အင်းဝခေတ် စကားပြေ မှတ်တိုင်နှစ်တိုင်
အင်းဝခေတ် စကားပြေ မှတ်တိုင်နှစ်တိုင်
ပါရာယနဝတ္ထုနှင့် ရာဇဝင်ကျော်၊ တစ်နည်းဆိုရလျှင် အင်းဝခေတ်၏ စကားပြေမှတ်တိုင်နှစ်တိုင်။ မှန်ပါသည်။ ထိုကျမ်း နှစ်ကျမ်းသည် မြန်မာစကားပြေ လမ်းကြောင်းတွင် အရေးပါသော မှတ်တိုင်များအဖြစ် ပညာရှင်အစဉ်အဆက် အလေးအမြတ် ဖော်ညွှန်းရသော ကျမ်းများဖြစ်သည်။ကဗျာလင်္ကာထွန်းကားပြီး စကားပြေအင်အားနည်းသော အင်းဝခေတ်တွင် ထိုမှတ်တိုင်ကြီးနှစ်တိုင်၏ သွင်ပြင်သည် ပို၍ပင် ထည်ထည်ဝါဝါ ရှိလှသည်။
ထိုမျှမကသေးပါ။
ထိုကျမ်းနှစ်ကျမ်းတွင် တူသော ဂုဏ်ထူးဝိသေသများလည်း ရှိပါသေးသည်။ ပါရာယနဝတ္ထုသည် ရှင်မဟာသီလဝံသ၏ လက်ရာဖြစ်သည့်နည်းတူ ရာဇဝင်ကျော်သည်လည်း ရှင်မဟာသီလဝံသ၏ လက်ရာပင်ဖြစ်သည်။ ထို့ကြောင့် ပြုစုသူ ပုဂ္ဂိုလ်တစ်ဦး တည်း ဖြစ်ခြင်းဟူသော ဂုဏ်ထူးဝိသေသရှိသည်။
တစ်ဖန် ပါရာယနဝတ္ထုသည် ယနေ့အထိ တွေ့ရသမျှတွင် အဟောင်းဆုံး မြန်မာစကားပြေ ဝတ္ထုဖြစ်သကဲ့သို့ ရာဇဝင်ကျော်သည်လည်း ယနေ့အထိ တွေ့ရသမျှတွင် အဟောင်းဆုံး မြန်မာရာဇဝင်ကျမ်း ဖြစ်သည်။ ထို့ကြောင့် အဟောင်းဆုံး ဟူသော ဂုဏ်ထူးဝိသေသချင်းလည်း တူကြသည်။
ပါရာယနဝတ္ထုသည် မြန်မာသက္ကရာဇ် ၈၆၃ ခု၊ ခရစ်နှစ် ၁၅၀၁ ခုတွင် ပြုစုပြီးစီးသော ဝတ္ထုဖြစ်သည်။ သံသရာတစ်ဖက် ကမ်းသို့ ရောက်ရာရောက်ကြောင်းခရီးဟု အဓိပ္ပါယ်ရသော ပါရာယနသုတ်ကို အခြေပြု၍ ရေးဖွဲ့သည်။ ရှင်သာရိပုတ္တရာ၊ ရှင်မောဂ္ဂလာန် စသောစံပြုဖွယ် ပုဂ္ဂိုလ်ရှစ်ဦး အကြောင်းဖြစ်သည်။
ရာဇဝင်ကျော်သည် မြန်မာသက္ကရာဇ် ၈၈၂ ခု၊ ခရစ်နှစ် ၁၅၂၀ တွင် ပြုစုပြီးစီးသော ကျမ်းဖြစ်သည်။ ရှင်မဟာသီလဝံသက ' မဟာသမ္မတဝံသကျမ်း ' ဟု အမည်ပေးခဲ့သော်လည်း နှောင်းခေတ်တွင် ရာဇဝင်ကျော်ဟု အမည်တွင်သည်။ မဟာသမ္မတ မင်းကစ၍ မြန်မာမင်းဆက် အင်းဝရွှေနန်းကြော့ရှင် အထိပါဝင်သည်။ မဟာဝံသ၊ ဒီပဝံသ ပါဠိတို့ကို မြန်မာပြန်သည့် အပိုင်းကများပြီး မြန်မာ မင်းဆက်ကိုမူ အကျဉ်းမျှသာ ဖော်ပြသည်။
ထိုကျမ်းနှစ်ကျမ်း၏ ဂုဏ်ကို ပညာရှင်တို့ ဖော်ထုတ်ပြခဲ့ ကြဖူးပါပြီ။ ဤဆောင်းပါးတွင်မူ ထိုကျမ်းနှစ်ကျမ်းကို ' စကားပြေ မှတ်တိုင်များ ' အဖြစ် ရှုမြင်လျှက် စကားပြေအရေးအသား ကောင်းမွန်ပုံကိုသာ အားပြုတင်ပြလိုပါသည်။ ပါရာယနဝတ္ထုလာ အောက်ပါအဖွဲ့ကလေးကို ကြည့်ပါ။
ငါလည်းငါ့သားကို ချစ်၏။ သူလည်းသူ့သားကို ချစ်၏။ သားထက်ကား ငါ့ကိုယ်ကို ငါချစ်စွာခဲ့၊ ငါ့သားနှင့် ငါ့ကိုတွင်သော် ငါ့သားကိုပေး၍ ငါ့ကိုစောင့်ဘိဦး။
အာဠာဝကမင်းကြိးကာ အာဠာဝက ဘီလူးအား တစ်နေ့လျှင် ထမင်းအိုးတစ်အိုးနှင့် လူတစ်ယောက်ပေးမည်ဟု ကတိခံ ခဲ့သည့်အတိုင်း နေ့စဉ်ပေးနေရာမှာ သူ့သားကို ဘီလူးစာအဖြစ် ပေးရမည့်အလှည့်သို့ ရောလာသောအခါ ပြောသည့်စကားဖြစ်သည်။ ပထမဆုံး မိဘက သားသမီးကို ချစ်ပုံချင်းတူပုံကို ဝါကျနှစ်ကြောင်းဖြင့် ယှဉ်ပြသည်။ ထို့နောက်တစ်ဆင့်တက်၍ ' ကိုယ့်ကိုယ် ' နှင့် ' ကိုယ့်သား ' ကို ချစ်ပုံချင်း ယှဉ်ပြပြန်သည်။ ထိုအခါ ' ကိုယ်မချိ အမိသော်လည်း သားတော်ခဲ ' ' ကမ္ဘာမီးလောင် သားကောင်ချနင်း ' ဟူသော ' အတ္တ ' သဘောပေါ်လာသည်။ ဘီလူးထ့ အသက်စွန့်ရမည့် အရေးနှင့် ကြံုလာသောအခါ သူ့သားကိုသာ အလျင်ပေးလိုက်ပြီး သူ့ကိုခဏစောင့်ပါဦးဟု ပြောလိုက်သောအခါ အာဠာဝကမင်းကြီး၏ အတ္တသဘောကို ဝါကျလေးကြောင်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့် မြှင်ပြီးပြောသွားပုံမှာ ထိထိမိမိ ရှိလှပါပေသည်။ ရာဇဝင်ကျော်လာ အဖွဲ့ကလေးတစ်ခုကိုလည်း ကြည့်ပါဦး။
သူရဲဟူတုံလျက် (၁) သူ့စစ်သည်လာ၍ ခြောင်းခြောင်းတက်သော မြူမှုန့်ကိုမြင်ကတည်း ကြောက်လန့်ထိတ်လန့်လျက် တုန်လှုပ်သောသူလည်း တစ်ယောက်၊ (၂) ထိုမျှ၌ ခံချိနိုင်တုံ၍ ရဲတံခွန်များကို မြင်ကာမျှလျှင် ကြောက်လန့်တုန်လှုပ်သော သူလည်း တစ်ယောက်၊ (၃) ထိုမျှနှစ်ပါးကို မြင်သောအခါ ခံချိတုံ၍ သူ့စစ်သည်တို့ ခြိမ်းမောင်းသံကိုမျှ မခံချိသော သူလည်းတစ်ယောက်၊ (၄) ထိုမျှသုံးပါးကို ခံချိနိုင်တုံ၍ လေးမြားဓားလှံတရှည် စူးရှတာကို မခံချိသော သူလည်းတစ်ယောက်၊ (၅) ထိုမျှလေးကြိမ်၌ မတုန်မလှုပ် ခံချိနိုင်တုံ၍ သူရဲကသာ အသက်ကိုစွန့်မြဲ၊ သူရဲဟူလျက် အသက်ကို ချစ်ဖွယ်မဟိ၊ အသက်ကိုချစ်သောသူလည်း သူရဲမူဟူ၍ ထိုသို့သော အမှုကို ဖျောက်ခွင်းနိုင်သောသူလည်း တစ်ယောက်၊ ဤငါးယောက်တို့တွင် နှောင်းတစ်ယောက်သာလျှင် သူရဲလက္ခဏာ အင်္ဂါလေးပါးနှင့် ပြည့်စုံသော သူရဲကြီးမည်သတည်း။
သူရဲကောင်း၏ သဘောကိုပြရာတွင် (၁) ရန်သူစစ်ချီလာ၍ မြူမှုန်ထသည်ကို မြင်ရုံနှင့်ကြောက်သူ၊ (၂) ရဲတံခွန်များကို မြင်ရုံနှင့်ကြောက်သူ၊ (၃) ခြိမ်းမောင်သံကြားရုံနှင့်ကြောက်သူ၊ (၄) လက်နက်စူးရှသည်ကို မခံနိုင်ဘဲ ကြောက်သူ၊ (၅) ထိုအရာ အားလုံးကို ခံနိုင်ရည်ရှိပြီး အသက်စွန့်ဝံ့သူဟူ၍ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်၍မြှင့်၍ ပြလာပြီး နောက်ဆုံးပုဂ္ဂိုလ်မျိုးမှ သူရဲကောင်း ပီသကြောင်း ပြောပြပုံမှာလည်း ထိထိမိမိ ရှိလှပါသည်။
စာဖတ်သူအားလုံး တစ်ဆင့်ပြီးတစ်ဆင့် ဆွဲဆောင်လာပြီးမှ အဓိကအချက်ကို စွဲသွားအောင် ပြလိုက်ခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အရေးအကြီးဆုံးအချက်ကို နောက်ဆုံးကျမှ ထင်းခနဲပြလိုက်ခြင်းဖြင့် ပို၍လေးနက်သွားအောင် ပြုခြင်းဖြစ်သည် ဟုလည်း ဆိုနိုင်ပါသည်။
ဤသို့သောဂုဏ်များနှင့် ပြည့်စုံသော စကားပြေကျမ်းနှစ်ကျမ်းတွင် စကားသုံးနှုန်းရာ၌ သူ့ခေတ်သူ့အခါအလျောက် အသုံးတွင်သော စကားများကို သူ့ခေတ်၏ သွင်ပြင်အမူအရာအဖြစ် တစ်စေ့တစ်စောင်း တွေ့ရသည်။
- သူတို့ခူးသော ထမင်းအရသားကို " သာလကာ " စားရ၏။
(မပင်မပန်း လွယ်လွယ်ကူကူ စားရ၏)
- အာဠာဝက ဘီလူး ' ကျောက်ချင်း ' ထ၍
(အလျင်အမြန်ထ၍)
- " စာတီ " ဝယ် တံမြက်လှည်းဖူးသော သူကား
(စေတီဝယ် တံမြက်လှည်းဖူးသော သူကား)
- ရဟန်းသံဃာတို့ကို စောင့်ရှောက် " သိမ်းပကား " သည်လည်းတစ်ပါး
(ရဟန်းသံဃာတို့ကို စောင့်ရှောက်သိမ်းပိုက်သည်လည်း တစ်ပါး) စသည်တို့ဖြစ်သည်။
' သာလကာ၊ ကျောက်ချင်း၊ စာတီ၊ သိမ်းပကား ' တို့သည် ယခုခေတ်တွင် အသုံးတိမ်သွားပြီဖြစ်သော ထိုခေတ်သုံး စကား များဖြစ်သည်။
ယခုခေတ်တွင် သုံးနေသေးသော်လည်း သုံးပုံချင်း ကွဲပြားနေပြီဖြစ်သော စကားများကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါသေးသည်။
- သီရိဝဎုနလည်း ငါရဟန်းမပြုတတ်အားခဲ့၊ ငါ့ခင်ပွန်းလျှင် ရဟန်းပြုလေကာမူဟူ၏။
- သီတင်သုံးချင်းတို့အား နှစ်ပါးသော သင်္ဂြိုဟ်ခြင်းဖြင့် သင်္ဂြိုဟ်တော်မူသော အရှင်သာရိပုတ္တရာ၏ ကျင့်ဝတ် အခန်းတော်ကား
ဤပုံစံနှစ်ခုတွင် ' ခင်ပွန်းကို ' ' မိတ်ဆွေ ' ဟူသော အဓိပ္ပါယ်ဖြင့် သုံးထားပါသည်။ ယခုခေတ်တွင်မူ မိတ်ဆွေဟု ဆိုလိုလျှင် ' အဆွေခင်ပွန်း ' ဟု တွဲသုံးမှ အဓိပ္ပါယ်ပေါ်တော့သည်။ ' ခင်ပွန်း ' ဟု တစ်လုံးတည်းသုံးလျှင် ' လင်သား ' ဟူသောအဓိပ္ပါယ်ကိုသာ အများနားလည် နေကြပေပြီ။ ထို့အတူ (သင်္ဂြိုဟ်)ကိုလည်း ' ထောက်ပံ့သည် ' ဟူသော အဓိပ္ပါယ်ဖြင့် သုံးထားခြင်းဖြစ်သည်။ ယခုခေတ်တွင်မူ ' သင်္ဂြိုဟ်သည်ဆိုလျှင် (နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ထောက်ပံ့သည့်သဘောဖြင့်) အလောင်းကို မီးရှို့သည် ' ဟု နားလည်နေကြပေပြီ။ တဖြည်းဖြည်း အသုံးခြားနားလာခြင်းပင် ဖြစ်ပါသည်။ ထို့အတူ ရာဇဝင်ကျော်မှ
- ပြည်ထဲ စီးပွားရာသော အကျင့်ခုနှစ်ပါးကား -
- အဟောင်းအတိုင်းကျင့်သော မင်းလက်ထာက်သာလျှင် ' ပြည်ထဲစီးပွား၏ ' ဟူသော ပုံစံများတွင် ' စီးပွား ' ကို ကြိယာ အဖြစ် သုံးထားကြောင်း တွေ့ရသည်။ ယခုခေတ်တွင်မူ ' စီးပွား ' ဆိုလျှင် နာမ်ဟုသာ သိနေကြပေပြီ။ ခေတ်အလျှောက် အသုံးပြောင်း လာခြင်းဖြစ်ပါသည်။ ထို့ပြင် ရာဇဝင်ကျော်၌ အကြိမ်ကြိမ်တွေ့ရသော ' ဘုရားရှင် မင်းတရားကြီး ' ဟူသော အသုံးအနှုန်းကလည်း နောင်တစ်ခေတ်တွင် ' ဘုရားရှင် ' မှ ' ဘုရင် ' သို့ ပြောင်းလဲရွေ့လျောလာမည့် ဖြစ်စဉ်ကို အရင်းအမြစ်အဖြစ် သက်သေပြနေသကဲ့သို့ ရှိပါသည်။ စကားသုံးနှုန်းရာတွင် လှစ်၍ (ဖွင့်လှစ်၍)၊ မြစ်၏ (တားမြစ်၏)၊ သက်၍ (ဆင်းသက်၍)၊ ဖျစ်၍ (ဖျစ်ညှစ်၍)၊ နာသော (နာခံသော) စသည်ဖြင့် ကြိယာတစ်လုံးတွင် စူးကနဲ ရှခနဲ ပြိုးပြိုးပြက်ပြက် သုံးပု့များတွေ့ရသည့်နည်းတူ ' ကောင်းယဉ်စေ၏ (ကောင်းမွန်ယဉ်ကျေးစေ၏)၊ အလှကျော်၏ (အလှသတင်း ကျော်ကြား၏)၊ အသွားပန်၏ (သွားမည်ပန်ကြား၏)၊ ကြားနှံ့လေ၏ (အနှံ့ ကြားသိလေ၏) ' စသည်ဖြင့် စကားလုံးနည်းနည်းနှင့် အဓိပ္ပါယ်တာသွားအောင် ကျစ်ကျစ်လျစ်လျစ် တွဲသုံးပုံများကိုလည်း နှစ်သက်ဖွယ် တွေ့ရပါသည်။ ဝါကျဖွဲ့ရာတွင် ' တောင်းပြန် တုံတုံတောင်းလတ်တည်း ' (အကြိမ်ကြိမ်တောင်းကြောင်းပြ)၊ နတ်ပြည်သို့ ဖြစ်လေ၏ (နတ်ပြည်မှာ ဖြစ်ကြောင်းပြ) စသည်ဖြင့် ယခုခေတ်နှင့်မတူသော ဝါကျဖွဲ့ဟန်များကို ထိုခေတ်သွင်ပြင် ဟန်ပန်အဖြစ် တွေ့ရသည်။ ယေဘုယျအားဖြင့်ဆိုရလျှင် ဝါကျဖွဲ့ဟန် ရှင်းလင်းပြေပြစ်ပြီး ဖတ်ချင်စဖွယ် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ပါရာယန ဝတ္ထုလာ -
- ထိုအခါ၌ အရှင်သာရိပုတ္တရာကား တစ်နေ့တွင်သော် အသပြာငွေအတိ ဆယ်တင်းဝင်၍ ဆယ်တင်းအသုံးအစွဲ ထုတ်သော ပုဏ္ဏားအမျိုး၌ဖြစ်၍ ' သရဒလုလင် ' ဟုအမည်တွင်၏ အရှင်မောဂ္ဂလာန်ကား တစ်နေ့တွင်သော် အသပြာငါးတင်းဝင်၍ ငါးတင်းအသုံးအစွဲထုတ်သော အသည်သူကြွယ်မျိုး၌ ဖြစ်၍ ' သီရိဝဎုနသူကြွယ် ' ဟု အမည်တွင်၏
ဟူသော အဖွဲ့ကိုကြည့်လျှင် ရှင်သာရိပုတ္တရာလောင်းနှင့် ရှင်မောဂ္ဂလာန်လောင်းတို့ အခြေအနေချင်းတူပုံကို ဝါကျ နှစ်ကြောင်းဖြင့် ဟန်ချက်ညီညီ ဖွဲ့ထားပုံကို နှစ်သက်ဖွယ်တွေ့နိုင်ပါသည်။ သဘောတူ အကြောင်းအရာနှစ်မျိုးကို ပုံစံတူဝါကျ နှစ်ကြောင်း၌ ဖွဲ့ခြင်းဖြင့် စာဖတ်သူ၏အာရုံကို ပို၍ဆွဲဆောင်နိုင်ပြီး ဖတ်ချင်စဖွယ် ဖြစ်ရသည်ဟု ဆိုနိုင်ပါသည်။ ထို့အတူ ရာဇဝင်ကျော်လာ
- တက္ကသိုလ်ပြည်၌ ပုဏ္ဏာအမျိုးဖြစ်သော ဇဏက္ကပုဏ္ဏားသည်ကား ဗေဒင်သုံးပုံလည်း တတ်စွာ၏။ မန္တရားကျမ်း၊ ဆေးကျမ်း အစရှိသည်ကိုလည်း ဆောင်နိုင်၏။ ဥပါယ်တံမျဉ် အကြောင်းအချက်၌လည်း လိမ္မာစွာ၏။ ပဋိဘာန်ပညာလည်း ကျင့်၏။ အထူးထူးသော နီတိကျမ်းဂန် ကိုလည်းဆောင်နိုင်၏။
စသည်ဖြင့် ဇဏက္ကပုဏ္ဏား၏ အရည်အချင်းများကို တစ်ခုပြီးတစ်ခု ဖျတ်ခနဲ ဖျတ်ခနဲ ဝါကျတိုကလေးများဖြင့် ပြသွားပုံမှာ လည်း သွက်သွက်လက် ရှိလှပါသည်။
ဤသို့ဖြင့် အင်းဝခေတ် စကားပြေ မှတ်တိုင်ကြီး နှစ်တိုင်ဖြစ်သော၊ စကားပြေ အရေးအသား ကောင်းမွန်လှသော ပါရာယနဝတ္ထုနှင့် ရာဇဝင်ကျော်တို့သည်ကား ယခုနှစ်ပေါင်း ငါးရာနီးပါးရှိသည့်တိုင် မြန်မာစကားပြေ လမ်းကြောင်းတွင် မယိမ်း မယိုင် ခိုင်ခိုင်မာမာ ရပ်တည်လျက် ရှိနေပါသတည်း။
ငွေတာရီမဂ္ဂဇင်း၊
အမှတ် ၃၀၊
ဇန်နဝါရီ ၊ ၁၉၈၅ ၊
0
responses to “
အင်းဝခေတ် စကားပြေ မှတ်တိုင်နှစ်တိုင်
”