တရုတ်မြန်မာပြန်ဆေးကျမ်း
တရုတ်မြန်မာပြန်ဆေးကျမ်း
မင်းတုန်းမင်းတရားကြီး၏ ညီတော် အိမ်ရှေ့စံ ကနောင်မင်းသားကြီးသည် နိုင်ငံတော် ခေတ်မီတိုးတက်ရေးအတွက် စက်ရုံ များတည်ထောင်ခဲ့ကြောင်း အများသိကြပါသည်။ ကနောင်မင်းသားကြီး၏ စက်ရုံနှင့် နှီးနွယ်နေသော မှတ်သားချက်တစ်ရပ်ကို အောက်ပါအတိုင်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ကန့်တစ်မတ်၊ ပရုတ်တစ်မတ်၊ ဖုံးမသိန်တစ်ကျပ်၊ ထင်းရှူးဆီတစ်ကျပ်၊ နှမ်းဆီတစ်ဆယ်ကျပ်၊ ၎င်းတို့ကို ပုလင်းတွင်ထည့်၍ အခိုးမထွက်စေရ။ နေပူတွင် နေလှန်း၊ သမအောင် ပုလင်းကိုလှုပ်၍ပေးပြီးလျှင် ဓားလှံထိခိုက်မိသည်မှစ၍ ရုတ်တရက် ထိခိုက်မိသော အနာမှန်သမျှကို သုတ်လိမ်းပြီးလျှင် အဝတ်နှင့်စည်း၍ ထားသော် အမြန်ပျောက်ကင်းပါသည်။
မှတ်ချက်။ ၎င်းဆေးကို မင်းတရားကြီး၏ ညီတော် အိမ်ရှေ့မင်းသည် စက်ရုံတော်တွင် အမြဲဖော်စပ်၍ ထားရသည်။ ယခု လွှစက်ရှင် စသော စက်ပိုင်ရှင်များလည်း အခန့်သင့်ရနိုင်ရန် ဖော်စပ်၍ထားသင့်သည်။
စက်ရုံတော်တာင် ထိခိုက်ရှနာမှုများ ဖြစ်လာပါက အဆင်သင့် အသုံးပြုနိုင်ရန် ဖော်စပ်ထားသော အနာကျက်ဆေးနည်း ပင်ဖြစ်ပါသည်။ ဤဆေးနည်းအပါအဝင် ဆေးနည်းပေါင်းများစွာကို ဘာသာပြန် ဆေးကျမ်းတစ်ကျမ်းတွင် အထင်အရှား တွေ့နိုင်ပါသည်။ ထိုဆေးကျမ်းကား မင်းတုန်းမင်းတရားကြီး လက်ထက်တွင် တရုတ်ဘာသာ၊ မြန်မာဘာသာသို့ ပြန်ဆိုသော ဂန္ဓာလရာဇ် ဆေးကျမ်းပါတည်း။
ဂန္ဓာလရာဇ်ဆေးကျမ်းကို မြန်မာဘာသာ ပြန်ဆိုရသည့် အကြောင်းနှင့်စပ်လျဉ်း၍ ကျမ်းအဖွင့်တွင် ဤသို့ ဖော်ပြထားပါ သည်။
ဘုန်းတော် အလွန်တရာ ကြီးမြတ်တော်မူလှသော ရတနာပုံမြို့တည်နန်းတည် ပဥ္စမသင်္ဂါယနာတင် အရှင်ဘဝရှင် မင်းတရားကြီး ဘုရား၏ ရွှေစက်တော်အောက်သို့ ခစားရောက်လာသော ဂန္ဓာလရာဇ်ဥဒည်နိုင်ငံ ပြည်ကြီးသား ဆေးအတတ် နားလည်တတ်ကျွမ်းသူ တရုတ်သမားတော် ငလောစီ၊ လောဆံချိမ့်၊ ယင်းချောက် တို့ဆက်သသော တရုတ်ဘာသာရေး ဆေးကျမ်းများကို မြန်မာဘာသာ ပြန်ဆိုရေးသား ဆက်သွင်းစေ။ သက္ကရာဇ် ၁၂၃၀ ခု သီတင်းကျွတ်လပြည့်ကျော် ၇ ရက်နေ့တွင် ဘုရားအမိန့်တော်မြတ်ကို ဦးထိပ်ထက် ဆင်ရွက်ရသည့်အတိုင်း မြောက်ဥယျာဉ်တော်အတွင်း ခပ်ချိုဖောင်တော် စံနန်းတော်သို့ နေ့စဉ်ထွက်စံတော်မူရာ အပါးတော်တွင် တရုတ်ဆေးဆရာကြီးတို့၏ ဆေးကျမ်းအတွက် အဓိပ္ပါယ်စကားရပ်များကို ကျွန်တော်မျိုး တရုတ်တာရဲကြီး ငစက်ကန့်၊ ငလောတုံတို့က မေးမြန်း၍ ပြန်ဆိုပြောကြားရာ လွှတ်တော်စာရေးကြီး ဦးနွဲ့ က စီကုံးရေးသားသော မြန်မာဘာသာပြန်ဆိုချက် ဘုရား။
တရုတ်သမားတော်ကြီး သုံးဦးဆက်သသည့် ဆေးကျမ်းမှ စကားအဓိပ္ပါယ်များကို တရုတ်တာရဲကြီး ငစက်ကန့်နှင့် ငလောတုံ တို့အားမေးမြန်းသဖြင့် ၎င်းတို့က မြန်မာဘာသာ ပြန်ဆိုပြောကြားသည်။ ထိုပြန်ဆိုချက်ကို စာရေးကြီး ဦးနွဲ့ က စီကုံးရေးသား မှတ်တမ်းတင်ရသည်။
ဤသို့ဖြင့် မြန်မာစာပေနယ်ထဲတွင် ' ဂန္ဓာလရာဇ်ဆေးကျမ်း ' ခေါ် တရုတ်မြန်မာ ဘာသာပြန်ဆေးကျမ်းတစ်စောင် ထူးထူးခြားခြား ပေါ်ပေါက်လာရခြင်းဖြစ်သည်။
မြန်မာစာပေထဲတွင် သက္ကတပါဠိတို့မှ မြန်မာပြန်သော ဆေးကျမ်းများ၊ တိုင်းရင်းဖြစ်ဆေးကျမ်းများ အများအပြား ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင်မူ မြန်မာဘာသာ ပြန်ဆိုသည့်လုပ်ငန်းသည် ရှေးကထက်ပို၍ နယ်ပယ်ကျယ်ပြန်လာသည့် အလျောက် အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံမှ ဆေးကျမ်းကို မြန်မာဘာသာ ပြန်ဆိုနိုင်သည့် အခြေအနေသို့ ရောက်ရှိ ရခြင်းဖြစ်သည်။ ဆေးပညာဖွံ့ဖြိုး တိုးတက်ရေးအတွက် လည်းကောင်း၊ ဘာသာပြန်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း အရေးပါသော ထောက်ကူချက်တစ်ရပ်ဟု ဆိုနိုင်ပါသည်။
ဂန္ဓာလရာဇ်ဆေးကျမ်းကို ' အဘိဓမ္မာ တောင်သာ ဋီကာ ' နှင့်တွဲ၍ မန္တလေးမြို့ ကဝိမိတ်ဆွေ ပုံနှိပ်တိုက်က ရိုက်နှိပ်ဖူး ပါသည်။ ဆောင်းပါးအစတွင် ဖော်ပြသော ကနောင်မင်းသားကြီးနှင့် ပတ်သက်သည့် မှတ်ချက်ကို ထိုစာအုပ်တွင် တွေ့ရခြင်းဖြစ်သည်။
ဂန္ဓာလရာဇ်ဆေးကျမ်းတွင် ကျား၊ ဆင်၊ ကြံ့၊ တောဝက်၊ စာကလေး၊ လင်းနို့၊ ကျီး၊ ဒေါင်း၊ ဆိတ်၊ ကျွဲ၊ မြင်း၊ ကုလားအုပ်၊ လိပ်၊ ဝမ်းဘဲ စသည့်တိရ စ္ဆာန်များ၏ အင်္ဂါအစိတ်အပိုင်းများ မည်သို့မည်ပုံ ဆေးဖက်ဝင်ကြောင်းများနှင့်တကွ ဆေးပင်ဝါးပင်များ၊ ဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးဖော်ပုံဖော်နည်း အမျိုးမျိုးကို မှတ်သားဖွယ် ဖော်ပြသေးပါသည်။
အောက်ပါသာဓက အနည်းငယ်ကို ကြည့်ရုံနှင့် သိနိုင်ပါသည်။
တရုတ်ခေါ် ဟူးဗျီး၊ မြန်မာခေါ် ကျား၏နှာခေါင်းရိုး၊ ၎င်းအရိုးကို အရက်ကောင်းလူး၍ မီးမှာမွအောင် ကင်ပြီးလျှင် အမှုန့်ပြု၍၊ ၎င်းအမှုန့် တစ်မူးသားခန့်ကို ရေနွေးနှင့်သောက်သော် သွေးသန့်ရှင်း၍ စိတ်ကြည်လင်၏။ မိန်းမများ သုံးဆောင်သော် ကျန်းမာသန်စွမ်းသော သားကောင်းသားမြတ်တို့ကို ရစေတတ်၏။
တရုတ်ခေါ် ကျီတန်၊ မြန်မာခေါ် ကြက်၏သည်းခြေ၊ ၎င်းကိုခြောက်လှန်းပြီးလျှင် ကြက်ဖြူ၏ ကျင်ကြီး (ငါးကျပ် ငါးမူး)ကို မီးတွင် ခြောက်အောင်လှော်၊ ၎င်း ၂ ပါးကို ညက်စာကြိတ် အမှုန့်ပြု၊ ၎င်းအမှုန့်ချိန် ငါးမူးသားခန့်ကို အရက်ကောင်းတစ်ကျပ်သားနှင့် ဖျော်၍မီးတွင်နွှေး၍ သောက်သော် ဆီးအောင့် ကျောက်တည်သော ရောဂါပျောက်၏။
တရုတ်ခေါ် စွေညို၊ မြန်မာခေါ် ကျင်ငယ်စွန့်သော နေရာကမြေ၊ ၎င်းရွှံ့မြေကို သန္ဓေကိုယ်ဝန်ရှိသော မိန်းမများတွင် သန္ဓေ ပျက်လောက်အောင် တစ်စုံတစ်ရာ ထိခိုက်၍ နာကျင်ခြင်းဖြစ်ခဲ့လျှင် ထိုမိန်းမ၏ တစ်ကိုယ်လုံးကို ၎င်းရွှံ့မြေနှင့်လူးသော် အနာအကျင် ပျောက်ကင်း၍ ဖြောင့်မှန်ခြင်းဖြစ်စေပါသည်။ အမိဝမ်းတွင်း၌ ကလေးသေ၍နေသော် ဇဝက်သာတစ်မူးကို ရေအေးနှင့်ဖျော်၍ တိုက်ပြီးလျှင် ဇဝက်သာတစ်မူး ယမ်းစိမ်းတစ်မူးကိုစပ်၍ ရေအေးနှင့်ဖျော်ကာ ဝမ်းကိုလိမ်းသော် သားသေလွယ်ကူစွာ မွေးဖွားပါသည်။
ဤဂန္ဓာလရာဇ်ဆေးကျမ်းကို မင်းတုန်းမင်းတရားလက်ထက်တွင် နန်းတွင်းသူ နန်းတွင်းသားများ စိတ်ဝင်တစား လေ့လာခဲ့ကြပုံ ရပါသည်။ ထို့ကြောင့်လည်း အိမ်ရှေ့စံ ကနောင်မင်းသားကြီး၏ စက်ရုံတော်တွင် ထိခိုက်ရှနာသူများ အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် ဤကျမ်းလာဆေးနည်းအတိုင်း ဖော်စပ်ထားခြင်း ဖြစ်ပါလိမ့်မည်။
ဤသို့ဆေးဖော်စပ်သည့် ပုဂ္ဂိုလ်များတွင် မင်းတုန်းမင်းတရားကြီး သူကောင်းပြုတော်မူသော မှန်နန်းအပျိုတော်ကြီး တစ်ဦးလည်း ပါဝင်ပါသည်။ သံပုရာသီးအလုံးငါးဆယ်ကို အရည်ညှစ်ယူပြီး သိန္ဓော ၁၀ ကျပ်၊ ဆား ၂၀ ကျပ်၊ ကျောက်ချဉ် ၂၀ ကျပ်၊ ဆားပုပ် ၁၀ ကျပ် တို့ကို ညက်အောင်ပြု၍ သံပုရာရည်နှင့် သမအောင်မွှေပြီး နေလှန်းကာ ဖန်ဘူး၊ ဖန်ခွက်တွင်ထည့်၍ သုံးဆောင်ပါက လေရောဂါအမျိုးမျိုး၊ ချွဲသလိပ်နှင့် စပ်သော ရောဂါအမျိုးမျိုးတို့ ပျောက်ကင်းစေသည်။ ရသာကြောများကို ရွှင်လန်းစေသဖြင့် စားသောက်၍ကောင်းခြင်း၊ အခြားရောဂါများ မကပ်ရောက်နိုင်ခြင်း စသောအကျိုးများနှင့်လည်း ပြည့်စုံစေသည်ဟူ၍ ဤဆေးကျမ်းတွင် ရည်ညွှန်းထားသည့်အတိုင်း
' ဘုန်းတော်ကြီး ဘုရားလက်ထက်က အထွက်အဝင်များတွင် ဝင်းကိုယ်ရံနှင့်တကွ သူကောင်းပြုတော်မူသော မှန်နန်း အပျိုတော်ကြီး ပြင်စည်မြို့စား အနွယ်အားဖြင့် စစ်တောင်းမြို့စား ဝန်ကြီး၏မြေး ဤဆေးကိုဖော်စပ်၍ စာသင်ပျိုပုဂ္ဂိုလ် ထိုရဟန်းတော် အရှင်မြတ်များကို မပြတ်လှူဒါန်းခြင်းဖြင့် ကျန်းမာချမ်းသာတော်မူကြ၍ ရဟန်းတရားကို ကြိုးစားအားထုတ်တော် မူနိုင်ကြောင်း ကောင်းစွာသိရှိရပါသည် '
ဟူ၍ မှတ်ချက်ပြထားပါသည်။
ဂန္ဓာလရာဇ်ဆေးကျမ်းတွင် ပြထားသော ဆေးနည်းများသည် လက်တွေ့ပျောက်ကင်းချမ်းသာသည်။ ဆေးစွမ်းကောင်းများ ဖြစ်သည့်အတွက် ဆုတော်လာဘ်တော်များ သနားတော်မြတ်ခံရကြောင်း သိရပါသည်။
ကုန်းဘောင်ခေတ်တွင် ရှေးရှေးအစဉ်အဆက် ကတည်းက လေ့လာဆည်းပူးခဲ့ကြသော သက္ကတပါဠိ အခြေခံသည့် ဆေးကျမ်းများ၊ မြန်မာတိုင်းရင်းဖြစ် ဆေးကျမ်းများအပြင် အနောက်တိုင်းဖြစ် သိုးဆောင်းဆေးကျမ်းများကိုပါ မြန်မာတို့ ထိတွေ့ လေ့လာခွင့်ရနေပြီဖြစ်သည်။ မင်းတုန်းမင်းလက်ထက်တွင် ဒေါက်တာမေဆင် ပြုစုသော ' ဆေးနှင့်အနာကု အကြောင်းစာ ' သည် ထင်ရှားသော သာဓကဖြစ်ပါသည်။ ထို့ပြင် သီပေါမင်းလက်ထက် ယောမင်းကြီး ဦးဖိုးလှိုင် ပြုစုသော ဆေးနှင့်ကျန်းမာရေး လမ်းညွှန်ကျမ်းဟု ခေါ်ရမည့် ' ဥတုဘောဇန သင်္ဂဟကျမ်း ' တွင် ကျမ်းပြုသူသည် မြန်မာ့ရိုးရာ ဆေးကျမ်းများကိုသာမက အနောက် နိုင်ငံဖြစ် သိုးဆောင်းဆေးကျမ်းများကိုပါ မှီငြမ်းပြုစုခွင့် ရခဲ့သည်။ သို့သော် ' ဤဂန္ဓာလရာဇ်ဆေးကျမ်း ' ကဲ့သို့ တရုတ်ဘာသာမှ ရယူသည့်အစဉ်အလာမျိုး ရှေးကမရှိခဲ့ကြောင်း ပညာရှင်တို့ မိန့်ဆိုကြပါသည်။
ဤဂန္ဓာလရာဇ်ဆေးကျမ်းသည် မြန်မာ့ဆေးပညာကို အားဖြည့်ပေးသော ကျမ်းတစ်ကျမ်းဖြစ်သည် သာမက တရုတ်နှင့် မြန်မာတို့ ယဉ်ကျေးမှုချင်း ဆက်နွယ်ခဲ့ဖူးသည့် အကြောင်းကို သာဓကတစ်ခုအဖြစ် အထင်အရှား ဖော်ညွှန်းလျက်ရှိပါသည်။
မြဝတီမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၁၉၈၉ ။
0
responses to “
တရုတ်မြန်မာပြန်ဆေးကျမ်း
”