖွယ် မြင်တွေ့ရပါသည်။ အင်းဝမင်းခေါင်နှင့် ဟံ သာ ဝတီဘုရင် ရာဇာဓိရာဇ်တို့ သူနိုင်ကိုယ်နိုင် အစွမ်းပြိုင်ကြသော်လည်း တစ်ဦး နှင့်တစ်ဦး ညီတော်နောင်တော် ဟု အလေးအမြတ်ခေါ်ကြပုံ၊ စစ်နားသည့်အခါ ပြည်မြို့ မြသိတင် (ရွှေဆံတော်) ဘုရားရင်ပြင်၌ တွေ့ဆုံ၍ အကြည်အသာ တရားစကား ဆိုကြပုံ၊ မင်းခေါင်ဘက်မှ မင်းရဲကျော်စွာ၊ အင်းပဲသူကြီး စသည့် သူရဲကောင်းများ ထွန်းကားသကဲ့သို့ ရာဇဓိရာဇ်ဘက်မှ အမတ်တိန်၊ ဗြတ်ဇ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း စသည့် သူရဲကောင်းများ ထွန်းကားပုံ၊ တစ်ခါတွင် ရာဇာဓိရာဇ်ဘက်မှ သူရဲကောင်း သမိန်ဗရမ်းကို မင်းခေါင်ဘက်က ဖမ်းမိထားခိုက် ပြည်ပမှ ကျူးကျော်ဝင်ရောက်လာသူတို့နှင့် စီးချင်းတိုက်ရန် သမိန်ဗရမ်းက တာဝန်ယူပြီး တစ်ဘက်သူရဲကောင်းကို အနိုင်တိုက်ကာ ပြည်ပရန်ကို ကာကွယ်တိုက်ခိုက်ပုံ စသည့် မြင်ကွင်းများကို တက်ကြွအားရဖွယ် တွေ့ရပါသည်။ ပြည်ပရန်ကို ပြည်ထောင်စုသား အချင်းချင်း လက်တွဲ၍ ကာကွယ်ခဲ့သည့် အစဉ်အလာကို အလေးအနက် ဖော်ညွှန်းခြင်း ဖြစ်ပါသည်။ တောင်ငူခေတ်ဆီက တပင်ရွှေထီး၊ ဘုရင့်နောင် တို့နှင့် ထီးပြိုင်နန်းပြိုင် ဖြစ်သော ရခိုင်ဘုရင် မင်းဖလောင်း၊ မင်းရာဇာကြီး တို့ လက် ထက်တွင် ရခိုင်အမတ်ကြီး မဟာပညာကျော်သည် နေလသဖွယ် ထင်ရှားသည်။ ပညာဉာဏ်ကြီးမားသည်။ အမှုများကို တရားမျှတစွာ အစီအရင် ဆုံးဖြတ်ပေးသည်။တစ်ခါတွင် ရုံးလီကုလားပြည်က ပတ္တမြား ခုနစ်လုံး လက်ဆောင်ဆက်သည် ဟုဆိုပြီး ချက်ကျောက်ခုနစ် လုံးကို လိမ်ညာ၍ ဆက်သလာသည်ကို မဟာကျော်၏ ဉာဏ်စွမ်းဖြင့် ဖော်ထုတ်ပြီး ၎င်းတို့၏ ချက် ကျောက် ကို ပင် ၎င်းတို့ထံသို့ပင် လက်ဆောင်ပြန်ပေး လိုက်နိုင်သည့်အတွက် ကုလားမင်းက မဟာ ပညာ ကျော်ကို အထူးလေးစားပြီး ၎င်း၏သားကို မြန်မာစာသင်ရန် ရခိုင်ပြည်သို့ စေလွှတ်ခဲ့ ပါသည်။ ရှင်ကဝိသာရ၏ ဓည ဝ တီ အရေးတော်ပုံတွင် အထင်အရှား တွေ့နိုင်ပါသည်။
ညောင်ရမ်းခေတ် ဦးကုလား မဟာရာဇဝင်ကြီးမှစ၍ ကုန်းဘောင်ခေတ် တွင်းသင်းရာဇဝင်၊ မှန်နန်းရာဇ ဝင် စသော ရာဇဝင် တော်ကြီးများတွင် ရှမ်း၊ ကချင်၊ ကရင် စသော ပြည်ထောင်စု တိုင်ရင်းသားများ၏ ရုပ်ပုံ လွှာများကို တွေ့မြင်ရပါသည်။
ကုန်းဘောင်ခေတ်က စာမျိုးစုံ ထွန်းကားချိန်တွင် ပြည်ထောင်စု တိုင်းရင်းသား ရုပ်ပုံလွှာများကို စာပေ များတွင် ပို၍ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရပါသည်။ လေးချိုးတစ်ပုဒ်တွင် အမိုးခေါ် ဖိုးစော်ကဲတို့မှာ ကွင်း အငူ နှင်းမြူမစဲခင်က၊ တဲယက်စခန်း ဟူ၍ ကရင်တိုင်းရင်းသားတို့၏ တောင်ယာစခန်းကို သရုပ်ဖော်ပုံ ဦးကြင်ဥ၏ ပဒေသာသီချင်းများတွင် လွယ်နောက်ကယ်သိုင်းတင်၊ သင်ပေါင်းရှင်လည်း မနှင်ထွန်တိုက်၊ ချွန်စူးငယ်စိုက်လို့ ဟူ၍ သင်တိုင်းရှင် ကရင်တောင်သူများ တောင်ယာစူးထိုး စိုက်ပုံများကို သရုပ်ဖော်ပုံ စသည့်အဖွဲ့များကို တွေ့ရပါသည်။ ဂီတနယ်တွင် မြဝတီမင်းကြီး ဦးစ အစရှိသည့် ဂီတပညာရှင်များ ရေးဖွဲ့သော ' မွန်သံ ' များမှအစ သာယာဝတီ ဦးစိုင်း၏ ' ကရင်ဩသံ ' များအထိ ပြည်ထောင်စု တိုင်းရင်းသား အသံတို့ လွင့်ပျံ့လျက် ရှိပါသည်။
အသံကွဲ မြန်မာစကားများ (ဒေသိယစကားများ)ဟု ဘာသာဗေဒ ပညာရှင်တို့ သတ်မှတ်သော ရခိုင်၊ ထားဝယ်၊ တောင်ရိုး၊ အင်းသား စသည့် တိုင်းရင်းသားတို့၏ တေးကဗျာများသည် စိတ်ဝင်စားဖွယ် ဖြစ်သကဲ့သို့ " မိုးမလာဘဲ ကြာချေပြီ မိုးကီးလေကီး လာလေပြီ၊ မိုးမိုး၊ ဝါလိုက်ပါမိုး " ဟူသော ထားဝယ်ဒိန်းသံ များကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ မောင်တင်မြိုင် (အင်းလေး)၊ သိန်းသန်းထွန်း စသည်တို့၏ ဖော် ထုတ်ချက်အရ ပေါ်ထွက်လာသော ' တောင်ရိုးဓနု ကျေးလက်တေးများ ' သည်လည်း နှစ်သက်ဖွယ် ဖြစ် ပါသည်။
လွတ်လပ်ရေးရပြီးသည့်နောက် ပေါ်ထွက်လာသော စာပေအမျိုးမျိုးတွင်ကား ပြည်ထောင်စု တိုင်းရင်းသား တို့၏ ရုပ်ပုံလွှာများ သည် ပို၍ ထင်ရှားလာပါသည်။ ရခိုင်အမျိုးသားတို့၏ ကျင်ကိုင်ပွဲတွင် အင်္ကျီချွတ် ပုဆိုး ခါးတောင်းကျိုက်ပြီး သူနိုင်ကိုယ်နိုင် အပြိုင်ကျဲကြပုံ၊ အလားတူပင် ကရင်အမျိုးသားတို့၏ ' ချအိုင်လောင်ပွဲ ' တွင် လုလင်ပျိုများက လုံမပျိုများရှေ့တွင် အင်္ကျီမပါ ခါးတောင်းမြှောင်အောင် ကျိုက်ပြကာ ယောကျာ်းကောင်း ပီသကြောင်း ဟန်ရေးပြပုံ၊ လုံမပျိုများက အားပေးကြပုံ၊ ဖူးစာဆုံကြပုံ တို့ကို ပျော်ရွှင် တက်ကြွဖွယ် ရေးဖွဲ့ ကြပါသည်။ အသက်ဝင်မြူးကြွနေသော ပန်းချီကားများသဖွယ် ဖြစ်ပါသည်။
လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသား လွတ်လပ်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံလက်တွဲ၍ တိုက်ပွဲဝင်ခဲ့ကြပုံ များနှင့်တကွ တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သရုပ်ဖော်ရေးဖွဲ့သော ဝတ္ထုများ အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါသည်။ ကရင်တိုင်းရင်းသားတို့၏ ကြိုးပမ်းမှုဆိုသည်နှင့် စောဦး၏ ' တစ်မိုးသောက်သော် ' နှင့် ဗန်းမော်တင်အောင်၏ ' ရိုးမ တိုက် ပွဲ ' တို့ကို သတိရမိမည် ဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားဟု ဆိုသည်နှင့် ရခိုင်စာရေးဆရာ ဖိုးကျော့၏ ဝတ္ထုများကို သတိမရဘဲ မနေနိုင်ပါ။ ရှမ်းတိုင်းရင်းသားဟု ဆိုသည်နှင့် ရောင်နီ၏ ' ဆောင်း ' စသည့်ဝတ္ထု များကို သတိရပါသည်။ ကချင် တိုင်းရင်းသားဟု ဆိုသည်နှင့် နတ်နွယ်၏ ' မြန်မာပြည်မြောက်ပိုင်း ' က ပေါ် လာပါသည်။ ချင်းတိုင်းရင်းသားဟု ဆိုလိုက်လျှင် စိန်စိန်၏ ' ရိုးမတောင်ကြီးသာ ဖြိုလိုက်ချင်တော့ ' ကို သ တိရမိပါသည်။ ကယားတိုင်းရင်းသားဟု ဆိုသောအခါ ' ရောင်နီ ' ၏ ' နမ်းခမ်းမုန် ' ဟူသော ဝတ္ထုကလေးက ရေးရေးပေါ်လာပါသည်။ နာဂတောင်တန်း မောင်ကြည်ဇင်၏ ' တောင်ပေါ်မြေမှ မြေပြန့်ပန်း ' တွင် နာဂ တိုင်းရင်းသား တို့၏ ရုပ်ပုံလွှာကို တွေ့ရပါသည်။ သိန်းသန်းထွန်း၏ ' ဘယ်ပန်းချီရေးလို့မမီ ' မှာတော့ အင်းသားတို့၏ အမူအရာများကို သာမက ပြောသံ ဆိုသံ များကိုပါ ကြားယောင်လာရပါသည်။ သတိရမိသော သာဓက အချို့သာဖြစ်ပါသည်။ မဖတ်ဖူးသေးသော စာပေများတွင်လည်း ပြည်ထောင်စု တိုင်းရင်းသား ရုပ်ပုံ လွှာအမျိုးမျိုး မလွဲမသွေ ပါဝင်နေမည် မလွဲပါ။
ပြည်ထောင်စု စိတ်ဓာတ်ဟူသည် ပြည်ထောင်စု တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အေးအတူပူအမျှ နေထိုင်လိုသော စိတ်ဓာတ်ဟု ပညာရှင်တို့ဖွင့်ဆိုပါသည်။ နှစ်ပေါင်းထောင်ချီခဲ့ပြီ ဖြစ်သော မြန်မာ့ဓလေ့၊ သမိုင်းတစ်လျှောက် ပေါ်ထွန်းခဲ့သော မြန်မာ့ဓလေ့ များတွင် ပြည်ထောင်စု တိုင်းရင်းသားတို့၏ရုပ်ပုံလွှာများသည် ပြည်ထောင်စု စိတ်ဓာတ်၏ သာဓကများအဖြစ် ထင်ဟပ်ခဲ့ပြီး ဖြစ်သည်နှင့် အမျှ အနာဂတ်တွင် ပေါ် ထွန်း မည့် စာပေများတွင်လည်း နှစ်သက်ဖွယ်၊ မြတ်နိုးဖွယ်၊ လေးစားဖွယ် အသွင်ဖြင့် ဆက်လက် ထင် ဟပ် လျက် ရှိနေမည်ပင် ဖြစ်ပါသည်။
ပြည်ထောင်စု တိုင်းရင်းသား လူငယ်များ
စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်၊
ရန်ကုန်၊
နှစ်လည်မဂ္ဂဇင်း (၂၀၀၁) ခုနှစ်။
0
responses to “
မြန်မာစာပေတွင် ထင်ဟပ်နေသော ပြည်ထောင်စု တိုင်းရင်းသား ရုပ်ပုံလွှာများ
”