ပုပ္ပါးတောင်သည် ရွှေတောင်တည့်လေ
ပုပ္ပါးတောင်သည် ရွှေတောင်တည့်လေ
မြန်မာတို့သည် ပုပ္ပါးတောင်၏ အလှကို ပုဂံခေတ်ကတည်းက အမှတ်ထင်ထင် ရှုမြင်ခဲ့ကြသည်။ စကားဝါပန်းတို့ဖြင့် ဝင်းဝါ နေသော ပုပ္ပါးတောင်ကို ရွှေတောင်ကြီးအဖြစ် အလေးအမြတ် တင်စားခဲ့ကြသည်။ ပုဂံခေတ်စာဆိုတစ်ဦးက ' တောင်ပုပ္ပါးခြင်း ' ဟု ခေါ်သော ကဗျာတွင်ပုပ္ပါးတောင်သည် ၊ ရွှေတောင်တည့်လေ ၊
ရွှေတောင်ပတ်လုံး ၊ စကားပင်နှင့်ဖုံး
တောင်လုံးရနံ့ ကြိုင်လေစွ ဟူ၍ ပုပ္ပါးတောင်၏ အလှကို သရုပ်ဖော် ခဲ့ဖူးသည်။
' ပုပ္ပါး ' ဟူသော အမည်ကပင်လျှင် ပန်းအမျိုးမျိုးဖြင့် ဝေဆာတင့်တယ်နေသော တောင်တော်ပုပ္ပါး၏ အသွင်ကို ဖော်ညွှန်း နေသည်။ ပန်းကို ပါဠိဘာသာဖြင့် ' ပုပ္ဖ ' ဟုခေါ်သည်။ ပန်းအမျိုးမျိုးဖြင့် ပြည့်စုံသည့်အတွက် ပုပ္ဖတောင် ဟုခေါ်ရာမှ ပုပ္ပါးတောင်ဟု ဖြစ်လာသည်ဟူ၍ အဆိုရှိသည်။ အထူးသဖြင့် ပုပ္ပါးတောင်နှင့် စကားပန်းကလည်း ဆက်စပ်မှုရှိနေသည်။ ပုဂံအနော်ရထာမင်း လက်ထက်တွင် သူရဲကောင်း ဗျတ္တသည် ဘုရင်မင်းမြတ်အား ဆက်သရန်အတွက် ပုပ္ပါးတောင်မှ စကားပန်းများကို တစ်နေ့လျှင် ဆယ်ခေါက်ကျ သွားရောက်ခူးဆွတ်နိုင်စွမ်း ရှိသည်ဟုဆိုသည်။ ပုဂံနှင့် ပုပ္ပါးကို အခေါက်ခေါက် ကူးသန်းရသော ပန်းတော်ဆက် မောင်ဗျတ္တ နှင့် ပုပ္ပါးသူ မယ်ဝဏ္ဏတို့ ဖူးစာဆုံမိကြပြီး ရွှေဖျဉ်းညီနောင်ကို ဖွားမြင်သည့် ဇာတ်လမ်းကလည်း ပုပ္ပါးတောင်ကို ပို၍ စိတ်ဝင်စားဖွယ်ကောင်းအောင် ဖန်တီးနေသကဲ့သို့ ရှိသည်။
ရှေးကပုပ္ပါးတောင်ကို နတ်တောင်ဟု ခေါ်ကြသည်။ မဟာဂီရိနတ်မောင်နှမ အစရှိသော နတ်တို့စံပျော်ရာဖြစ်၍ နတ်ကွန်း များ အထင်အရှားရှိသည်။ မဟာဂီရိနတ်မောင်နှမတို့ စံပျော်ရာ ပုပ္ပါးတောင်တော်သာတွင် ရွှေရောင်ဝင်းဝါနေသော စကားပန်းများ မွှေးပျံ့ကြိုင်လှိုင်နေပုံ၊ မပန်နိုင်လောက်အောင် ပေါများနေပုံတို့ကို ' တောင်ပုပ္ပါးခြင်း ' ကဗျာ၌
ပုပ္ပါးတောင်တွင် ၊ နတ်ရှင်နှစ်ပါး ၊ ရွှင်စံစားသည် ။
ဘုံခြားဗိမာန် မြိုင်စွလေ ၊ လှိုင်စွလေ ၊ လှိုင်စွလေ ။
လှိုင်စွစကား ၊ တောင်ပုပ္ပါးမှာ ၊
စကားပျံ့ကြိုင် မပန်နိုင် ၊ လှိုင်စွလေ ဟူ၍ ရေးဖွဲ့ထားသည်။
မဟာဂီရိနတ်မင်းကို တိုင်တည်လျှောက်ထားဟန် ရေးဖွဲ့သော ပုပ္ပါးနတ်တောင်ဘွဲ့ လင်္ကာတွင်လည်း
ပုပ္ပါးနတ်တောင်၊ အခေါင်မြင့်မား
စုံတောပြား၌၊ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည်၊ ရွှေနှင့်ယိုးမှား
ပန်းစကား ......
ဟူ၍ ရွှေရောင်စကားပန်းများ ထိန်ထိန်ဝင်းနေသော ပုပ္ပါးနတ်တောင်၏ အသွင်ကိုပင် သရုပ်ဖော်ထားသည်။
မြင်းခြံခရိုင်ရှိ ပုပ္ပါးတောင်သည် ပုဂံမြို့၏ အရှေ့တောင်ဘက်ယွန်းယွန်း ၂၅ မိုင်၊ မိုင် ၃၀ ခန့်အကွာတွင် မားမားမတ်မတ် တည်ရှိနေသည်။ ရှေးနှစ်ပေါင်းများစွာက မီးတောင်ဖြစ်ခဲ့ဖူးသည့်အတွက် တောင်ထိပ်ပိုင်းတွင် ချိုင့်ခွက်လျက်ရှိရာ ထိုအသွင်က ပင်လျှင် ပုပ္ပါးတောင်ကို တစ်မျိုးတစ်ဖုံ ထူးခြားစေသည်။ ပုပ္ပါးတောင်ကို အရပ်လေးမျက်နှာမှကြည့်လျှင် ပုံသဏ္ဌာန်လေးမျိုး မြင်ရ ကြောင်း အဆိုရှိသည်။
ပုပ္ပါးတောင်နှင့် ယှဉ်တွဲ၍ အများသိကြသော တောင်မှာ တောင်ကလပ်ဖြစ်သည်။ တောင်မကြီး အနောက်တောင်စွယ်တွင် ကျောက်ကလပ်ကြီးသဖွယ် တည်ရှိနေသော တောင်တစ်တောင်ဖြစ်သည်။ ပုပ္ပါးတောင်ကလပ်ဟု ခေါ်ကြသည်။
မိဖုရားအား ဆက်သရန် ပန်းခူးရာတောင်ဖြစ်၍ ပန်းပေးတောင် ဟူ၍လည်းကောင်း၊ မယ်ဝဏ္ဏ နေထိုင်ရာဖြစ်၍ ဝဏ္ဏယက္ခတောင် ဟူ၍လည်းကောင်း၊ နဂါးရစ်နေသကဲ့သို့ ရှိသဖြင့် နဂါးရစ်တောင်ဟူ၍လည်းကောင်း အမည်အမျိုးမျိုး တွင်သည်။ တောင်ထိပ်တွင် ကြည်ညိုဖွယ် စေတီပုထိုးများဖြင့် တင့်တယ်လျက်ရှိသော တောင်ကလပ်သည် ပုပ္ပါးတောင်မကြီး၏ အလှကို အားဖြည့် ပေးနေသကဲ့သို့ ရှိသည်။
တောင်တော်ပုပ္ပါး၏ ထင်ရှားသော လက္ခဏာတစ်ရပ်မှာ ရေထွက်စမ်းပေါင်း ၂၀၀ နီးပါးရှိနေခြင်းပင် ဖြစ်သည်။ ရေအမြဲ စီးကျယိုထွက်နေသော ထာဝရစမ်း၊ မိုးရွာသောအခါ စီးကျသော ဇင်္ဂမစမ်း၊ ကျောက်ပြားကျောက်ချပ်တို့ ကာရံထားသော အလယ်တွင် တောင်ထိပ်မှ စီးကျပြီး ရေတင်နေသော ရေတင်စမ်း၊ ရေအမြဲပြည့်နေသော ပန်းပွေ့စမ်းဟူ၍ ရေထွက်စမ်း အမျိုးမျိုး ရှိကြောင်းသိရသည်။ မိုးနည်းဒေသတွင် တည်ရှိသော်လည်း မြင့်မားသည့်အတွက် မိုးရေပိုမိုရရှိသည့်အပြင် ရေထွက်စမ်းများ ပေါများသောကြောင့် သစ်ပင်ပန်းပင်ဖြင့် စိမ်းလန်းစိုပြည်လျက်ရှိသည်။ ရာသီဥတုအေးမြသည်။
တစ်ချိန်ကမူ ပုပ္ပါးတောင်ပေါ်ရှိ သစ်ပင်များကို အလွန်အမင်း ခုတ်လှဲကြသည့်အတွက် ပုပ္ပါးတောင်သည် တောင်ကတုံး နီးပါး ဖြစ်ခဲ့ရဖူးသည်။ သို့သော် သက်ဆိုင်ရာတို့က သစ်ပင်ပန်းမန်များ ပြန်လည်စိုက်ပျိုးကာ ပုပ္ပါးတောင် တောင်ကတုံးကို သျှောင် ထုံးရန် ကြိုးပမ်းခဲ့ကြသောကြောင့် ပြန်လည်စိမ်းလန်း စိုပြည်လာရသည်။ ယခုလည်း သက်ဆိုင်ရာက ပုပ္ပါးတောင်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးအတွက် သစ်ပင်ပန်းမန်များ စိုက်ပျိုးလျက်ရှိကြသည်။
မင်းမဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းများအနီးတွင် ' မောင်တော်ရေထွက် ' ' နှမတော်ရေထွက် ' ဟူသော ရေထွက်စမ်း များရှိသည်။ ' တောင်ပုပ္ပါးခြင်း ' ကိုရေးဖွဲ့သော ကဗျာစာဆိုသည် ပုဂံခေတ်ဆီကပင် မော်ငတော်ရေထွက်ထက် နှမတော်ရေထွက်က ဆယ့်လေးဆယ်ဆသာကြောင်း ဂရုပြုမိသည်။ ထီးစကြာဖြန့်မိုးထားသော နတ်နန်း၏ တင့်တယ်မှုကိုလည်း ဂရုပြုမိသည်။
ထို့ကြောင့်
မောင်တော်ရေထွက်၊ မယ်သုတ်ရေ၊ ဆယ်လေးသာစွလေ။
ဗိမာန်နန်းမှာ ထီးစကြာကို၊ ဖြန့်ကာ အုပ်မိုးသာစွလေ
ဟူ၍ ဖော်ကျူးထားသည်ကို တွေ့ရသည်။
စာဆိုတို့သည် တောင်တော်ပုပ္ပါး၏ ဂုဏ်၊ တောင်တော်ပုပ္ပါး၏ အလှကို ခေတ်အဆက်ဆက် ဖော်ကျူးခဲ့ကြသည်။ ကိုလိုနီ ခေတ်က ပေါ်ထွက်သော ' တောင်တော်ရွှေပုပ္ပါး ' သီချင်းတွင် ' ပုပ္ပါးတောင်မြတ် တောင်ကလပ်ဝယ်၊ ဝိဇ္ဇာတပသီ၊ ဇော်ဂျီတွေ ဆေး ကြိတ်ပါတယ်၊ စိမ့်စမ်းရေတံခွန်တွေ ကိုးဆယ်ကိုးနဲ့ ကျောက်နွားသိုးကိုးကောင် ရှိပါတယ် ' ဟူ၍ သရုပ်ဖော်ပြီး ' ပုပ္ပါးရယ်သာ လာချင်ပါရဲ့လေး ' ဟူ၍ သာယာပုံကို ဖော်ကျူးခဲ့သည်။ ထို့အတူ လွတ်လပ်ရေးရပြီးခေတ်တွင် ပေါ်ထွက်သော တောင်တော်ပုပ္ပါး သီချင်း၌ ပုပ္ပါး၏ အလှကို ' ဘယ်သူပြိုင်လို့ လှပါတော့နိုင် ' ဟူ၍ ဖော်ကျူးခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။
ခေတ်အဆက်ဆက် စာဆိုတို့ စာဖွဲ့ခဲ့ရသော တောင်တော်ရွှေပုပ္ပါးသည်ကား မြန်မာ့ဂုဏ်ဆောင် အလှတစ်ပါးပင် ဖြစ်ပါသည်။
စာကိုး ။ ။
၁။ ဦးကုလား မဟာရာဇဝင်ကြီး၊ ပထမအုပ်။
၂။ ပုဂံဝန်ထောက်ဦးတင်၊ ကဗျာဗန္ဓသာရကျမ်း
၃။ မင်းသုဝဏ်၊ မြန်မာစာ မြန်မာမှု။
၄။ ဦးမောင်မောင်တင်၊ လက်ရွေးစင်နှင့် ကဗျာသဘော။
၅။ မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)
၆။ မုံရွေးမဟာဂီတ ။
ဇောတိသ ဗေဒမဂ္ဂဇင်း၊
၁၉၉၇၊ အောက်တိုဘာ၊
0
responses to “
ပုပ္ပါးတောင်သည် ရွှေတောင်တည့်လေ
”