ရာဇကုမာရ်နှင့် ပတ်သက်၍
ရာဇကုမာရ်နှင့် ပတ်သက်၍
စာပေသုတေသနပြုရာ၌ အချက်အလက်သစ်များကို ဖော်ထုတ်ရရှိသောအခါ ထိုအချက်အလက်သစ်များကို အကြောင်းပြု၍ အသိသစ် အမြင်သစ်များလည်း ရရှိလာမြဲဖြစ်သည်။
သို့သော် ထိုအသိသစ် အမြင်သစ်များနှင့် ကွဲပြားခြားနားသော အသိဟောင်း အမြင်ဟောင်းများသည် အများက အစဉ်အဆက် စွဲမြဲစွာ လက်ခံထားသော အသိအမြင်မျိုး ဖြစ်နေလျှင်ကား ထိုအသိဟောင်း အမြင်ဟောင်းကို အလွယ်တကူ စွန့်ပယ်ပြီး အသစ်ပေါ်လာသော အသိသစ်အမြင်သစ်ကို ပြောင်းလဲလက်ခံရန် ဝန်လေးတတ်ကြသည်။ ထိုအခြေအနေမျိုးတွင် အသိသစ်အမြင်သစ်က အသိဟောင်း အမြင်ဟောင်းကို ထိုးဖောက်လွှမ်းမိုးရန် အခက်အခဲရှိတတ်သည်။ ကျွန်တော်ပါဝင် ဆွေးနွေး ခဲ့ဖူးသော ပြဿနာတစ်ရပ်နှင့် စပ်လျဉ်း၍ ဤသို့ဤနှယ် သုံးသပ်မိခြင်း ဖြစ်ပါသည်။ ပြဿနာမှာ အမျိုးသိကြသော ' ရာဇကုမာရ် ကျောက်စာ ' မှ ရာဇကုမာရ် နှင့်ဆိုင်သော ပြဿနာ ဖြစ်ပါသည်။
ရာဇကုမာရ်ကျောက်စာသည် ယခုထိ သက္ကရာဇ် အခိုင်အမာနှင့် တွေ့ရသော ကျောက်စာများတွင် အစောဆုံး ကျောက်စာဖြစ်သည်ဟု ပညာရှင်တို့ ဆိုကြသည်။ အကြောင်းအရာ တစ်မျိုးတည်းကို ပါဠိ၊ မွန်၊ မြန်မာ ဟူသော ဘာသာစကား လေးမျိုးဖြင့် ရေးထိုးထားကြောင်း ရေးထိုးသည့် အကြောင်းအရာ အချုပ်မှာ ပုဂံပြည့်ရှင် ' ဂြီတြိဘုဝနာဒိတျဓမ္မရာဇ်မင်း ' (ကျန်စစ်သားမင်း) မင်း၏ မိဖုရား ' တြိလောကဝဋံသကာဒေဝီ ' တွင် ရာဇကုမာရ် မည်သော သားတစ်ယောက်ရှိကြောင်း၊ မင်းကြီးက မိဖုရားကို ကျွန်သုံးရွာ အပိုစားပေးခဲ့ကြောင်း၊ မိဖုရား ကံကုန်သောအခါ မင်းကြီးက ထိုကျွန်သုံးရွာကို ရာဇကုမာရ် အား ပေးပြန်ကြောင်း မင်းကြီးနတ်ရွာစံခါနီးတွင် ရာဇကုမာရ်သည် မင်းကြီး၏ ကျေးဇူးတရားကို အောက်မေ့ဆင်ခြင်မိ၍ ရွှေဆင်းတုတစ်ဆူ သွန်းလုပ်ပြီး မင်းကြီးရှေ့တော်သို့ ပင့်ဆောင်လာကြောင်း၊ ထို့နောက် မင်းကြီးအတွက် ဤရွှေဆင်းတုကို သွန်းလုပ်ခြင်း ဖြစ်သည့်အကြောင်း၊ မိမိကို မင်းကြီးပေးသော ကျွန်သုံးရွာကိုလည်း ရွှေဆင်းတုအား လှူသည့်အကြောင်းတို့ကို လျှောက်ထားရာ မင်းကြီးဝမ်းမြောက်ပြီး သာဓုခေါ်၍ သံဃာတော်များ ရှေ့မှောက်တွင် ရေစက်သွန်းချကြောင်း၊ ထို့နောက် ရာဇကုမာရ်သည် ရွှေဆင်းတုကို ဌာပနာ၍ (ယခုမြင်းကပါ ဂူပြောက်ကြီးဟုခေါ်သော) ဂူဘုရားတစ်ဆူတည်ကြောင်းတို့ပင် ဖြစ်ပါသည်။
ပညာရှင်တို့က ဤကျောက်စာကို ရာဇဝင်လာဖြစ်ရပ်နှင့် ဆက်စပ်ပြောကြသည်။ အနော်ရထာမင်းလက်ထက်တွင် ကျန်စစ်သားသည် မင်းမျက်သင့်၍ တိမ်းရှောင်နေစဉ် မထီးတူမ သမ္ဘူလနှင့် သင့်မြတ်ခဲ့ပုံ၊ စောလူးမင်း နန်းတက်ချိန်၌ ပုဂံသို့ ပြန်ခဲ့ရပုံ၊ ပဋိသန္ဓေ လွယ်ထားရသော သမ္ဘူလကို လက်စွပ်ပေး၍ သားမွေးလျင် လိုက်လာခဲ့ရန် မှာကြားခဲ့ပုံ၊ သမ္ဘူလ သားဖွားမြင်ပုံ၊ ကျန်စစ်သား နန်းတက်ပြီး နှစ်နှစ်အကြာတွင် သမ္ဘူလသည် ခုနှစ်နှစ်အရွယ်သားကို ခေါ်၍ ပုဂံသို့ လိုက်လာခဲ့ပုံ၊ ကျန်စစ်သားက သမ္ဘူလကို ဦးဆောက်ပန်းဘွဲ့ပေးပြီး သိမ်းပိုက်ပုံ၊ ထိုအချိန်တွင် မြေးတော်အလောင်းစည်သူကို အိမ်ရှေ့နှင်းပြီး ဖြစ်၍ သားကို ဇေယျခေတ္တရာဘွဲ့ဖြင့် ဓညဝတီ တောင်စဉ်ခုနှစ်ခရိုင်ကို အပိုင်စားပေးပုံဟူသော ရာဇဝင်လာ ဖြစ်ရပ်များနှင့် ဆက်စပ်ပြပြီး ရာဇကုမာရ်ကျောက်စာထဲမှ ' တြိလောကဝဋံသကာဒေဝီ ' သမ္ဘူလဖြစ်ကြောင်း၊ ရာဇကုမာရ်မှာ ဇေယျခေတ္တရာ ဖြစ်ကြောင်း ဖော်ညွှန်းပါသည်။
ဤအကြောင်းအရာများကို လေ့လာသူတို့ကလည်း ထီးနန်းရထိုက်ပါလျက် မရရှာသော ဇေယျခေတ္တရာခေါ် ရာဇကုမာရ်ကို ကရုဏာသက်ကြသည်။ ဖခင်ဖြစ်သူ ဘဝကူးခါနီးတွင် ဘဝကူးကောင်းအောင် အကောင်းဆုံးနည်းဖြင့် ကျေးဇူးဆပ်သော သားလိမ္မာအဖြစ်လည်း ချီးကျူးကြသည်။ ကျန်စစ်သားနှင့် ရာဇကုမာရ်တို့၏ ဇာတ်လမ်းသည် နှစ်သက် စွဲလမ်းဖွယ် ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်သည်။ သို့သော် ရှေးခေတ်ပညာရှင်တို့က အဆိုပါအကြောင်းအရာကို ထောင့်စေ့အောင် စူးစမ်းလေ့လာပြီးနောက် အားနည်းချက်များကို ဖော်ထုတ်ပြကြသည်။ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်းက ကျန်စစ်သားမင်း၏ ထီးမွေနန်းမွေ ပြဿနာနှင့် ပတ်သက်၍ ရာဇဝင်လာအကြောင်းပြချက်မှာ ကျေနပ်ဖွယ်မဟုတ်ကြောင်း ကျောက်စာအကိုးအကားဖြင့် ထောက်ပြသည်။ ထီးလိုင်မင်း(ကျန်စစ်သား) သည် ၁၀၈၄ ခုတွင် ထီးနန်းသိမ်းပိုက်ခြင်းဖြစ်ရာ ထီးနန်းရပြီးနှစ်နှစ်အကြာတွင် သမ္ဘူလတို့သားအမိပုဂံလိုက်လာသည် ဆိုသောကြောင့် လိုက်လာသည့်နှစ်မှာ ၁၀၈၆ ခုဖြစ်ရမည်။
ရာဇဝင်အရ ထိုအချိန်တွင် မြေးတော် အလောင်းစည်သူကို ထီးနန်းအမွေပေးပြီးဖြစ်သည်ဟု ဆိုသည်။
သို့သော် ၁၁၁၅ ခု ရေးထိုးသော ကျောက်စာ (ဓာတ်ပုံ ၁၁၃)အရ အလောင်းစည်သူ၏ မွေးသက္ကရာဇ်မှာ ၁၀၈၉ ခု ဖြစ်ကြောင်းသိရသည်။ သိုဆိုလျှင် သမ္ဘူလတို့ သားအမိ ပုဂံရောက်ချိန်တွင် အလောင်းစည်သူမှာ မွေးပင်မမွေးသေးကြောင်း ထင်ရှားသည်။ ထိုအထောက်အထားများအရ ကျန်စစ်သားသည် အလောင်းစည်သူကို ထီးနန်းအမွေပေးပြီးဖြစ်၍ သားတော်ကို ထီးနန်းအမွေ မပေးနိုင်တော့ဘဲ ဇေယျခေတ္တရာဘွဲ့ဖြင့် တောင်စဉ်ခုနှစ်ခရိုင်ပေးသည် ဟူသော ရာဇဝင်လာအဆိုနှင့် မညီညွတ်ကြောင်း တွေ့ရပါသည်။ ထိုသို့ ရာဇဝင်နှင့် ကျောက်စာကွဲလွဲမှုကို ထောက်လျှင် ရာဇဝင်လာ ဇေယျခေတ္တရာနှင့် ကျောက်စာလာ ရာဇကုမာရ်မှာ ပုဂ္ဂိုလ်တစ်ဦးတည်း ဖြစ်သည်ဟု အခိုင်အမာဆိုရန်လည်း အားနည်းချက်ရှိပါသည်။
အရှေ့တိုင်းပညာ ပါမောက္ခဆရာကြီး ဦးတင့်လွင်က ' ရာဇကုမာရ် ကျောက်စာနိဒါန်း ' ဟူသော စာတမ်း ' ရာဇကုမာရ်သည် ဇေယျခေတ္တရာဟူသော အမည်ဖြင့် ဓညဝတီနှင့်တကွ တောင်စဉ်ခုနှစ်ခရိုင်ကို မင်းပြုရ၏ ဟူသော ရာဇဝင် အဆိုကို ထောက်ခံသည့် ကျောက်စာအထောက်အထားများကို မတွေ့ရသေးပါ ' ဟုမိန့်ဆိုသည်။
ထို့ပြင် ရာဇကုမာရ် ပါဠိကျောက်စာတွင် ရာဇကုမာရ်သည် အမတ်ဖြစ်ကြောင်း အတိအလင်း ဖော်ပြထားသည်ကို ရည်ညွှန်းလျက် ' အမတ်ဟူသော သက္ကတဝေါဟာရ(အမာတျ)၊ ပါဠိဝေါဟာရ (အမစ္စ) တို့သည် မှူးမတ်ဟူသော အနက်ကို လည်းကောင်း၊ တစ်အိမ်တည်းသားဟူသော အနက်ကိုလည်းကောင်း ပြလေရာ ဤ၌ တစ်အိမ်တည်းသားဟူသော အနက်ကို ယူသင့်သည်ဟု ထင်ပါသည်။ သို့ဆိုလျှင် ရာဇကုမာရ်သည် တောင်စဉ်ခုနှစ်ခရိုင်နှင့် ရခိုင်ကိုစား၍ အဝေး၌နေသည်ထက် ထီးလိုင်မင်း၏ အပါးတွင် ခစားနေသည်က ပို၍ဆီလျော်ဖွယ် ရှိပါသည် ' ဟု ကောက်ချက်ချထားပါသည်။
အရှေ့တိုင်းပညာဌာနမှ ဆရာကြီးဦးကျော်ရှိန်၏ ' ရာဇကုမာရ်ပြဿနာ ' စာတမ်းတွင်မူ ထိုအကြောင်းကို အကျယ်တဝင့် ဆွေးနွေးထားသည်ကို တွေ့ရပါသည်။ ဆရာကြီးက (၁) ရာဇကုမာရ်သည် ဇေယျခေတ္တရာပင် ဖြစ်ပါလေသလော။ (၂) ရာဇကုမာရ်သည် ထီးလိုင်မင်း၏ သားလည်း ဖြစ်ပါသလောဟူသော ပြဿနာကို ရာဇကုမာရ် ကျောက်စာဖြင့် ဆွေးနွေးခြင်း ဖြစ်သည်။
ကျောက်စာအရာ ရာဇကုမာရ်သည် ထီးလိုင်မင်း နတ်ရွာစံခါနီးမှစ၍ ကျောက်စာရေးထိုးပြီးချိန်ထိ ပုဂံမှာ ရှိနေသည်ဟု ဆိုနိုင်ကြောင်း၊ ကျောက်စာတွင် ဇေယျခေတ္တရာအမည်နှင့် ဆက်စပ်သော အကြောင်းအရာ အရိပ်အမြွက်မျှ မပါသည်ကိုထောက်လျှင် ရာဇကုမာရ်ဟူသော ငယ်နာမည်ကို ဇေယျခေတ္တရာ ဟူသော ဘွဲ့မည်ထက် ပိုမိုနှစ်ခြိုက်၍လော၊ သို့မဟုတ် မိမိသည် ရာဇကုမာရ်သာဖြစ်ပြီး ဇေယျခေတ္တရာ မဟုတ်၍လောဟု တွေးတောဖွယ်ဖြစ်ကြောင်း သုံးသပ်ပြသည်။
ရာဇကုမာရ် ပါဠိကျောက်စာတွင် ရာဇကုမာရော နာမနာမတော (အမည်အားဖြင့် ရာဇကုမာရ်မည်သော) ဟု ရည်ညွှန်းထားပုံအရ အမည်အားဖြင့်သာ ရာဇကုမာရ်ဖြစ်ပြီး တကယ်မင်းသားမဟုတ်ဟု ယူဆနိုင်ပုံ၊ ရာဇကုမာရ်ကို အမစ္စော (အမတ်)၊ မဟာအမစ္စော (အမတ်ကြီး)ဟု အတိအလင်း ဖော်ညွှန်းထားပုံအရ ရာဇကုမာရ်သည် အမတ်ဖြစ်သည်မှာ ထင်ရှားပုံ၊ အမတ်မဟုတ်ဘဲ (အမစ္စ)ဟု ရေးမည်မဟုတ်ပုံ၊ ဇေယျခေတ္တရာဆိုလျှင်လည်း တောင်စဉ်ခုနှစ်ခရိုင်စားရသော မင်းငယ်(ပဒေသရာဇာ) တစ်ပါးသာဖြစ်၍ အမတ်မဟုတ်ပုံ၊ ပုဂံမှ ရာဇကုမာရ် အမတ်ကြီးသည် တောင်စဉ်ခုနှစ်ခရိုင်မှ ဇေယျခေတ္တရာ မဖြစ်နိုင်ပုံတို့ကို အခိုင်အလုံ တင်ပြထားသည်။
ထို့ပြင် ရာဇကုမာရ်ကျောက်စာ ဘာသာလေးမျိုးစလုံးတွင် ရာဇကုမာရ်ကို မိဖုရား၏ သားဟူ၍သာ အစဉ်တစိုက် ပြထားပုံ၊ ကျောက်စာတွင် ရာဇကုမာရ်က ကျန်စစ်သားမင်းကို ' ဖခင် ' ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းမရှိဘဲ ' အရှင်သခင် ' အဖြစ်သာ ခေါ်ဝေါ်သုံးနှုန်းပုံ၊ မြန်မာကျောက်စာတွင် ' မိမိကိုမွေးသော မင်းကြီး ' ဟုပြသော်လည်း ပါဠိကျောက်စာတွင်မူ ' ဓမ္မရာဇ်၏ များစွာသော ကျေးဇူးအပုံ ' ဟုပြပုံ၊ မိမိကို မွေးမြူပြုစုခဲ့သော မင်းကြီးဖြစ်၍ မင်းကြီးဟုသာ ခေါ်ခြင်းဖြစ်ပုံတို့ကို ထောက်ပြသည်။ မိမိ၏ ဖခင်ဖြစ်လျှင် ' အဖ ' ' ဖခင် ' စသည်ဖြင့် သုံးနှုန်းခေါ်ဝေါ်သင့်ပါလျှက် လေးဘာသာစလုံးတွင် ဖခင်အဖြစ် တစ်လုံးတစ်ပါဒမျှ မရည်ညွှန်းဘဲ အရှင်သခင် မင်းကြီးအဖြစ်သာ ရည်ညွှန်းခြင်း၊ မိမိကိုယ်ကိုလည်း မြန်မာကျောက်စာတွင် ' အတို့ကျွန် ' ဟူ၍ ကျေးတော်မျိုး ကျွန်တော်မျိုး အဖြစ်သာ ရည်ညွှန်းခြင်းတို့မှာ ထင်ရှားသိသာသော အချက်ဖြစ်သည်။
ဆရာကြီး ဦးကျော်ရှိန်သည် ထိုအချက်များကို ဆွေးနွေးပြီးနောက် ရာဇကုမာရ်ကိုယ်တိုင် စိုက်ထူခဲ့သော ကျောက်စာပါ အချက်အလက်များကို ထောက်ထား၍ (၁) ကျောက်စာပါ ရာဇကုမာရ်သည် ဇေယျခေတ္တရာမဟုတ် (၂) ရာဇကုမာရ်သည် ' တြိလောကဝဋံသကာဒေဝီ ' ၏သား ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြထားသော်လည်း ထီးလိုင်မင်း (ကျန်စစ်သား) သည် ရာဇကုမာရ်၏ ခမည်းတော်ဖြစ်သည်ဟု လည်းကောင်း၊ ရာဇကုမာရ်သည် ထီးလိုင်မင်း (ကျန်စစ်သား)၏ သားတော်ဖြစ်သည် ဟုလည်းကောင်း အတိအကျဆိုနိုင်ရန် ခိုင်လုံသော အထောက်အထားကိုမူ ကျောက်စာ၌ မတွေ့ရဟု ကောက်ချက်ချထားသည်ကို တွေ့ရပါသည်။
ပညာရှင်ဆရာကြီးများ၏ ဖော်ထုတ်ချက်သည် ယခင်က မဖော်ထုတ်နိုင်ဖူးသေးသော အချက်အလက် အသစ်ဖြစ်၍ အသိသစ် အမြင်သစ် ပေးပါသည်။ အထောက်အထား ခိုင်လုံစွာ ပြထားခြင်း ဖြစ်သည့်အတွက် ထိုထုတ်ဖော်ချက်ကို ' မဟုတ် ' ဟု ငြင်း၍မရပါ။
ရာဇဝင်တွင် ကျန်စစ်သားမင်း၏ သားဟု ဖော်ပြထားသော ဇေယျခေတ္တရာသည် ရာဇကုမာရ် မဟုတ်လျှင် ရာဇကုမာရ်သည် မည်သူနည်း။ ထီးလိုင်မင်း(ကျန်စစ်သား)နှင့် ရာဇကုမာရ်တို့ သားအဖတော်သည်ဟု တိုက်ရိုက် အတိအလင်း ဖော်ပြသော အထောက်အထား ရာဇကုမာရ်ကျောက်စာမှာ မပါကြောင်းကား ထင်ရှားနေပါပြီ။ သို့ဖြစ်လျှင် ကျန်စစ်သားနှင့် ရာဇကုမာရ်တို့ သားအဖတော်သည်ဟု အစဉ်အဆက် လက်ခံခဲ့သော အချက်မှာ သံသယရှိဖွယ် ဖြစ်နေပါပြီ။ အကယ်၍ အထောက်အထားသစ်များ ထပ်မံတွေ့ရှိလာဦးမည်ဆိုလျှင် ထိုပြဿနာသည် ပို၍ ရှင်းလင်းသွားပေလိမ့်မည်။
သုတေသနပြုရာတွင် သံသယကို လက်ကိုင်ပြု၍ စူးစမ်းလေ့လာခြင်းဖြင့် အချက်အလက်သစ်များ ဖော်ထုတ်နိုင်ပုံ၊ အမှားကို မှန်အောင်ပြင်နိုင်ပုံ၊ မပြည့်စုံသော အချက်ကို ပြည့်စုံအောင် ဖြည့်စွက်နိုင်ပုံတို့ကို သာဓက ဆောင်သည့်အနေဖြင့် ဆွေးနွေးပွဲတစ်ခုတွင် အဆိုပါပညာရှင်များ၏ ဖော်ထုတ်ချက်ကို ကျွန်တော်ကတစ်ဆင့် ဖောက်သည်ချပြီး ဆွေးနွေး တင်ပြခဲ့ပါသည်။ အစဉ်အဆက် အခိုင်အမာ လက်ခံထားခဲ့သော ' သားအဖတော်သည် ' ဟူသော အယူအဆပင်လျှင် ဖော်ပြပါ စူးစမ်းဖော်ထုတ်ချက်အရ သံသယဖြစ်ဖွယ် အခြေအနေသို့ ရောက်ရပုံကို သုတေသန စိတ်ဝင်စားသည့် လူငယ်များ ဂရုပြုမိစေရန် တင်ပြဆွေးနွေးခြင်း ဖြစ်ပါသည်။
သို့သော် ကျွန်တော့်ဆွေးနွေးချက် (အမှန်မှာ ပညာရှင်ကြီးများ၏ တွေ့ရှိချက်ကို ကျွန်တော်ကတစ်ဆင့် ဖောက်သည်ချခြင်းသာ ဖြစ်သည်)နှင့် ပတ်သက်၍ အကျောက်အကန် ကန့်ကွက်ငြင်းပယ်မှုများကို ကြားခဲ့ရပါသည်။ အချို့က ဤဆွေးနွေးချက်ကို လက်ခံလိုက်လျှင် အစဉ်အဆက် လက်ခံလာခဲ့ကြသော ကျန်စစ်သားနှင့် ရာဇကုမာရ်တို့ အတုံ့အပြန် မေတ္တာထားကြသော သားအဖ ဇာတ်လမ်းကလေး ပျက်စီးသွားပြီး အဖေကို အကောင်းဆုံးကျေးဇူးဆပ်သော ရာဇကုမာရ်၏ ' သားလိမ္မာ ' ဟူသော ဂုဏ်ပုဒ်ပါ ပျောက်ပျက်သွားလိမ့်မည်ဟုလည်း ဆိုကြသည်။
ကျွန်တော်က ' ကျန်စစ်သားနှင့် ရာဇကုမာရ် သားအဖမဟုတ်သည့်အတွက် ရာဇကုမာရ်ကျောက်စာ၏ အနှစ်သာရသည် လျော့ပါးမသွားနိုင်ကြောင်း၊ သားအရင်းက ဖခင်အရင်းကို ကျေးဇူးဆပ်ခြင်းမှာ အံ့ဩဖွယ် မဟုတ်သော်လည်း သားမဟုတ်သူက မိမိကို ဖခင်သဖွယ် ကျွေးမွေးစောင့်ရှောက်ခဲ့သော အရှင်သခင်ကို ကျေးဇူးဆပ်သည်ဆိုလျှင် ပို၍ပင် ကျေးဇူး သိရာရောက်သည့်အတွက် လေးနက်မှုရှိပါကြောင်း ' ပြန်လည်ဆွေးနွေးပါသည်။ သို့သော် ' သားအဖ ' ဟူသော ကြည်နူးဖွယ် ဇာတ်လမ်းကလေး ပျက်ပြယ်သွားမည်ကို စိုးရိမ်ကြသူများက လက်မခံလိုကြပါ။
အချို့ကလည်း ရာဇကုမာရ်သည် ' တြိလောကဝဋံသကာဒေဝီ ' ၏သားဖြစ်ပြီး ကျန်စစ်သား၏ သားမဟုတ်ဟုဆိုလျှင် ကျန်စစ်သားသည် ' ကလေးတစ်ယောက်အမေ ' ကို သိမ်းပိုက်သည့် သဘောဖြစ်နေကြောင်း၊ မင်းဧကရာဇ်တစ်ပါးက အပျိုစင် မဟုတ်သော ကလေးအမေကို သိမ်းပိုက်သည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း ဆွေးနွေးသည်။
အပျိုစင်မဟုတ်သော သူများကို အမြတ်တနိုး မိဖုရားမြှောက်သည့် မင်းဧကရာဇ်များအကြောင်း မြန်မာသမိုင်းတွင် အမြောက်အမြား တွေ့ရသည်ကို ထိုပုဂ္ဂိုလ်များ မေ့လျော့နေဟန် ရှိပါသည်။
ကျန်စစ်သားမတိုင်မီ မင်းပြုသော အနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်ကြောင်ဖြူမင်းပင်လျှင် သူ့အရင် မင်းပြုသော တန်နက်မင်း၏ မိဖုရားသုံးပါးကို ဆက်၍ မိဖုရားမြှောက်ကြောင်း၊ မိဖုရားနှစ်ပါးမှာ တန်နက်မင်းနှင့်ရသော ပဋိသန္ဓေ
ပါလာ၍ ကျည်းစိုးနှင့် စုက္ကတေး ဟူသော သားနှစ်ပါး ဖွားမြင်ကြောင်း၊ နောက်မိဖုရားမှ ဖွားမြင်သော အနော်ရထာသာ ကွမ်းဆော်ကြောင်ဖြူမင်း၏ သားဖြစ်ကြောင်း၊ စုက္ကတေး မင်းဖြစ်သောအခါ အနော်ရထာ့မယ်တော်ကို မိဖုရားမြှောက်လိုသဖြင့် အနော်ရထာအား ' ညီသားနောင်မယ် ' ဟုခေါ်သည်ကို အနော်ရထာအမျက်ထွက်၍ စုက္ကတေးနှင့် စီးချင်းထိုးရာ စုက္ကတေး ကျဆုံးကြောင်း သာဓက အထင်အရှားရှိပါသည်။
အများသိကြသော မိဖုရားရှင်ဘို့မယ် ဆိုလျှင်လည်း ' မင်းဆက်ငါးသွယ် ရှင်ဘို့မယ် နန်းလယ်တင့်သည်သာ ' ဟု ဖွဲ့ဆို ထားသည့်အတိုင်း အင်းဝမင်းခေါင်၊ ဆင်ဖြူရှင်သီဟသူ၊ မင်းလှငယ်၊ ကလေးကျေးတောင်ညို၊ မိုးညှင်းမင်း ဟူသော မင်းငါးပါးက ဆက်ကာဆက်ကာ မိဖုရားမြှောက်လာကြောင်း မြန်မာ့သမိုင်းမှာ အထင်အရှားရှိပါသည်။ အလားတူ သာဓကများစွာ ရှိသည်ကို ထောက်လျှင် မင်းဧကရာဇ်က ကလေးအမေကို မိဖုရားမြှောက်မည် မဟုတ်ဟူသော ဆွေးနွေးချက်မှာ သဘာဝမကျကြောင်း တွေ့နိုင်ပါသည်။
ပါဠိစာပေနှင့် ယှဉ်၍ ဆွေးနွေးချက်မှာ သဘာဝမကျကြောင်း တွေ့နိုင်ပါသည်။ ပါဠိစာပေနှင့်ယှဉ်၍ ဆွေးနွေး သူများလည်း ရှိပါသည်။ လူတစ်ဦးကို ရည်ညွှန်းရာ၌ မိခင်၏ အမည်ဖြင့်သာ ရည်ညွှန်းလေ့ရှိပြီး ဖခင်၏အမည်ဖြင့် ရည်ညွှန်းလေ့ မရှိကြောင်း ပါဠိစာပေတွင် သာရီပုဏ္ဏေးမ၏ သားကို ' သာရိပုတ္တရာ ' ၊ မောဂ္ဂလိ ပုဏ္ဏေးမ၏ သားကို ' မောဂ္ဂလန် ' ဟုခေါ်သည်ကို အထင်အရှား တွေ့နိုင်ကြောင်း၊ ထို့နည်းတူ ရာဇကုမာရ်ကိုလည်း ထိုအစဉ်အလာနှင့်အညီ တြိလောကဝဋံသကာဒေဝီ ၏သားဟု မိခင်အမည်ဖြင့် ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ ဖခင်အမည်ဖြင့် ရည်ညွှန်းလေ့မရှိ၍ မရည်ညွှန်းခြင်းဖြစ်ကြောင်း၊ ထိုသို့မဖော်ပြသည့်အတွက် ကျန်စစ်သား၏ သားမဟုတ်ဟု ယူဆခြင်းမှာ မသင့်ကြောင်း ထိုပုဂ္ဂိုလ်များက ဆွေးနွေးပါသည်။
' ဒီလိုဆိုရင် ပုဂံကျောက်စာတွေထဲမှာ ညောင်ရမ်းကြီးသမီးကျောက်စာတို့၊ သိင်္ဃသူ့သမီးကျောက်စာတို့ကို အများသိကြ ပါတယ်။ ရည်ညွှန်းရာမှာလည်း အလှူရှင်အမည်ကို မရည်ညွှန်းဘဲ ' ညောင်ရမ်းကြီးသမီး ' ' သိင်္ဃသူ့သမီး ' လို့သာ ရည်ညွှန်းထားပါတယ်။ ညောင်ရမ်းကြီးတို့၊ သိင်္ဃသူတို့ ဆိုတာ အမတ်ကြီးတွေပါ။ ဒီတော့ ဖခင်နာမည်နဲ့ ရည်ညွှန်းလေ့မရှိဘူးဆိုတဲ့ ဆွေးနွေးချက်ဟာ မမှန်ဘူးဆိုတာ ဒီကျောက်စာနှစ်ချပ်နဲ့ပဲ ထင်ရှားလောက်ပါပြီ ' ဟု ကျွန်တော်က ပြန်ဆွေးနွေးပါသည်။
နောက်ဆုံးတွင် ဆွေးနွေးပွဲသာ ပြီးသွားသည်။ ကျွန်တော့်မိတ်ဆွေများက ကျွန်တော်တင်ပြသော အချက်ကို လက်ခံချင်ဟန် မရှိကြပါ။ သူတို့ လက်မခံချင်သည့် အဓိကအကြောင်းမှာလည်း ရှေ့တွင်တင်ပြခဲ့သည့်အတိုင်း ကျန်စစ်သားနှင့် ရာဇကုမာရ်တို့၏ ' သားအဖ ' ဇာတ်လမ်းကလေးကို စွန့်လိုက်ရမှာ နှမြောနေသောကြောင့်ဖြစ်ကြောင်း ထင်ရှားပါသည်။
သို့သော် ပညာရှင်များ ဖော်ပြခဲ့သည့်အတိုင်း ရာဇကုမာရ်ကျောက်စာတွင် ကျန်စစ်သားနှင့် ရာဇကုမာရ်တို့ သားအဖ ဖြစ်ကြောင်း တိုက်ရိုက်ဖော်ပြသော အထောက်အထား မတွေ့ရဟူသော အချက်ကိုကား မည်သူမျှ မငြင်းနိုင်ကြပါ။
တစ်ချိန်ချိန်တွင် ထိုထက်ခိုင်မာသော အထောက်အထား တစ်ခုကို ဖော်ထုတ်ကောင်း ဖော်ထုတ်နိုင်ပါလိမ့်မည်။ မဖော်ထုတ်နိုင်မီ ကာလအတွင်းမှာမူ ပညာရှင်များတင်ပြထားသည့် အဆိုအမိန့်ကို လက်ခံထားရမည်သာ ဖြစ်ပါသည်။
သုသေသနပြုရာတွင် အသစ်တွေ့ရှိသော အချက်အလက်သည် ယခင်လက်ခံထားသော အချက်အလက်နှင့် ဆန့်ကျင်နေပါက ထိုအချက်အလက် အဟောင်းကို စွန့်ပယ်ပစ်ရန် ခဲယဉ်းတတ်သည့် သဘာဝကို သာဓကဆောင်ခြင်း ဖြစ်ပါသည်။
ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲများကို ဖယ်ရှားနိုင်လျှင် သုတေသနခရီးကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ပါလိမ့်မည်။
စာပေဂျာနယ်
အတွဲ ၂ ၊ အမှတ် ၁၂ ၊
ဩဂုတ် ၁၉၉၅ ၊