ပုဂံ​ခေတ်က ဗုဒ္ဓဝင်

ပုဂံ​ခေတ်က ဗုဒ္ဓဝင်

ဗုဒ္ဓဝင်ဟုဆိုလိုက်သည်နှင့်​ မြတ်စွာဘုရား​၏ အတ္ထုပ္ပတ္တိကို ဆိုလိုခြင်း​ဖြစ်​ကြောင်း​ မြန်မာတို့​ နား​လည်ကြပါသည်။ မှန်ပါသည်။ ဗုဒ္ဓဝင်သည် ဗုဒ္ဓသာသနာ ထွန်း​ကား​သော မြန်မာနိုင်ငံ မြန်မာလူမျိုး​တို့​နှင့်​ ​ရှေး​အစဉ်အဆက် ကတည်း​က ရင်း​နှီး​ကျွမ်း​ဝင်ပြီး​သော စာမျိုး​ဖြစ်ပါသည်။ မြန်မာစာ​ပေ သမိုင်း​တစ်​လျှောက် ​လေ့​လာကြည့်​လျှင် အင်း​ဝ​ခေတ်က ​ပေါ်ထွန်း​ခဲ့​သော ရှင်မဟာသီလဝံသ၏ ပါရမီ​တော်ခန်း​ပျို့​၊​ ဆု​တောင်း​ခန်း​ပျို့​၊​ ရှင်​တေ​ဇောသာရ၏ ပြာဋိဟာခန်း​ပျို့​ စသည်တို့​သည် ဗုဒ္ဓဝင်ကဗျာများ​ ဖြစ်ပါသည်။ ကုန်း​ဘောင်​ခေတ်က ​ပေါ်ထွန်း​သော ဒီပဲယင်း​ဆရာ​တော်၏ မာလာလင်္ကာရဝတ္ထု၊​ ပထမငါး​ခုန်ဆရာ​တော်၏ ဗုဒ္ဓဝင် ဝတ္ထု၊​ ကျီး​သဲ​လေး​ထပ် ဆရာ​တော်၏ ဇိနတ္ထပကာသနီ စသည်တို့​သည် ဗုဒ္ဓဝင်စကား​ပြေများ​ ဖြစ်ပါသည်။ ယခု​ခေတ်အထိ ​ခြေရာ ခံကြည့်​လျှင် ရှင်ဝိစိတ္တသာရာဘိဝံသ၏ မဟာဗုဒ္ဓဝင်ကြီး​အထိ ဗုဒ္ဓဝင်စာ​ပေများ​၏ သမိုင်း​စဉ်ကို အထင်အရှား​ ​တွေ့​ရပါလိမ့်​မည်။
ထိုစာ​ပေများ​ကဲ့​သို့​ အကျယ်တဝင့်​ မဟုတ်​စေကာမူ တိုတိုကျဉ်း​ကျဉ်း​ လိုရင်း​ရေး​ထား​သော ဗုဒ္ဓဝင်စာ​ပေမျိုး​သည် ပုဂံ​ခေတ်ကတည်း​က ​ပေါ်ထွန်း​နေပြီ ဖြစ်ပါသည်။ ပုဂံဝိနည်း​ဓိုရ် ဘုရား​အတွင်း​ နံရံရှိမင်စာများ​တွင် အထင်အရှား​ ​တွေ့​နိုင်ပါသည်။
ပုဂံသား​တို့​သည် ဗုဒ္ဓစာ​ပေ၊​ ဇာတ်နိပါတ်များ​ကို မိမိ​ကောင်း​မှု ဖြစ်​သော ဂူဘုရား​များ​၏ နံရံများ​တွင် ပန်း​ချီများ​ဖြင့်​ အဆန်း​တကြယ် ​ရေး​ဆွဲသရုပ်​ဖော်ကြပြီး​ ပုံအညွှန်း​စာများ​အဖြစ် မင်ဖြင့်​ စာတမ်း​များ​ရေး​ထိုး​ အက္ခရာတင်ကြခြင်း​ဖြင့်​ မင်စာများ​ ​ပေါ်ထွန်း​လာခြင်း​ ဖြစ်ပါသည်။ ပုဂံဝိနည်း​ဓိုရ် ဘုရား​မင်စာမှာ ထိုသို့​သော မင်စာမျိုး​ဖြစ်ပါသည်။ ​ရေး​ထိုး​သည့်​ အ​ကြောင်း​အရာ များ​တွင် ဝိမာနဝတ္ထု၊​ နှစ်ကျိပ်ရှစ်ဆူအ​ကြောင်း​ စသည်တို့​အပြင် ဗုဒ္ဓဝင်လည်း​ အပါအဝင်ဖြစ်ပါသည်။
ထိုမင်စာများ​၏ ဂုဏ်တစ်ခုကား​ တိုတိုရှင်း​ရှင်း​ လိုရင်း​ရောက်​အောင် ​ရေး​သား​ထား​ခြင်း​ပင် ဖြစ်ပါသည်။ ဗုဒ္ဓဝင်မင်စာ အ​ရေး​အသား​ကို အကဲခတ်နိုင်ရန် ဤ​ဆောင်း​ပါး​တွင် သာဓကအချို့​ ထုတ်နှုတ်တင်ပြပါမည်။ (ပုဂံ​ခေတ် စာလုံး​ပေါင်း​ကို ယခု​ခေတ် စာလုံး​ပေါင်း​နှင့်​ ဖလှယ်၍ ပြသွား​ပါမည်)
ဆိုပါစို့​။ ဘုရား​လောင်း​ ပဋိသ​န္ဓေယူခါနီး​တွင် မယ်​တော်မာယာ အိပ်မက်မက်ရာ၌ စတုမဟာရာဇ် နတ်မင်း​ကြီး​ ​လေး​ယောက်က မယ်​တော်မာယာကို အိပ်ရာနှင့်​တကွထမ်း​၍ အနဝတတ်အိုင်၌ ​ရေချိုး​စေပြီး​ ​ရွှေဗိမာန်၌ အိပ်​စေသည်တွင် ဆင်ဖြူ တစ်စီး​သည် မယ်​တော်၏ လက်ယာနံပါး​ကို ဖွင့်​၍ဝင်သည်ဟု အိပ်မက်မက်​ကြောင်း​ ဗုဒ္ဓဝင်ကျမ်း​စာများ​တွင် အကျယ်​တွေ့​နိုင်ပါသည်။ ဤဗုဒ္ဓဝင် မင်စာတွင်မူ
" ဘုရား​သခင် မိဖွား​ကို နတ်တို့​ထမ်း​သော မက်၏။
ဘုရား​မိဖွား​ အနဝတတ်အိုင်၌ ​ရေချိုး​မက်၏။
ဘုရား​မိဖွား​ နံ​စောင်း​ ဆင်ဖြူ​ဝှေ့​မက်၏ "
ဟူ၍ ရိုး​ရိုး​စင်း​စင်း​ ​ရေး​ထား​ပါသည်။ မယ်​တော်ကို မိဖွား​ဟု သုံး​ပုံမှာ မှတ်သား​ဖွယ် ဖြစ်ပါသည်။
ဘုရား​လောင်း​ ​တောထွက်ခန်း​ရေး​ပုံကိုလည်း​ ကြည့်​ပါဦး​။ " ဘုရား​လောင်း​မြင်း​စီး​၍ ​တောထွက်၏။ ဘုရား​လောင်း​ ​တောထွက်​သော မြင်း​ငို၏ " ဟု​တွေ့​ရပါသည်။ ကဏ္ဍက မြင်း​၏ ခံစား​ချက်ကို ရိုး​ရိုး​က​လေး​ ​ဖော်ပြထား​ခြင်း​ပါ​ပေ။
ဘုရား​လောင်း​သည် သုဇာတာ၏ နို့​ဆွမ်း​ကို ဘုဉ်း​ပေး​ပြီး​ ​နေရဥ္စရာမြစ်၌ ​ရေခွက်​မျှောလိုက်ရာတွင် ကာလနဂါး​မင်း​ အိပ်​နေရာသို့​ ​ရွှေခွက် ​ရောက်သွား​ပုံကို ​ဖော်ပြရာ၌
" သုဇာတာ နွား​နို့​ထမင်း​ ရွက်လျက်လာ၏။ ဘုရား​လောင်း​ကို သုဇာတာ နွား​နို့​ထမင်း​ လှူ၏။ ဘုရား​လောင်း​ နွား​နို့​ထမင်း​ စား​၏။ ​နေရဥ္စရာမြစ်၌ ထမင်း​လှူ၏။ ဘုရား​လောင်း​ နွား​နို့​ထမင်း​စား​၏။ ​နေရဥ္စရာမြစ်၌ ​ရွှေခွက်ပစ်၏။ ကာလ မည်​သော နဂါး​မင်း​အိပ်ရာ ​ရွှေခွက်ကျ၏ "
ဟုအစဉ်အတိုင်း​ ​ရေး​ပြသွား​ပုံကို ​တွေ့​နိုင်ပါသည်။
ဘုရား​ဖြစ်ပြီး​နောက် ခုနှစ်ရက်စီ ခုနှစ်​နေရာ (သတ္တသတ္တာဟ) စံရာ၌ မုစလိန္ဒါနဂါး​မင်း​၏ အ​ခွေတွင်း​၌ စံပုံကို ' မုစလိန်နဂါး​ အ​ကွေး​တွင် ခုနှစ်ရက်​နေ၏ ' ဟူ၍လည်း​ကောင်း​၊​ ပဥ္စဝဂ္ဂီတို့​က ဘုရား​အား​ လုပ်​ကျွေး​ပြုစုပုံကို ' ပဥ္စဝဂ္ဂီရဟန်း​ ငါး​ယောက် ဘုရား​အား​ ​ကျွေး​၏ ' ဟူ၍လည်း​ကောင်း​၊​ ​ဝေသာလီပြည်၌ မိ​ထွေး​တော် ​ဂေါတမီ ရဟန်း​ပြုပုံကို ' ​ဝေသာလီ၌ ဘုရား​မိ​ထွေး​ ရဟန်း​မူ၏ ' ဟူ၍လည်း​ကောင်း​ လိုရင်း​ရောက်​အောင် ​ရေး​ထား​သည်ကို ​တွေ့​ရပါသည်။
ရာဇဂြိုဟ်ပြည် သူ​ဌေး​တစ်ဦး​က ရဟန္တာဆိုသူများ​ကို ဟုတ်မဟုတ် စမ်း​သပ်လိုသဖြင့်​ အ​တောင်​ခြောက်ဆယ် အမြင့်​၌ စန္ဒကူး​သပိတ်ကို ချိတ်ဆွဲထား​ပြီး​ ရဟန္တာမှန်လျှင် ပျ့​တက်၌ သပိတ်ကို ယူပါဟု ​ကြေငြာထား​သည်ကို တက္ကတွန်း​ ဆရာကြီး​များ​က ​ကောင်း​ကင်ပျံမည့်​ဟန် လက်​မြှောက်​ခြေ​မြှေက်ပြု၍ လှည့်​စာပုံ၊​ ရှင်ပိ​န္ဒေါလဘာရဒွာဇ​ထေရ်က ​ကျောက်ဖျာက်ကို ​ခြေမနှင့်​ညှပ်ပြီး​ ​ကောင်း​ကင်ပျံတက်ကာ တန်ခိုး​ပြရာ၌ ​ကျောက်ဖျာကျမည်စိုး​၍ လူအများ​ ထိတ်လန့်​ကြပုံတို့​ကို ​ဖော်ပြရာ၌ ' တက္ကတွန်း​တို့​ သပိတ် ယူအံဟု ပျံ​ယောင်မူ၏။ သခင်ပိ​န္ဒောလဘာရဒွာဇ သပိတ်ခံ၏။ သူတို့​ကျောက်ဖျာကျအံ့​ဟု​ကြောက်၏ ' ဟူ၍ ဇာတ်လမ်း​ကိုခြံုမိ​အောင် အကျဉ်း​ချုပ် ​ဖော်ပြထား​ပါသည်။ ​ကောင်း​ကင်ပျံတက်မည့်​ ဟန်​ဆောင်​နေပုံကို ' ပျံ​ယောင်မူ၏ ' ဟု ကျစ်ကျစ်လျစ်လျစ် သုံး​ထား​ပုံမှာ နှစ်သက်ဖွယ်ပင်။
ဘုရား​ဖြစ်ပြီး​ ခမည်း​တော်သု​ဒ္ဓေါဒနမင်း​ကြီး​ထံ ကြွ​ရောက်ပြီး​ သကျသာကီဝင် ​ဆွေ​တော်မျိုး​တော်တို့​၏ မာန်ကိုချိုး​နှိမ်ရန် ယမက ပြာဋိဟာပြသသည့်​ အ​ကြောင်း​ကို " အ​ဖေအား​ ဖူး​အံ့​သောငှာ ရဟန္တာရံလျက် လာ၏။ ဘုရား​သခင် သကျဝင်တို့​ကို ပြာဋိဟာ မူ​ပေ၏ " ဟူ၍ ရိုး​ရိုး​ရှင်း​ရှင်း​ ​ရေး​ထား​ပါသည်။
မြတ်စွာဘုရား​ရှင်၏ သာဝကကြီး​ တစ်ပါး​ဖြစ်​သော ရှင်မဟာကဿပ ရဟန်း​ပြုပြီး​နောက် ဘုရား​ရှင်နှင့်​အတူ ကြွစဉ် ရှင်မဟာကဿပက မိမိ၏ အသပြာတစ်​ထောင်တန် ဒုကုဋ်သင်္ကန်း​ကို ဘုရား​ရှင်အား​လှူရာ ဘုရား​ရှင်ကလည်း​ ပံ့​သကူ ​ကောက်ထား​သော ဒုကုဋ်သင်္ကန်း​ကို ရှင်မဟာကဿပအား​ စွန့်​ခြင်း​ဖြင့်​ သင်္ကန်း​ခြင်း​ လဲလှယ်ကြသည့်​အ​ကြောင်း​ကို ဗုဒ္ဓဝင် ကျမ်း​များ​တွင် အကျယ်​တွေ့​ရပါသည်။ ထိုအ​ကြောင်း​ကို ဤမင်စာတွင် ​ဖော်ပြရာ၌ ' ဘုရား​သခင်နှင့်​ ကဿပတို့​ ဒုကုဋ်ဖကြ၏ ' ဟု ​ရေး​ထား​ပုံမှာ စိတ်ဝင်စား​ဖွယ်ဖြစ်သည်။ ' ဖ ' ဟူသည် လဲလှယ်သည်ဟု အဓိပ္ပါယ်ရ​သော စကား​ဖြစ်ပါသည်။ ' ​ငွေတစ်ဆယ်တန် တစ်ချပ် သွား​ဖလိုက်ပါ ' ဟူ​သောအသုံး​မျိုး​ ထား​ဝယ်ဘက် မြိတ်ဘက်တွင် သုံး​ကြောင်း​ မှတ်သား​ရဖူး​ပါသည်။ များ​သောအား​ဖြင့်​ ' ဖ ' နှင့်​ ' လှယ် ' ကိုတွဲကာ ' ဖလှယ် ' ဟုသုံး​လေ့​ရှိ​သော်လည်း​ ' ဖ ' တစ်လုံး​တည်း​ သုံး​သည့်​အ​လေ့​မှာ အ​တော်ပင် တိမ်​ကော​နေပါပြီ။ ပုဂံ​ခေတ်ကမူ ' လဲလှယ် ' သည့်​အဓိပ္ပါယ်ရ​အောင် ' ဖ ' ဟုလည်း​ တစ်လုံး​တည်း​သုံး​ကြောင်း​ ထိုဝါကျက​လေး​က စိတ်ဝင်စား​ဖွယ် ​ဖော်ပြ​နေပါသည်။
" ဘုရား​လွန်ပြီး​ သခင်တို့​ ဓမ္မသင်္ဂါယနာမူ၏ " ဟူ၍ ဘုရား​ရှင် ပရိနိဗ္ဗာန်ပြုပြီး​ သံဃာတို့​က ပထမ သင်္ဂါယနာတင်​ကြောင်း​ ​ဖော်ပြကာ ဗုဒ္ဓဝင်ကို အဆုံး​သတ်ထား​ပါသည်။
ဤသို့​ဖြင့်​ ပုဂံသား​တို့​သည် ဗုဒ္ဓဝင်ကို ဘုရား​နံရံတွင် မင်ဖြင့်​ အက္ခရာ တင်ကြရာ၌ အဆင်တန်ဆာ အဖွဲ့​အနွဲ့​မပါဘဲ အရိုး​ခံ မြန်မာစကား​ဖြင့်​ လိုရင်း​ရောက်​အောင် ကျစ်ကျစ်လျစ်လျစ် ​ရေး​သား​ကြပုံကို ဝိနည်း​ဓိုရ် ဘုရား​မင်စာများ​က သက်​သေခံလျက် ရှိပါသည်။

စာ​ပေလုပ်သား​
ဒီဇင်ဘာ ၊​ ၁၉၈၂ ၊​

0 responses to “ ပုဂံ​ခေတ်က ဗုဒ္ဓဝင် ”

Leave a Reply