ပုဂံခေတ်က ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေ
ပုဂံခေတ်က ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေ
ဇတ်ကြီးဆယ်ဘွဲ့ဟု ဆိုလိုက်သည်နှင့် ကုန်းဘောင်ခေတ်တွင် ပေါ်ပေါက်လာသော မင်းဘူးဆရာတော် ဦးဩဘာသ၏ ဇာတ်တော်ကြီး ဝတ္ထုများကို ပြေး၍ သတိရမိတတ်ကြပါသည်။ စင်စစ်အားဖြင့် ဇာတ်ကြီးဆယ်ဘွဲ့သည် ပုဂံခေတ်ကတည်းကပင် မြန်မာ့စာပေထဲတွင် စကားပြေ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းနေပြီဖြစ်သည်။
ပုဂံတွင် လောကထိပ်ပန်မည်သော ဂူဘုရားတစ်ဆူ ရှိနေသည်။ ပုဂံသားတို့သည် ထိုဘုရား၏ အတွင်းဘက်နံရံများတွင် ဇာတ်၊ နိပါတ်၊ ပန်းချီပုံများ ရေးဆွဲခဲ့ကြသည်။ ပန်းချီပုံများ၏ အောက်ခြေတွင် မင်ဖြင့် ပုံအညွှန်းစာများ ရေးသားခဲ့ကြသည်။ ထိုစာများကို ' လောကထိပ်ပန် မင်စာ ' ဟူ၍ အများသိကြပါသည်။ ကွယ်လွန်သူ သမိုင်းပညာရှင် ဗိုလ်မှူးဘရှင်၏ ကြိုးပမ်းမှုဖြင့် လောကထိပ်ပန် မင်စာစာအုပ်ကြီး တခမ်းတနား ထွက်ပေါ်ခဲ့သည့်အတွက် ထိုမင်စာများကို ပို၍ လူသိများလာရပါသည်။
လောကထိပ်ပန် မင်စာများထဲတွင် ဇာတ်ကြီးဆယ်ဘွဲ့ ပန်းချီပုံအညွှန်းစာများလည်း အပါအဝင် ဖြစ်ပါသည်။ ထိုစာများကို အစီအစဉ်အတိုင်း ဆက်စပ်လိုက်သောအခါ ဇာတ်ကြီးဆယ်ဘွဲ စကားပြေအဖြစ် ပုံပေါ်လာရပါသည်။
ဇာတ်ကြီးဆယ်ဘွဲ့သည် ခုဒ္ဒကနိကာယ်၊ ပါဌဇာတ်လာ ' မဟာနိပါတ် ' ပင်ဖြစ်သည်။ ထိုပါဌဇာတ် ပါဠိတော်ကို အကျယ် ဖွင့်သော ပါဌဇာတ် အဋ္ဌကထာကျမ်းများကို သီဟိုဠ်ကျွန်းမှ ရှင်ဗုဒ္ဓဃောသ ကလည်းကောင်း၊ ပါဌဇာတ် ဋီကာကျမ်းများကို သီဟိုဠ် ကျွန်းမှ ရှင်ဓမ္မပါလ ကလည်းကောင်း ပြုစုခဲ့ကြသည်ဟု သိရပါသည်။ ပုဂံသို့ ဗုဒ္ဓသာသနာ ရောက်လာသောအခါ ဗုဒ္ဓဘာသာ နှင့်အတူ တစ်ပါတည်းပါလာသော ထိုဇာတ်ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်း တို့ကို ပုဂံသားတို့သည် ဆည်းပူးကြပြီး မြန်မာမှုပြုကြရာမှ ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေဟူ၍ ပေါ်ထွန်းလာရခြင်း ဖြစ်သည်ဟု ယူဆရပါသည်။
လောကထိပ်ပန်း မင်စာရေးထိုးချိန်ကာလကို အလောင်းစည်သူမင်း နန်းတက်စ၊ ခရစ်နှစ် ၁၁၁၃ ခု တစ်ဝိုက်ဟူ၍ ပညာရှင်တို့ ခန့်မှန်းကြပါသည်။ မြန်မာစာအရေးအသား ပေါ်ထွန်းစ ကာလဖြစ်ပါသည်။
ထိုမင်စာများသည် ပုံအညွှန်းစာများ ဖြစ်သည်နှင့်အညီ ပန်းချီပုံမှအဓိပ္ပါယ်ပေါ်ရုံ၊ ပန်းချီပုံအရွယ်နှင့်လိုက်ဖက်ရုံ၊ လိုရင်းကို ကျစ်ကျစ်လျစ်လျစ် ရေးထားသော စာများဖြစ်ကြောင်း တွေ့ရပါသည်။ ခေတ်ဦးမြန်မာစာ အရေးအသားဖြစ်သည့်အလျောက် စာလုံးပေါင်းပု့၊ စကားသုံးပုံ စသည့် ဘာသာစကားဆိုင်ရာ လေ့လာဖွယ်များစွာ ရှိပါသည်။ ထိုလေ့လာဖွယ်များကို ပညာရှင်တို့ ဘာသာစကား ရှုထောင့်က လေ့လာတင်ပြခဲ့ကြဖူးပါပြီ။ ဤဆောင်းပါးတွင်မူ လောကထိပ်ပန် မင်စာကို စကားပြေရှုထောင့်က လေ့လာတင်ပြရန် ရည်ရွယ်ပါသည်။ ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေအဖြစ်သာ ရှုမြင်တင်ပြခြင်း ဖြစ်ပါသည်။
စကားပြေရှုထောင့်က ကြည့်မည်ဆိုလျှင် ထိုခေတ်ပုဂံသားတို့သည် ဇာတ်ကြီးဆယ်ဘွဲ့ကို လိုရင်းအဓိပ္ပါယ်ပေါ်အောင် စကားပြေဖြင့် လှလှပပ ဖွဲ့စည်းတင်ပြနိုင်သည့် အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ ထိုစကားပြေကို လေ့လာ ကြည့်ရှုသောအခါ (၁) လိုရင်းရောက်အောင် အချိတ်အဆက်မိမိ တင်ပြနိုင်ခြင်း၊ (၂) ထင်ယောင် မြင်ယောင်လာအောင် သရုပ်ဖော် အကွက်ကလေးများ ထည့်သွင်းတင်ပြနိုင်ခြင်း၊ (၃) စကားအသုံးအနှုန်း ထိမိတာသားခြင်း ဟူသော ဂုဏ်သုံးရပ်ကို အထင်အရှား တွေ့ရပါသည်။
(၁) ပထမဂုဏ်မှာ ဇာတ်ကွက်ဇာတ်လမ်းကို လိုရင်းလည်းရောက်အောင်၊ အချိတ်အဆက်လည်းမိအောင် တင်ပြနိုင်ခြင်း ကို ဆိုလိုပါသည်။ သာဓကဆောင်ရလျှင် စကားမပြောသော တေမိမင်းသား စကားပြောအောင် သစ်သီး၊ ဆင်ရုပ်မြင်းရုပ်၊ ယမင်း၊ အိမ်ကို မီးရှို့ခြင်း၊ ဆင်ဝှေ့စေသကဲ့သို့ပြုခြင်း၊ မြွေရစ်ပတ်စေခြင်းတို့ဖြင့် အလိုစမ်းပုံများကို တေမိယဇာတ် မင်စာတွင် ဤသို့ ရေးထားပါသည်။ သာဓကများတွင် ပုဂံခေတ် စာလုံးပေါင်းပုံကို ယခုခေတ်စာလုံးပေါင်းပုံသို့ ပြောင်း၍သွားပါမည်။
ဘုရားလောင်း သစ်သီးဖြင့် စမ်း၏။ ဘုရားလောင်း ဆင်မြင်းယောင်စမ်း၏။ ဘုရားလောင်း ထမင်းစမ်း၏။ ဘုရားလောင်း အိမ်ဖုတ်သော စမ်း၏။ ဘုရားလောင်း ဆင်ဝှေ့စေသောသို့ စမ်း၏။ ဘုရားလောင်း မြွေရစ်သောဖြင့် စမ်း၏။
အလိုစမ်းပုံများ ရှေ့နောက်တွင် ကွင်းဆက်မိပြီး အရေးအသား လိုရင်းရောက်ပုံကို တွေ့နိုင်ပါသည်။ အလိုစမ်းခြင်းကို စမ်း၏ ဟူ၍ အတိုဆုံးဖော်ပြသည်။ ဆင်ရုပ်၊ မြင်းရုပ်ကို ဆင်မြင်းယောင်၊ အိမ်မီးရှို့ မီးဖုတ်သည်ကို ' အိမ်ဖုတ် ' ဟူ၍ ကျစ်ကျစ်လျစ်လျစ် ဖော်ပြသည်။ ဆင်ဖြင့် တကယ်ဝှေ့စေခြင်း မဟုတ်ဘဲ ဝှေ့သကဲ့သို့ ဟန်ဆောင်ပြုမူစေပုံကို " ဆင်ဝှေ့စေသောသို့ " ဟူ၍ တိကျစွာ ဖော်ပြသည်။ လိုရင်းရောက်သော စကားပြေ အရေးအသားပင် ဖြစ်ပါသည်။
(၂) ဒုတိယဂုဏ်မှာ ဇာတ်ကွက်တစ်လျှောက်တွင် စာဖတ်သူ ထင်ယောင်မြင်ယောင် ဖြစ်စေနိုင်သော အမူအရာ ကလေးများကို လိုအပ်သလို သရုပ်ဖော်ပြနိုင်ခြင်းကို ဆိုလိုပါသည်။ စကားလုံးအနည်းဆုံး၊ အကျစ်လျစ်ဆုံး ရေးနေသည့်အထဲမှာပင် အမူအရာလုပ်ဆောင် သရုပ်ဖော်ပုံကလေးများကို အောက်ပါအတိုင်း တွေ့ရပါသည်။
- အမိအဖ မျက်စိကန်းရကား ဘုရားလောင်း ကမ်းပေး၍ သင်္ခမ်းသွေးလတ်၏။
- မင်းပီဠိခက် ဘုရားလောင်းသေသော သိရကား လက်ဝါးဦးထက်ချီ၍ ယေ့ငို၏။
(သုဝဏ္ဏသာမဇာတ်)
ဘုရားလောင်းမှောက် အမရာဒေဝီ ရယ်ငို၏။
(မဟောသဓဇာတ်)
မဒ္ဒီမိုးမချုပ်(ပ်)မီလာရက သစ်ကျားခြင်္သေ့ခရီးပိတ်လင်၏။ မိုးချုပ်(ပ်)ရကား မယားမဒ္ဒီဘုရားလောင်း ငိုက်စိုက်နေသော လာယေ့။ မယားမဒ္ဒီ သတို့သားကို ရှာသောတည်း။ မယားမဒ္ဒီ လက်ဝါးချီ၍ ယေ့သေပြတ်လျှင်းအား
(ဝေဿန္တရာဇာတ်)
သုဝဏ္ဏသာမ ဇာတ်စာတွင် မိဘနှစ်ပါး မျက်စိကွယ်သွားသည့်အတွက် သုဝဏ္ဏသာမက နွယ်ကြိုးကမ်းပေးပြီး ကျောင်းသင်္ခမ်းသို့ ခေါ်လာပုံ၊ မြားမှန်ပြီး မိန်းမောနေသော သုဝဏ္ဏသာမ သေပြီထင်၍ ပီဠိယက္ခမင်းက ဦးခေါင်းထက် လက်ဝါးတင်ကာ ငိုပုံကို သရုပ်ဖော်ထားပုံမှာ နှစ်သက်ဖွယ်ဖြစ်ပါသည်။ မဟောသဓဇာတ် မင်စာတွင် မဟောသဓ ရှေ့မှောက်၌ အမရာဒေဝီက ရယ်လည်းရယ် ငိုလည်းငိုပုံကို ' အမရာဒေဝီ ရယ်ငို၏ ' ဟု အတိုဆုံး သရုပ်ဖော်ထားလိုက်ပုံမှာလည်း ထိထိမိမိ ရှိလှ ပါသည်။ ဝေဿန္တရာဇာတ် မင်စာတွင် ဝေဿန္တရာမင်းကြီးက သားနှင့်သမီးကို လှူလိုက်ပြီးနောက် မဒ္ဒီဒေဝီ ပြန်လာချိန်တွင် သားနှင့်သမီးကို သနားပြီး ဘုရားလောင်း ခေါင်းငိုက်စိုက်ကျနေပုံ၊ မဒ္ဒီဒေဝီက သားနှင့်သမီးကို ရှာမတွေ့၍ ဦးခေါင်းထက် လက်တင်ကာ သေပြတ်(မိန်းမော) သွားပုံတို့ကို သရုပ်ဖော်ထားပုံမှာလည်း နှစ်သက်ဖွယ်ဖြစ်ပါသည်။
(၃) တတိယဂုဏ်မှာ စကားအသုံးအနှုန်း ထိထိမိမိရှိခြင်း၊ စကားနည်းနည်းနှင့် ခရီးရောက် တာသွားခြင်းကို ဆိုလိုပါသည်။ ပါဠိဘာသာဖြင့်ရှိသော ဇာတ်တော်များကို မြန်မာမှုပြုရာတွင် မြန်မာဆန်ဆန် ပြန်ဆိုပုံကလေးများမှာ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ သာဓကအားဖြင့် သုဝဏ္ဏသာမကို ' ရွှေအရောင်သို့သော သား ' ဟူ၍ မြန်မာမှုပြုပုံကို ကြည့်ပါ။ ထို့ပြင် ပါဠိလို ' ဖုဿရထ ' ဟု ခေါ်သော အလိုအလျောက်သွားသော ရထားကို ဦးဩဘာသက ' ဖုဿရထား ' ဟုပင် သုံးပါသည်။ ယခုခေတ်တွင် ဖုတ်သွင်းရထား ဟုလည်း ခေါ်ပါသေးသည်။ လောကထိပ်ပန် မင်စာတွင်မူ ' ဖုဿရထ ' ကို ' ရထားရှင် ' ဟု မြန်မာမှု ပြုထားပါသည်။ မည်မျှ ထိမိတာသွားပါသနည်း။ မည်မျှ မြန်မာဆန်လိုက်ပါသနည်း။ အလိုအလျောက် လှုပ်ရှားသွားလာနေသည့် သဘောကို ' ရှင် ' ဟူသော စကားကလေး တစ်လုံးတည်းဖြင့် ကျစ်ကျစ်လျစ်လျစ် မြန်မာမှုပြုလိုက်ခြင်းပါပေ။ ထို့အတူ ဒါနနှင့်သီလကို ' အလှူနှင့် သီတင်း ' ဟူ၍ မြန်မာမှု ပြုထားပုံတို့မှာလည်း နှစ်သက်ဖွယ်ပင် ဖြစ်ပါသည်။
ထို့ပြင် ' လည်ဆွဲ ' ကို ' လည်တန်ဆာ ' ၊ ဆံပင်ဖြူတွေ့ (ကြည့်)သည်ကို ' ဦးဖြူရှု ' ၊ လသာသည်ကို ' လပ ' ၊ ပြောဆို၍ တန်ဖိုးဖြတ်သည်ကို ' ဆိုဖြတ် ' ၊ ကြောက်၍ထွက်ပြေးသည်ကို ' ကြောက်ပြေး ' စသည်ဖြင့် လိုသောအဓိပ္ပါယ်ရအောင် ကျစ်ကျစ်လျစ်လျစ် တွဲစပ်သုံးထားပုံများမှာလည်း မှတ်သားဖွယ် ကောင်းလှပါသည်။
ယခုခေတ်တွင် လုံးတွဲသုံးသော ကြိယာများကို မင်စာတွင် တစ်လုံးချင်း ကျစ်ကျစ်လျစ်လျစ် သုံးထားပုံမှာလည်း မှတ်သားဖွယ်ပင်။ မင်းကြီးအား ပုန်အံ့(ပုန်ကန်အံ့)၊ သိကြားမင်း စကြာနှင့်ခြိမ်း၏။ (ခြိမ်းခြောက်၏)၊ မြစ်လိုက်၏ (တားမြစ်လိုက်၏) စသည်တို့ဖြစ်ပါသည်။
သူ့ခေတ်သူ့အခါအလျောက် သုံးနှုန်းထားသော စကားများကို ယခုခေတ်ပြန်ကြည့်သောအခါ ထူးခြားသကဲ့သို့ ဖြစ်နေခြင်းမှာလည်း စိတ်ဝင်စားဖွယ်တစ်ခုပင် ဖြစ်သည်။ သာဓကအားဖြင့် မဟာဇနက ဇာတ်မင်စာမှ အောက်ပါ အရေးအသားကို ကြည့်ပါ။
- သတို့သား မိန်းမ မြေပုံကလူသောနှင့် မြားသမား မြားဆင်သောနှင့် စကားဆိုပြီးရကား
မဟာဇနကမင်းကြီး သံဝေရ၍ တောထွက်လာရာတွင် မြေမှုန့်များနှင့် ကစားနေသော သတို့သမီးငယ်နှင့်တွေ့၍ စကားဆိုပုံ၊ မြားဖြောင့်နေသော မြားသမားနှင့်တွေ့၍ စကားဆိုပုံတို့ကို ဖော်ပြထားခြင်း ဖြစ်ပါသည်။ သတို့သမီးကို ' သတို့သား မိန်းမ ' ၊ မြေမှုန့်ကစားသည်ကို ' မြေပုံကလူ ' ၊ မြားဖြောင့်သည်ကို ' မြားဆင် ' ဟု သုံးထားပုံများမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ရှေ့တွင်ပြသခဲ့သည့် သာဓကများမှာ ' လက်ဝါးဦးထက်ချီ၍ ယေ့ ' ၊ ' ငိုက်စိုက်နေသောလာယေ့ ' စသည်ဖြင့် ယခုခေတ် ' ၏ ' ကဲ့သို့ သုံးထားသော ' ယေ့ ' ကလေးများကလည်း စိတ်ဝင်စားဖွယ်ပင်။ ဤသို့ဖြင့် ယခုခေတ်အထိ အသုံးတွင်နေသေးသော စကားများကို လည်းကောင်း၊ ယခုခေတ်အထိ အသုံးမတွင်တော့သော စကားများကိုလည်းကောင်း ထိထိမိမိ တွဲစပ်ထားကြောင်း တွေ့နိုင်ပါသည်။
မြန်မာစကားပြေခရီး၏ အဦးအစပိုင်းမှာပင် လူသားတို့သည် ဗုဒ္ဓစာပေလာ ဇာတ်နိပါတ်များကို မြန်မာစကားပြေဖြင့် ပြန်လည်ရေးသားတင်ပြနိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း လောကထိပ်ပန် မင်စာလာ ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေများက သက်သေခံလျက် ရှိနေပါတော့သည်။
ငွေတာရီမဂ္ဂဇင်း