ခုနစ်လုံးဘွဲ့ ကလေးများ
ခုနစ်လုံးဘွဲ့ ကလေးများ
ကျွန်တော်ငယ်ငယ်က အသံတိတ်ရုပ်ရှင်ကား အတော်များများ ကြည့်ခဲ့ဖူးပါသည်။ အသံတိတ်ဆိုသည့် အတိုင်း ရုပ်ရှင် ကားထဲက ဇာတ်ဆောင်များ၏ စကားပြောသံ ထွက်မလာဘဲ ပါးစပ်လှုပ်သည်ကိုသာ မြင်ရပြီး ပြောသည့်စကားကို စာတန်းထိုးပြသည့် ရုပ်ရှင်ကားမျိုး ဖြစ်ပါသည်။ ရုပ်ရှင်ကား အမည်များကိုတော့ အတော်များများ သတိမရတော့ပါ။ မေ့ကုန်ပါပြီ။ သို့သော် ယခုတိုင် မမေ့သေးဘဲ ထူးထူးခြားခြား မှတ်မိနေသော ရုပ်ရှင်ကား အမည်အချို့ ရှိနေပါသည်။ ' ကံ့ကော်ပလ္လင် မြနန်းရှင် ' ၊ ' ခြေရာတစ်ထောင် မောင်မဲခေါင် ' ၊ ' ဆရာမနိုင် နှစ်ဆောင်ပြိုင် ' ဟူသောအမည်များ ဖြစ်ပါသည်။အခြားရုပ်ရှင်ကား အမည်များကို မေ့သွားပါလျက် ထိုအမည်များကို မမေ့ဘဲ အဘယ်ကြောင့် မှတ်မိနေရသနည်း။ ကျွန်တော်စဉ်းစား ကြည့်မိသည်။ စဉ်းစားကြည့်တော့ အဖြေပေါ်လာပါသည်။ ထိုအမည်များကို ကာရန်ကလေးများ ချိတ်ထားသည့် အတွက် နားထဲမှာ စွဲကျန်ရစ်ခဲ့ခြင်း ဖြစ်မည်ဟူသော အဖြေပင် ဖြစ်ပါသည်။ ' ကံ့ကော်ပလ္လင်မြနန်းရှင် ' တွင် ' လင် ' နှင့် ' ရှင် ' ၊ ' ခြေရာတစ်ထောင် မောင်မဲခေါင် ' တွင် ' ထောင် ' နှင့် ' ခေါင် ' ၊ ' ဆရာမနိုင် နှစ်ဆောင်ပြိုင် ' တွင် ' နိုင် ' နှင့် ' ပြိုင် ' တို့ အသီးသီး ကာရန်မိနေသည် မဟုတ်ပါလော။ ထိုအမည်များကို ယခုတိ မေ့မသွားအောင် ထိုကာရန်ကလေးများက ဖမ်းထားခြင်း ဖြစ်မည်ဟု တွေးမိပါသည်။ ထိုမျှမက ထိုအမည်ကလေးများသည် စာလုံးခုနှစ်လုံးစီပါသော အဖွဲ့ကလေးများ ဖြစ်နေသည်ကိုလည်း သတိပြုမိ ပါသည်။
တစ်နေ့တွင် ထိုခုနှစ်လုံး ဘွဲ့ကလေးများ၏ အာနိသင်ကို ပို၍ဂရုပြုမိအောင် လမ်းညွှန်ပေးသော စာအုပ်တစ်အုပ်ကို ဖတ်မိသည်။ ဆရာကြီး ' ဝဇီရ ဗုဒ္ဓိ ဦးဖိုးစိန် ' ပြုစုသော ' မြန်မာကဗျာဖွဲ့နည်းကျမ်း ' ဖြစ်ပါသည်။ ထိုကျမ်းတွင် ဆရာကြီးက ခုနှစ်လုံးဘွဲ့အကြောင်းကို အကျယ်တဝင့် ရှင်းလင်းမိန့်ဆိုထားပါသည်။
ခုနစ်လုံးဘွဲ့များ အသုံးတာင်ကျယ်ပုံကို သာဓကဆောင်ရာတွင် သတင်းစာဂျာနယ်တို့မှာ ဆောင်းပါးရေးသူက ' ပျော်လို့ မဆုံး တောင်ပြံုး ' ဟု ခေါင်းစဉ်တပ်ပြီး တောင်ပြံုးပွဲတော် အကြောင်းကို ဆောင်းပါးရေးကြောင်း၊ ရုပ်ရှင်ကုမ္ပဏီကလည်း ' နောက်စနေတွင် ရှုဖို့ပြင် ' ဟု ခေါင်းစဉ်တပ်ပြီး ကြော်ငြာကြောင်း၊ သတင်းစာ အယ်ဒီတာကလည်း ' ဓားပြငါးဖော်ထောင်နန်းပျော် ' ဟု ခေါင်းစဉ်တပ်ပြီး ဓားပြငါးယောက် ထောင်ကျသည့် သတင်းကိုရေးကြောင်း၊ ဆေးဆိုင်ရှင်ကလည်း ' ဘေးမျိုးကင်းကွာ ချိုရသာ ' ဟု ခေါင်းစဉ်တပ်ပြီး ဆေးကြော်ငြာကြောင်း မျက်မြင်သာဓကများ ပြထားပါသည်။ ' မိမိကြော်ငြာကို လူအများ ဖတ်ချင်အောင် ကြံပုံတည်း။ ပိုင်ပေစွ ' ဟု မှတ်ချက်ချလျက် ခုနစ်လုံးဘွဲ့များ အသုံးတွင်ကျယ်ပုံကို ဖော်ညွှန်းထားပါသည်။
ထို့ပြင် ဆရာကြီး ဦးဖိုးစိန်က ခုနစ်လုံးဘွဲ့၏ နောက်ခံသမိုင်းကြောင်းကိုလည်း ဤသို့ ထောက်ပြပါသေးသည်။
ယင်းခုနစ်လုံးဘွဲ့သည် ' ခုမှ ပေါ်ထင် ရွှေကြာပင် ' မဟုတ်။ ' အသစ် ဘယ်လိုကောင်းသော်လည်း အဟောင်းကိုတဲ့ တလည်လည် အောက်မေ့လှတယ် ' ဆိုသလို သတိုးမင်းဖျားလက်ထက် သက္ကရာဇ် ၇၂၆ ခုမှာပင် ' ထဘီကောင်းစေ ခြေကောင်းစေ ' စသော တဘောင်သံများ ပေါ်ကုန်သည်။ ဗေဒင်ပိုင်း၌လည်း ' နောင်ဆိုသည်ကား မြအလား ' ' အန္တော ဂဗ္ဘေစုတ်ဝင်စေ ' ဟူ၍ ခုနစ်လုံးဘွဲ့ဖြင့် လိုရာကို မှတ်သားကြသည်။ မုံရွေးဆရာတော် မှတ်စု၌ ' သတ္တအက္ခရာ သုံးလုံးပုဒ်ဆိုနည်း၊ အဋ္ဌအက္ခရာ ရှစ်လုံးပုဒ် ဆိုနည်း ' စသော မှတ်သားချက် တွေ့ရသည်။
ဤသို့ ထောက်ပြပြီးနောက် ' ယခုအခါ ခုနစ်လုံးဘွဲ့ ပြန်လည်စန်းထ လာပြန်ပြီ ' ဟူ၍ မှတ်ချက်ချထားပါသေးသည်။ မှန်ပါသည်။
ဆရာကြီး ဦးဖိုးစိန် မြန်မာကဗျာဖွဲ့နည်းကျမ်း ပြုစုသည့် ၁၂၅၉ ခု အချိန်တွင် ပြန်လည်စန်းထလာသော ထိုခုနစ်လုံးဘွဲ့ ကလေးများသည် ယခု အနှစ်ငါးဆယ်ကျော်လာသည့် အချိန်တိုင်အောင်ပင် ဆက်လက်၍ အသုံးတွင်ကျယ်နေသေးသည်ကို တွေ့ရပါသည်။
ကျွန်တော်တို့ သုံးစွဲပြောဆိုနေသော စကားပုံများတွင် ခုနစ်လုံးဘွဲ့ စကားပုံများ အများအပြား ပါဝင်နေကြောင်း လေ့လာကြည့်လျှင် သိနိုင်ပါသည်။ ' ပညာရဲရင့် ပွဲလယ်တင့် ' ၊ ' သံကို သံဖျက် သံချေးတက် ' ၊ ' စည်းလုံးညီညာ အောင်ကြောင်းဖြာ ' ၊ ' အမိမဲ့သား ရေနည်းငါး ' စသည်ဖြင့် ခုနစ်လုံးဘွဲ့ စကားပုံကလေးများကို ကျွန်တော်တို့ ပါးစပ်ထဲမှာ စွဲနေအောင် အကြိမ်ကြိမ် ပြောဆိုသုံးစွဲခဲ့ကြဖူးပါပြီ။
အခြားအခြားသော မှတ်သားဖွယ်ရာများကိုလည်း ကြည့်ပါဦး။ စိတ်ထဲမှာ မပျောက်မပျက်ဘဲ စွဲငြိပြီး မှတ်မိနေအောင် ခုနစ်လုံးဘွဲ့ကလေးများဖြင့် ရှေးကတည်းက မှတ်သားခဲ့ကြသော အစဉ်အလာရှိပါသည်။ မြန်မာ့သမိုင်းတွင် ကုန်းဘောင်မင်းဆက် တည်ထောင်သည့် ၁၁၁၅ ကို ' ဥဩအော်မြည် ကုန်းဘောင်တည် ' ဟူ၍လည်းကောင်း၊ မန္တလေးမြို့တည်သည့် ၁၂၂၁ ခုကို ' အောင်ကျော်ချမ်းအေး မန္တလေး ' ဟူ၍လည်းကောင်း ခုနှစ်လုံးဘွဲကလေးများဖြင့် မှတ်သားခဲ့ကြသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။
လရာသီအခြေအနေနှင့် ပတ်သက်၍ မှတ်သားရာတွင်လည်း ' ရာသီမသိ ပန်းနှင့်ညှိ ' ဆိုသော အဖွဲ့ကလေးကစ၍ ' တပေါင်းတန်ခူး မိုးသားကျူး ' ၊ ' နယုန်မိုးသေးမြက်သားမွေး ' ၊ ' ဝါဆိုဝါခေါင် ရေဖောင်ဖောင် ' ၊ ' တော်သလင်းနေ ပုစွန်သေ ' ၊ ' ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်း ' စသည်ဖြင့် ခုနစ်လုံးဘွဲ့ ကလေးများဖြင့်ပင် မှတ်သားခဲ့ကြသည် မဟုတ်ပါလော။
နေ့သင့်၊ နံသင့် အမည်မှည့်ရာတွင် ရဟန်းရှင်လူတို့ကို ဆိုလျှင် အစဦးဆုံးစကားကို နေ့နံသင့်အောင် မှည့်ရသည်။ ဂူ၊ ကျောင်းဘုရားတို့ကို ဆိုလျှင် နောက်ဆုံးစကားကို နေ့နံသင့်အောင် မှည့်ရသည်ဟု ဆိုကြပါသည်။ ထိုအချက်ကို မှတ်သားရာတွင် ' ရဟန်းရှင်လူအစယူ၊ ဂူကျောင်းဘုရားနောက်ကထား ' ဟူ၍ ခုနစ်လုံးဘွဲ့ကလေး နှစ်ခုဖြင့် မှတ်သားခဲ့ကြသည်မှာ အထင်အရှားပင်။
ထို့အတူ လူတို့ပြောကြဆိုကြသည့် စကားခြောက်မျိုးရှိသည့်အနက် အကျိုးမရှိသည့် စကားလေးမျိုးကို ပယ်ပြီး အကျိုးရှိသည့် စကားနှစ်မျိုးကိုသာ ပြောသင့်သည်ဟူသော အချက်ကိုလည်း ' စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းကယ် ' ဟူ၍ ခုနစ်လုံးဘွဲ့ကလေးများဖြင့်ပင် မှတ်သားခဲ့ကြပါသည်။
ခုနစ်လုံးဘွဲ့များသည် ကာရန်လည်း ပါသည့်အတွက် နားတွင်စွဲငြိနိုင်သည်။ ထိုသည့်အတွက် ရွတ်ဆိုရလည်း လွယ်သည်။ မှတ်ရသားရလည်း လွယ်သည်။ ထိုအာနိသင်ကို ကောင်းစွာဂရုပြုမိသော ကဗျာဆရာများက ကလေးများအတွက် ခုနစ်လုံး ဘွဲ့ကလေးများ ရေးဖွဲ့ခဲ့ကြသည်မှာလည်း အထင်အရှားပင် ဖြစ်သည်။ ဆရာမင်းသုဝဏ် ရေးဖွဲ့သော ' က ကန်စွန်းပင် ရေမှာရွှင်၊ ခ ခရမ်းသီး ဓားနှင့်လှီး ' စသည့် သင်ပုန်းကြီးလင်္ကာမှသည် ယနေ့သူငယ်တန်းဖတ်စာတွင် ပါဝင်သော ' က ကလေးငယ် ချစ်စဖွယ်၊ ခ ခရေကုံးမလေးပြံုး ' စသည့် သင်ပုန်းကြီးလင်္ကာအထိ ခုနစ်လုံးဘွဲ့ကလေးများပင် ဖြစ်ပါသည်။
ဆောင်ပုဒ်များ ဖန်တီးရာတွင်လည်း ခုနစ်လုံးဘွဲ့များက များစွာ ဩဇာသက်ရောက်ပါသည်။ အကြောင်းအမျိုးမျိုးနှင့် စပ်လျဉ်း၍ အသုံးပြုကြသော ဆောင်ပုဒ်များကို ကြည့်ပါ။ ' စာအုပ်စာပေ လူ့မိတ်ဆွေ ' ၊ ' စာမတတ်သူ တို့ဝိုင်းကူ ' ၊ ' နောင်တစ်ခေတ် ၏ အောင်စစ်သည် ' ၊ ' လုပ်အားတန်ဖိုး ချစ်မြတ်နိုး ' ၊ ' ရှောင်လေဝေးဝေး မူးယစ်ဆေး ' စသည်ဖြင့် တွေ့ရပါလိမ့်မည်။
အချို့သော ခုနစ်လုံးဘွဲ့များသည် လေးလုံးစပ်ကဗျာများမှ အလိုက်သင့် ထုတ်နုတ်ယူငင် သုံးစွဲရာမှ အသုံးတွင်ကျယ် လာခြင်းဖြစ်ကြောင်းကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။ သာဓကအားဖြင့် အင်းဝခေတ်စာဆို ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့လာ ' ပထမအရွယ်၊ ငယ်သော် ကတည့်၊ သိပ္ပခေါင်အား၊ တတ်မြောက်မြားမူ၊ တောသားရန်အောင်၊ ခြင်္သေ့ယောင်သို့၊ မရှောင်မညှာ၊ တင်းတင်းမာ၍ ပညာရဲရင့်၊ ပွဲလယ်တင့်လိမ့် ' ဟူသောအဖွဲ့မှ ' ပညာရဲရင့်၊ ပွဲလယ်တင့် ' ဟူသော စကားခုနစ်လုံးကို အလိုက်သင့် ထုတ်နုတ်သုံးစွဲရာမှ ယခုဆိုလျှင် စကားပုံတစ်ခု ဖြစ်နေပါပြီ။ ထို့အတူ ကုန်းဘောင်ခေတ်စာဆို တွင်းသင်းမင်းကြီး၏ ' မုဒုလက္ခဏပျို့ ' လာ ' လွမ်းညှောက်ပင်မြှင့်၊ လွမ်းဖူးဆင့်၍၊ လွမ်းပွင်ကြွေ့ကြွေ့၊ တဖွေ့ဖွေ့သည်၊ ခြွေ၍ မကြွေနိုင်တကား ' ဟူသော အဖွဲ့မှ ထုတ်နှုတ်ခြင်းဖြင့် ' လွမ်းပွင့်ကြွေ့ကြွေ့ တဖွေ့ဖွေ့ ' ဟူသော စာရေးဆရာတစ်ဦး၏ ဝတ္ထုခေါင်းစဉ် ဖြစ်လာသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။
ခုနစ်လုံးဘွဲ့များ ယနေ့အထိ အသုံးတွင်ကျယ် နေသေးကြောင်း ဝေးဝေးလံလံ ကြည့်စရာမလိုပါ။ သတင်းစာထဲတွင် ပါနေသော ' မြို့တော် သာယာ တို့ဝန်တာ ' ၊ ' ညီညာဖြဖြ ကြိုးပမ်းကြ ' ဟူသည် ဆောင်ပုဒ်မျိုးများက အထင်အရှား သက်သေပြပြီး ဖြစ်ပါသည်။
မြန်မာတို့သည် ကာရန်ကို မြတ်နိုးကြသည်။ အထူးတလည် မှတ်သားစေချင်သော စကားမျိုးကို ကာရန်ကလေးချိတ်ပြီး ပြောတတ်သည်။ အထူးတလည် မှတ်သားစေချင်သော စာမျိုးကို ကာရန်ကလေးချိတ်ပြီး ရေးတတ်သည်။ ကာရန်ပါသည့်အတွက် ကြားရဖတ်ရသူအဖို့ နားစွဲသည်။ လွယ်လွယ်နှင့် မေ့မသွားဘဲ ရုပ်ရှင်ဇာတ်ကား အမည်တွေကို ကျွန်တော်မှတ်မိနေသလို အမှတ်ထင်ထင် ဖြစ်ရသည်။ ကာရန်ချိတ်ရာတွင်လည်း ရှေ့တွင် တင်ပြသကဲ့သို့ ကာရန်တစ်ချက်သာ ချိတ်ရသော ခုနစ်လုံးဘွဲ့ ကလေးများ ဖန်တီးရာလည်း လွယ်ကူကြောင်း တွေ့နိုင်ပါသည်။
ခုနစ်လုံးဘွဲ့ကလေးများသည် ရှေ့အဖို့တွင်လည်း ဆက်လက်၍ အသုံးတွင်ကျယ်နေဦးမည် ဟူ၍သာ ဆိုချင်ပါတော့သည်။
ငွေတာရီမဂ္ဂဇင်း၊
အမှတ် ၃၄၃၊
ဖေဖော်ဝါရီ၊ ၁၉၈၉။
0
responses to “
ခုနစ်လုံးဘွဲ့ ကလေးများ
”