ဗုဒ္ဓဝင်နိဒါန်း
ဗုဒ္ဓဝင်နိဒါန်း
' ဗုဒ္ဓဝင် ' ဆိုသော စကားကို မြန်မာတိုင်း ရင်းနှီးကျွမ်းဝင်ကြပါသည်။ ဗုဒ္ဓဝင်ဟု ဆိုလိုက်သည်နှင့် ဂေါတမမြတ်စွာဘုရား၏ ဘဝဖြစ်စဉ်ကို ဆိုလိုသည်ဟူ၍ အများနားလည်နေကြပါသည်။ စင်စစ်ဗုဒ္ဓဝင်၏အဓိပ္ပါယ်သည် ထို့ထက်မကများစွာ ကျယ်ဝန်းပါသည်။ ဂေါတမဘုရားလောင်းသည် သုမေဓာဘဝတွင် ဒီပင်္ကရာ ဘုရားရှင်ထံမှောက်၌ နိယတဗျာဒိတ် ခံယူရသည်ကစ၍ ဘုရားဖြစ်သည့် ဘဝတိုင် အစဉ်အဆက် တွေ့ဆုံခဲ့ရသော ဘုရားရှင်တို့၏ အကြောင်းကို ဗုဒ္ဓဝင်ဟု ခေါ်ခြင်းဖြစ်ပါသည်။
ဗုဒ္ဓဝင်သည် ' ဗုဒ္ဓဝံသ ' ဟူသော ပါဠိစကားကို မြန်မာမှုပြုထားခြင်း ဖြစ်သည်။ ' ဗုဒ္ဓ=ဘုရား၊ ဝံသ=အမျိုးအနွယ် ' ဟု အဓိပ္ပါယ်ရသည်။ ထိုဗုဒ္ဓဝံသသည် ခုဒ္ဒကနိကာယ်၊ သုတ္တန္တပိဋက အပါအဝင်ဖြစ်သော ကျမ်းတစ်ကျမ်း ဖြစ်သည်။ သုတ္တန္တပိဋက ခေါ် ဘုရားဟော သုတ္တန် ဒေသနာတော်များကို ပမာဏတူရာတူရာစု၍၊ နိကာယ်ခေါ် အစုပေါင်းငါးစု စုစည်းထားရာ၊ ခုဒ္ဒကနိကာယ်မှာ အတိုင်းအရှည် ပမာဏသေးငယ်သော သုတ်များကို စုစည်းထားသော အစုဖြစ်သည်။ ထိုခုဒ္ဒက နိကာယ်အပါအဝင် ကျမ်းများတွင် ဗုဒ္ဓဝင်နည်းတူ မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ဓမ္မပဒ၊ ဝိမာနဝတ္ထု၊ ပေတဝတ္ထု၊ ဇာတကဝတ္ထု စသည်တို့ ပါဝင်ပါသည်။
ဗုဒ္ဓဝင်တွင် အရင်းခံကျဆုံးမှာ ဘုရားရှင် ဟောကြားတော်မူသော ဗုဒ္ဓဝံသ ပါဠိတော် (ဗုဒ္ဓဝင် ပါဠိတော်) ဖြစ်သည်။ ရှင်သာရိပုတ္တရာ လျှောက်ထားတောင်းပန်သည့်အတွက် ဘုရားရှင်က ဗုဒ္ဓဝင်ဒေသနာတော်ကို ဟောကြားတော်မူခြင်း ဖြစ်သည်။ ဘုရားရှင်သည် ၁၀၄ ခု၊ ကဆုန်လတွင် ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ စံနေတော်မူစဉ်၊ ဆွေတော်မျိုးတော်တို့၏ မာန်ကို ကျစိမ့်သောငှာ စတုတ္ထ ဈာန်ဝင်စားပြီး ကောင်းကင်ပြင်၌ ယမိုက်ပြာဋိဟာ ပြတော်မူပြီးနောက် ရတနာစင်္ကြံဖန်ဆင်းကာ နတ်ဗြဟ္မာတို့၏ ပူဇော်ခံ၍ စင်္ကြံကြွတော်မူသည်။ ထိုစဉ်ရာဇဂြိုလ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံး နေသော ရှင်သာရိပုတ္တရာသည် ဘုရားရှင်အား ဗုဒ္ဓဝင်ဒေသနာ ဟောကြားရန် တောင်းပန်မည်ဟု အကြံဖြစ်ပြီး ရဟန္တာငါးရာနှင့် ကောင်းကင်ခရီးမှ ကြွလာ၍ ဘုရားရှင်အား ဖူးမြော်သည်။ ဘုရားရှင်သည် ရတနာစင်္ကြံ၌ တရားဟောတော်မူစဉ် ရှင်သာရိပုတ္တရာ သည် ဘုရားရှင်အား ရှေးဘုရားရှင်တို့ထံ နိယတဗျာဒိတ် ခံခဲ့ပုံနှင့် ပါရမီဖြည့်ကျင်ခဲ့ပုံတို့ကို အကျယ်ဟောရန် လျှောက်ထား တောင်းပန်သည်။ ဘုရားရှင်ကလည်း ရတနာစင်္ကြံ၌ သီတင်းသုံးနေစဉ်မှာပင် " ဗုဒ္ဓဝင်ဒေသနာကို ကြားနာကြကုန်၊ ကြားနာပြီး ဗုဒ္ဓဝင်ဒေသနာလာ ငါဘုရား၏ ကျင့်စဉ်လမ်းကို ကျင့်ကြံကြကုန် " ဟု လူနတ်ဗြဟ္မာတို့အား တိုက်တွန်းတော်မူ၍၊ နိဒါန်းနှင့်တကွ ဂါထာပေါင်း ၁၀၇၀ ရှိသော ဗုဒ္ဓဝင် ဒေသနာတော်ကို ဟောကြားတော်မူသည်။ ဤဂါထာတို့တွင် ဗုဒ္ဓဝင်တရားသား သက်သက်မှာ ၉၅၁ ဂါထာရှိကြောင်း၊ နိဒါနကထာမှာ ၈၀ ဂါထာနှင့် နောက်ပိုင်းအခန်းများမှ ၃၈ ဂါထာပေါင်း၍ ၁၀၇၀ ဟု ဆိုခြင်းဖြစ်ကြောင်း မှတ်သားရပါသည်။
ဗုဒ္ဓဝင်ပါဠိတော်တွင် ဗုဒ္ဓဝင်ကို ဘုရားရှင် အဘယ့်ကြောင့် ဟောတော်မူရကြောင်း ' ရတနစင်္ကမကဏ္ဍ ' ဖြင့် နိဒါန်းချီ ထားသည်။ ထို့နောက် သုမေဓပုဏ္ဏား ဘဝတွင် ဒီပင်္ကရာ ဘုရားရှင်ထံ၌ ဗျာဒိတ်ခံပုံကို ' သုမေဓာ ပတ္တနာကထာ ' ဖြင့်ပြသည်။ ထို့နောက် ဗျာဒိတ်ခံသည့် ဒီပင်္ကရာဘုရားရှင်မှ ကဿပ ဘုရားရှင်အထိ ဘုရားရှင် ၂၄ ဆူတို့၏ ဗုဒ္ဓဝင်ကို ပြသည်။ တစ်ဆူစီကို ပြရာတွင် (က) ဘုရားဘွဲ့တော်၊ (ခ) နေပြည်တော်အမည်၊ (ဂ) ခမည်းတော်၊ မယ်တော်၊ မိဖုရား၊ သားတော်အမည်၊ (ဃ) တော ထွက်တော်မူပုံ၊ (င) ဒုက္ကရစရိယ ကျင့်သည့်ကာလ၊ (စ) ဗောဓိပင်အမည်၊ (ဆ) လက်ယာရံ၊ လက်ဝဲရံ အဂ္ဂသာဝကကြီးများ၏ အမည်၊ (ဇ) လက်ယာရံ၊ လက်ဝဲရံ သာဝကကြီးများ၏ အမည်၊ (ဈ) အလုပ်အကျွေး ရဟန်းအမည်၊ (ည) ဉာဏ်တော်၊ (ဋ) သက်တမ်း ဟူသော အဓိကအချက်များကို မူတည်၍ အကျဉ်းအားဖြင့် ပြခြင်းဖြစ်သည်။ ဤသို့ ၂၄ ဆူသော ဘုရားရှင်တို့ထံ၌ ဗျာဒိတ်ခံပြီးနောက် ဂေါတမ ဘုရားရှင်အဖြစ်သို့ ရောက်တော်မူပုံ (ဂေါတမဗုဒ္ဓဝင်) ကိုပြသည်။ သုမေဓာ ဗျာဒိတ်ခံသော ဒီပင်္ကရာဘုရားရှင်မှ ဂေါတမဘုရားရှင် အထိ ဘုရားရှင် ၃ ဆူကိုပါ ထည့်သွင်းကာ၊နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့တွင် မည်သည့်ဘုရားရှင်သည် မည်သည့်ကမ္ဘာ၌ ပွင့်တော်မူကြောင်းပြသည်။ နောက်ဆုံးကဏ္ဍဖြစ်သော ' ဓာတုဘာ ဇနိယ ကထာ ' တွင် ဂေါတမ ဘုရားရှင်၏ ဓာတ်တော်များကို အတိုင်းတိုင်း အပြည်ပြည်က ခွဲဝေပူဇော်ကြပုံကို ပြသည်။
သို့ဖြင့် ဗုဒ္ဓဝင်ဆိုရာ၌ ဂေါတမဘုရားရှင်၏ ဖြစ်တော်စဉ် တစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ကြောင်း၊ ဒီပင်္ကရာဘုရားမှ ဂေါတမဘုရားရှင်အထိ ၂၅ ဆူသော ဘုရားရှင်တို့၏ ဖြစ်တော်စဉ်ကို အဓိကဆိုလိုခြင်း ဖြစ်ကြောင်း သိနိုင်ပါသည်။
ဗုဒ္ဓဝင်ပါဠိတော်ကို အကျယ်ဖွင့်ဆိုသည့် ဗုဒ္ဓဝင်အဋ္ဌကထာ၊ ဗုဒ္ဓဝင်ဋီကာတို့လည်း ပေါ်ထွန်းခဲ့ပါသည်။ ဗုဒ္ဓဝင်အဋ္ဌကထာကို သီရိလင်္ကာကျွန်း အနုရာဓမြို့အရှေ့၊ စောဠတိုင်း ကာဝီရပဋ္ဋန သင်္ဘောဆိပ် ကျောင်းတိုက်၌ သီတင်းသုံးသည့် အရှင် ဗုဒ္ဓဒတ္တ ပြုစုကြောင်း၊ ' မဓုရတ္တ ဝိလာသိနီ အဋ္ဌကထာ ' ဟု အမည်မှည့်ကြောင်း မှတ်သားရပါသည်။
ဗုဒ္ဓဝင်အဋ္ဌကထာ၏ ခဲရာခဲဆစ်တို့ကို ရှင်သောဘိတက ဗုဒ္ဓဝင်ဋီကာ အမည်ဖြင့် ပါဠိဘာသာနှင့်ပင် ပြုစုကြောင်း အမှတ် အသား ရှိပါသည်။ ' ဗုဒ္ဓဝင်ဋီကာမှာ သီရိလင်္ကာကျွန်း အနုရာဓမြို့က မြန်မာတိုင်းနိုင်ငံသို့ မရောက် ' ဟူ၍လည်း ပိဋကတ်တော်အုပ် ဦးယံ၏ ' ပိဋကတ်တော်သမိုင်း ' တွင်တွေ့ရပါသည်။ ထိုဗုဒ္ဓဝင်ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့ကို ပါဠိတစ်ချက်၊ မြန်မာတစ်ချက် နိဿယပြန်ဆိုခဲ့သည့် ကျမ်းများလည်းရှိပါသည်။ ဗုဒ္ဓဝင်ပါဠိတော် နိဿယဟောင်းကို ကုန်းဘောင်ခေတ် နောင်တော်ကြီးမင်း လက်ထက် ၁၁၂၂ ခုတွင် စစ်ကိုင်းမြို့ တောရနေ ရှင်သဒ္ဓမ္ဓဇောတ ပြုစုသည်။ ဗုဒ္ဓဝင်ပါဠိတော် နိဿယသစ်ကို ဘိုးတော်ဘုရား လက်ထက် ၁၁၄၄ ခုတွင် အမရပူရမြို့မြောက် မဟာမုနိရုပ်ရှင်တော် အရှေ့ ပြသာဒ်ကျောင်း၌ သီတင်းသုံးသော ရှင်သာရဒဿီ ပြုစုသည်။ ထို့ပြင် သီပေါမင်းလက်ထက်တွင် ရှင်ကဝိဓဇက ဗုဒ္ဓဝင်ပါဠိတော် နိဿယကို ပြုစုကြောင်း၊ မင်းဆရာတော်ကလေး ဦးလွမ်းပြေ၊ မှော်ဘီရှင်ဥတ္တရာဇီဝ၊ မန္တလေး မိုးထိတိုက် ရှင်ဇာဂရ တို့ပြုစုသော ဗုဒ္ဓဝင်ပါဠိတော် နိဿယများလည်း ရှိကြောင်း မှတ်သားရသည်။
ဗုဒ္ဓဝင် အဋ္ဌကထာ နိဿယကို ဘကြီးတော်လက်ထက် အမရပူရမြို့၊ တောင်သမန်တောရ၌ သီတင်းသုံးသော ငါးခုန် ဆရာတော် ရှင်အာဒိစ္စဝံသ ပြုစုသည်။ ဗုဒ္ဓဝင်ဋီကာမှာမူ နိဿယမရှိကြောင်း ပိဋကတ်တော်သမိုင်းက ဆိုပါသည်။
ဤကား မြန်မာတို့ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ဗုဒ္ဓဝင်၏ အရင်းအမြစ်ကို ခြေရာခံကြည့်ခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဝင်သည် ပုဂံခေတ်ကစ၍ မျက်မှောက်ခတ်အထိ မြန်မာစာပေထဲသို့ အသွင်အမျိုးမျိုးဖြင့် ဝင်ရောက်ပြီး မြန်မာ့အသွေးအသားထဲသို့ စိမ့်ဝင်ကာ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသားကျနေပြီဖြစ်ကြောင်း အများအသိပင် ဖြစ်ပါသည်။ စာပေအဖြစ်နှင့်သာမက ပန်းချီ၊ ပန်းပုစသည့် ' ပန်း ' အနုပညာများအဖြစ် မြန်မာ့ယဉ်ကျေးမှု နယ်ပယ်ထဲတွင် ထည်ထည်ဝါဝါ နေရာယူလျက် ရှိသည်ကိုလည်း အများ အသိပင် ဖြစ်ပါသည်။ ဤသို့ ဗုဒ္ဓဘာသာ အမွေအနှစ်၊ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် မြတ်နိုးလေးစား တန်ဖိုးထားရသော ဗုဒ္ဓဝင်၏ အခန်းကဏ္ဍကို မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လေ့လာကြည့်မည်ဆိုပါက စိတ်ဝင်စားဖွယ်များစွာ တွေ့ရမည် ဖြစ်ပါသည်။
မြတ်ပန်းရဂုံ ရုပ်စုံ ဓမ္မစာစောင်၊