ဝတ္ထုကဗျာနှင့် ဒိဋ္ဌလောကအဖွဲ့
ဝတ္ထုကဗျာနှင့် ဒိဋ္ဌလောကအဖွဲ့
၁၉၀၄ ခုနှစ်တွင် မြန်မာဝတ္ထုလမ်းကြောင်း၌ အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်သည်။ ယခင်ကရှိနှင့်ပြီးသော ဝတ္ထုများနှင့် မတူသည့် ဝတ္ထုတစ်ပုဒ် ထူးထူးခြားခြား ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထိုဝတ္ထုမှာ အများသိကြသော ဂျိမ်းလှကျော်၏ ' မောင်ရင်မောင် မမယ်မ ဝတ္ထု ' ဖြစ်သည်။ ပညာရှင်တို့က ထိုဝတ္ထုကို ပထမဆုံးပေါ်ပေါက်သော မြန်မာကာလပေါ်ဝတ္ထုဟူ၍ သတ်မှတ်ကြသည်။ထိုဝတ္ထုသည် ယခင်ပေါ်ပေါက်ပြီးသော ဝတ္ထုများနှင့်မတူသည်ကား အမှန်ပင်ဖြစ်သည်။ ပေါ်ပေါက်ပြီးသော ဝတ္ထုအများစု သည် ဗုဒ္ဓစာပေဝတ္ထုများ ဖြစ်သည်။ ဂေါတမဘုရားရှင် မပွင့်မီနှင့် ဘုရားရှင်လက်ထက်က အကြောင်းများကို အခြေခံကာ ရေးဖွဲ့သော ဝတ္ထုများဖြစ်သည်။ မြန်မာ့ဘဝ ပတ်ဝန်းကျင်ဟု ဆိုအပ်သော ဒိဋ္ဌဓမ္မလောကကို အခြေခံ၍ ရေးဖွဲ့သော ဝတ္ထုများမဟုတ်။ ထိုဝတ္ထုများကို မြန်မာစာရေးဆရာတို့က ပါဠိမှ မြန်မာပြန်ကြခြင်း ဖြစ်သည်။ မြန်မာမှု ပြုကြခြင်းဖြစ်သည်။ မိမိတို့ ပင်ကိုယ်ဉာဏ်ဖြင့် ရေးဖွဲ့ခြင်းမဟုတ်။ ပင်ကိုဉာဏ်ဖြင့်ရေးဖွဲ့သော ဝတ္ထုမျိုးကား အနည်းအကျဉ်းပေါ်ပေါက်ခဲ့ပါ၏။ သို့သော်လည်း နတ်သိကြားစသည့် တန်ခိုရှင်များ ထည့်သွင်းကာ ယုံတမ်းဆန်ဆန် ရေးဖွဲ့ထားသည်။
မောင်ရင်မောင် မမယ်မ ဝတ္ထုကား ထိုဝတ္ထုတို့နှင့်မတူဘဲ မြန်မာ့ပတ်ဝန်းကျင်ဟု ဆိုအပ်သော ဒိဋ္ဌဓမ္မလောကကို အပြည့် အဝထင်ဟပ်သည့် ဝတ္ထုဖြစ်သည်။ ' မွန်တီခရစ္စတိုနယ်စားကြီး ' ခေါ် ပြင်သစ်ဝတ္ထုကို တစ်စိတ်တစ်ပိုင်း မှီငြမ်းပြုသော်လည်း မြန်မာ ဆန်ဆန် ဒိဋ္ဌဓမ္မလောကကို ထင်ဟပ်ပြထားသည်။
ထို့ကြောင့် ထိုဝတ္ထုကို ရှေးကပေါ်ခဲ့သည့် ဝတ္ထုများနှင့် ကွဲပြားအောင် ' ကာလပေါ်ဝတ္ထု ' ဟုခေါ်ကြသည်။
ထိုဝတ္ထု၏ ဂုဏ်ကို ဖော်ထုတ်ချီးကျူးကြရာတွင် ' ယုံတမ်းလောကထဲ၌ မွေ့လျောနေကြသော ပရိသတ်ကို လှုပ်နှိုးလိုက်၍ ဒိဋ္ဌဓမ္မလူ့လောကကို မြင်တတ်လာအောင် ပြုလုပ်ပေးလိုက်မိသကဲ့သို့ ရှိကြောင်း၊ ဒိဋ္ဌဓမ္မလူ့လောက သရုပ်ဖော်သဘောသည် ယုံတမ်း လောကကို တိုက်ခိုက်လိုက်ပြီဖြစ်ကြောင်း၊ လူ့လောကထဲ၌ မြင်နေကြားနေကျ လူ့အမူအရာကို ရသမြောက်အောင် ဖွဲ့နိုင်ကြပြီ ဖြစ်ကြောင်း ' စသည်ဖြင့် လေးစားလောက်သော ပညာရှင်တို့က အားပါးတရ ချီးကျူးကြိုဆိုခဲ့ကြသည်။
မြန်မာဝတ္ထုလောကအတွက် ထိုအလှည့်အပြောင်းကို ကြိုဆိုအပ်သည် မှန်ပါ၏။ ချီးကျူးအပ်သည် မှန်ပါ၏။
ထိုအလှည့်အပြောင်းကို အကြောင်းပြု၍ မြန်မာတို့သည် ဒိဋ္ဌဓမ္မလူ့လောကကို သရုပ်ဖော်သည့် အဖွဲ့မျိုး ယခင်က မရေးဖွဲ့ တတ်ကြသယောင်၊ မြန်မာစာပေတွင် ဒိဋ္ဌဓမ္မ လူ့လောကအဖွဲ့မျိုး ယခင်က မပေါ်ပေါက်ခဲ့ဖူးသယောင် တစ်ဖက်စောင်းနင်း ပြောဆို ရေးသားမှုများ ရှိလာသည်။ ကာလပေါ်ဝတ္ထု၏ ဒိဋ္ဌဓမ္မလူ့လောက ထင်ဟပ်သရုပ်ဖော်မှုကို ချီးကျူးရင်းက မြန်မာစာပေတွင် ထိုအရေး အဖွဲ့မျိုး ယခင်ကမရှိရကောင်းလားဟု ကဲ့ရဲ့ပြစ်တင်မိလျက်သား ဖြစ်သွားသည့် ပြောဆိုရေးသားမှုများပင် ဖြစ်သည်။
ဝတ္ထုနယ်ပယ်တစ်ခုတည်း ကွက်ကွက်ကလေး ပြည့်လျှင်တော့ ဟုတ်ပါလိမ့်မည်။ သို့သော် မြန်မာစာပေလမ်းကြောင်းတွင် အင်နှင့်အားနှင့် ထုနှင့်ထည်နှင့် ထွန်းကားခဲ့သော ကဗျာနယ်ပယ်ဘက်သို့ ငဲ့စောင်းကြည့်လျှင်ကား ဒိဋ္ဌဓမ္မ လူ့လောကကို ထင်ဟပ် ရေးဖွဲ့ သရုပ်ဖော်မှုသည် မြန်မာကဗျာလမ်းကြောင်းတွင် ပုဂံခေတ်ကတည်းက အခိုင်အမာရှိခဲ့ပြီး ခေတ်အဆက်ဆက် စည်ပင်ဖွံ့ဖြိုး လာကြောင်း တွေ့ရပါလိမ့်မည်။
ပုဂံခေတ်ပေါ် မြကန်ဘွဲ့ကဗျာတွင် ခိုင်မာသော ကန်ပေါင်ရိုးနှင့် အေးမြကြည်လင်သော ရေတို့ဖြင့်ပြည့်နေသော မြကန်ကို သရုပ်ဖော်ရာ၌ ' ကြာပေါင်းထုံထုံ ငှက်မျိုးစုံ ' နေပုံ၊ ' ဝတိန်သာက နန္ဒာလော ' ဟု ဆိုရလောက်အောင် တင့်တယ်ပု့တို့ကို ဖွဲ့စည်း ထားသည်မှ ဒိဋ္ဌဓမ္မလောက ဩကာသဝန်းကျင် အဖွဲ့များ၏ အဦးအစဟု ဆိုနိုင်လောက်သည်။ နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် ရှင်မဟာရဋ္ဌသာရ၏ ရွှေစက်တော်သွား တောလားမှစ၍ ရတု၊ အဲချင်း၊ လူးတား၊ လေးချိုးကြီး စသည်တို့မှ ရာသီဘွဲ့များကို ကြည့်လျှင် စာဆို၏ ကိုယ်တွေ့ဖြစ်သော ဒိဋ္ဌဓမ္မ ဩကာသလောကကို ထင်ဟပ်ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ မြန်မာ့ရေမြေ ပတ်ဝန်းကျင်၏ အလှကို နှစ်သက်မြတ်နိုးဖွယ် ရေးဖွဲ့ထားသော အဖွဲ့များဖြစ်သည်။
တစ်ဖန် ရတု၊ ဧချင်း၊ မော်ကွန်းတို့တွင် ထီးနန်းဝန်းကျင်မှ မင်းနှင့်တကွ မင်းညီမင်းသား၊ မင်းသမီးများ၊ မှူးမတ်၊ အမှုထမ်း များ၏ ချစ်ရေးလွမ်းရေး ကိစ္စများကအစ နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်ချက်များ၊ လက်ရုံးရည်ပြတိုက်ပွဲများ စသည်တို့ကို ကိုယ်တွေ့မျက်မြင် ထင်ဟပ်သရုပ်ဖော်သည့် ဒိဋ္ဌဓမ္မလောက အဖွဲ့များကို အင်နှင့်အားနှင့် တွေ့ရမြဲဖြစ်သည်။ ထီးနန်းဝန်းကျင်ကို နောက်ခံပြုလျက် လှုပ်ရှားကြသော လူ့အမူအရာ အမျိုးမျိုးကို ထိုအဖွဲ့များတွင် အထင်အရှား တွေ့နိုင်သည်။
ပဒေသရာဇာ၏ တျာချင်းများတွင် လူ့အမူအရာအဖွဲ့များသည် ထီးနန်းဝန်းကျင်မှ ပြည်သူလူထုဝန်းကျင်သို့ ကူးပြောင်း လာသည်ကို အများအသိပင်ဖြစ်သည်။ သာမန်ဆင်းရဲသားများ ပြည်သူများဖြစ်သော ထန်းတက်သမား၊ လယ်သမား၊ ပိန်းကော လှေသမား၊ ကုန်တင်လှေကြီးသမား၊ အောက်မား ဆင်ဖမ်းသမား၊ တောင်ပိုင်တက်သမားတို့၏ အမူအရာအသီးသီးကို စာနာစိတ်ဖြင့် ဖွဲ့ပြသော ဒိဋ္ဌဓမ္မအဖွဲ့များဖြစ်သည်။ တောင်တွင်းရှင်ငြိမ်းမယ်၏ အိုင်ချင်းများတွင်မူ ကျေးလက်လုံမပျိုတို့၏ ချစ်ရေးလွမ်းရေးကို အခြေခံသည့် ဒိဋ္ဌဓမ္မအဖွဲ့များကို အင်နှင့်အားနှင့် တွေ့ရမည်ဖြစ်သည်။
ကဗျာဖြင့်လည်းကောင်း၊ စကားပြေတွင် ကာရန်ကလေးများဖြင့်သော် လည်းကောင်း၊ ဝေဝေဆာဆာ ဖွဲ့တတ်သည့် ' မေတ္တာစာ ' အဖွဲ့မျိုးကို ကြည့်ပါဦး။ အင်းဝခေတ်ရဟန်းတော်များက မင်းထံတင်သွင်းသည့် မေတ္တာစာများကစ၍ ကုန်းဘောင်ခေတ် တွင် အများအားဖြင့် သာမန်ပြည်သူတို့ကိုယ်စား ရေးဖွဲ့ပေးလေ့ရှိသော ကျည်းကန်ရှင်ကြီး၊ ဦးပုည၊ ကျီးသဲဆရာတော်စသည့် စာဆိုတို့၏ မေတ္တာစာများတွင် လူ့အမူအရာ အမျိုးမျိုးကို စိတ်ဝင်စားဖွယ် တွေ့နိုင်သည်ပင်။ တို့ရုံထိရုံပြခဲ့သော ဤသာဓကများကို ကြည့်လျှင်ပင် မြန်မာ့ကဗျာလမ်းကြောင်း၌ ဒိဋ္ဌဓမ္မလူ့လောကကို ထင်ဟပ်ရေးဖွဲ့သည့် အလေ့အလာမျိုး အခိုင်အမာရှိပြီးဖြစ်ကြောင်း ထင်ရှားလောက်ပါပြီ။ သို့ဆိုလျှင် ဝတ္ထုလမ်းကြောင်း၌ ဒိဋ္ဌဓမ္မလူ့လောကကို ထင်ဟပ်ရေးဖွဲ့သည့် အလေ့အလာမျိုး အခိုင်အမာရှိပြီး ဖြစ်ကြောင်း ထင်ရှားလောက်ပါပြီ။ သို့ဆိုလျှင် ဝတ္ထုလမ်းကြောင်း၌ ဗုဒ္ဓစာပေဝတ္ထများ၏ စည်ပင်ကြွယ်ဝမှုကြောင့် မြန်မာ့စာဆို တို့သည် ထိုဝတ္ထုများကို အမြတ်တနိုး မြန်မာမှုပြုရန် စိတ်အားထက်သန် နေကြသည့်အတွက် ကဗျာလမ်းကြောင်းမှာကဲ့သို့ ကိုယ်တွေ့ဒိဋ္ဌဓမ္မလောကဝန်းကျင်ကို ဝတ္ထုပုံသဏ္ဌာန်ဖြင့် ရေးဖွဲ့ရန် အာရုံမရောက်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုနိုင်ကောင်းပါသည်။
၁၉၀၄ ခုနှစ်၌ ' မောင်ရင်မောင် မမယ်မ ' ဆိုသော ကာလပေါ်ဝတ္ထု ပေါ်ပေါက်ချိန်၌ လူ့လောကထဲ၌ မြင်နေကျ ကြားနေကျ လူ့အမူအရာကို ရသမြောက်အောင် ရေးဖွဲ့သည့် အလေ့အလာမျိုးသည် မြန်မာ့ကဗျာလမ်းကြောင်းတွင် စည်ပင်ဖွံ့ဖြိုး သည့် အခြေအနေသို့ ရောက်နေပါပြီ။
လျော့လျော့ပေါ့ပေါ့ဆိုရလျှင် ဝတ္ထုနှင့်ပတ်သက်၍ ပုဂ္ဂိုလ်အချို့ကဲ့ရဲ့ ပြစ်တင်သကဲ့သို့ မြန်မာစာပေတွင် ဒိဋ္ဌဓမ္မလူ့လောက ကို သရုပ်ဖော်သည့်အဖွဲ့မျိုး ယခင်က မရေးဖွဲ့တတ်ကြဟု ဆိုသည်မှာ လုံးဝမမှန်ကန်ကြောင်း သိသာထင်ရှားလောက်ပါပြီ။
ဝတ္ထုနယ်ပယ်တစ်ခုတည်းကို ကွက်မကြည့်ဘဲ မြန်မာစာပေနယ်ပယ် တစ်ခုလုံး ဖြန့်ကြက်ကြည့်လျှင်ကား ဒိဋ္ဌဓမ္မလောက အဖွဲ့များ၏ အနေအထားကို မှန်မှန်ကန်ကန် မြင်တွေ့နိုင်ဖွယ်ရှိသည်ဟု သဘောရပါသည်။
စံပယ်ဖြူ
အမှတ် ၇၀၊ နိုဝင်ဘာ၊ ၁၉၉၁။
0
responses to “
ဝတ္ထုကဗျာနှင့် ဒိဋ္ဌလောကအဖွဲ့
”