ရှေးပြဇာတ်စာပေသည် စကားပြေလော
ရှေးပြဇာတ်စာပေသည် စကားပြေလော
[၁]ရှေးပြဇာတ်စာပေသည် စကားပြေလော။
ရှေးပြဇာတ်စာပေများကို ဖတ်ရှုလေ့လာရသည့် အခါတိုင်းတွင် အထက်ပါမေးခွန်းသည် ကျွန်တော့်ဦးခေါင်းထဲသို့ ရောက်လာမြဲ ဖြစ်ပါသည်။ ဤမေးခွန်းနှင့်အတူ စိတ်ထဲမှာ ဘဝင်မကျသည့် ခံစားမှုမျိုးလည်း ပေါ်လာတတ်မြဲ ဖြစ်ပါသည်။
' ရှေးပြဇာတ်စာပေ ' ဆိုရာ၌ ညောင်ရမ်းခေတ်တွင် ပေါ်ပေါက်သော ဝန်ကြီးပဒေသရာဇာ၏ ' မဏိကတ် ' ပြဇာတ်မှစ၍ ကုန်းဘောင်ခေတ်တွင် ဦးကြင်ဥ၊ ဦးပုည စသည့် ပြဇာတ်ဆရာများ ရေးသားခဲ့ကြသော ပြဇာတ်များနှင့် ထိုပြဇာတ်များ၏ ပုံစံကို ယူပြီးရေးသားသော ပြဇာတ်များကို ဆိုလိုခြင်းဖြစ်ပါသည်။
ရှေးပြဇာတ်များကို စကားပြေစာရင်းတွင် သွင်းလေ့ရှိကြပါသည်။ ကျောင်းများ၊ တက္ကသိုလ်များတွင် ပြဇာတ်သင်ကြား ရာ၌ စကားပြေအဖြစ် သတ်မှတ်သင်ကြားလေ့ ရှိကြပါသည်။ ပြဇာတ်စာပေ အရေးအဖွဲ့တွင် ကာရန်များ ပါနေသည့်အတွက် ' ကာရန်ဖောက် စကားပြေ ' ၊ ' လင်္ကာစပ် စကားပြေ ' စသည်ဖြင့် ခေါ်လေ့ရှိကြပါသည်။
ဤသို့အားဖြင့် ရှေးပြဇာတ်စာပေကို စကားပြေအဖြစ် သတ်မှတ်ကြသော်လည်း ထိုသတ်မှတ်ချက်တွင် ဘဝင်မကျ စရာများ တွေ့ရသည်ကား အမှန်ပင် ဖြစ်ပါသည်။
[၂]
ကဗျာအဖြစ် စာရင်းသွင်းကြသော ' ရကန် ' နှင့် ' သာချင်း ' အရေးအဖွဲ့များကို စကားပြေအဖြစ် စာရင်းသွင်းကြသော ' ပြဇာတ် ' အရေးအဖွဲ့နှင့် ယှဉ်ကြည့်လျှင် ကာရန်အသွားအလာချင်း မကွာကြောင်း တွေ့နိုင်ပါသည်။ သာဓက ဆောင်ပါမည်။
- ခုကာလ လွှသမားမှ၊ လွှနားခိုက်ကို၊ ပုရပိုက်တစ်ဆူ၊ ကံ့ကူတစ်တံနှင့်၊ ရကန်နောက်ပေါ်၊ မနော်ကာရန်၊ လုပ်ပြန်ကာမျှ မကသေဘူး၊ ဘယ်သူ့လုပ်စာ၊ ဘယ်မြို့ရွာက၊ ဆရာ ကိုဘယ်သူ၊ မွန်းဖြူ မွန်းနီ၊ သူစီသည့်စာကို၊ ယှဉ်လှာလျှင် ရိုင်း၊ တိုင်းလှာလျှင် ပျောက်ကရော့မည်၊ အမောက်အချိပ်၊ အနှိပ်အနယ်၊ စွယ်ရောင် ချိုဝါ၊ ပါပြန်သည် အထူးထူးနှင့်။
(ရွှေတောင်နန္ဒသူ။ မွေ့နန်းရကန်)
- လျင်မြန် ထုတ်ချောက်၊ ရွှေနန်းတွင်းသို့ ချက်ချင်းရောက်က၊ သုံးယောက်လုံးမူ၊ ရှေ့ဆုံးအလျင်၊ ရောက်လေလျှင်သော်၊ ဘုရင်ရန်နင်း၊ သထုံမင်းမူ၊ ကြိုင်ရွှင်းပျံ့မွှေး၊ မင်းသုံးပါးကို ပွားမေတ္တာဝင်၊ သောကြောင့်ပင်မူ၊ ငွေလင်ပန်းနှင့်၊ ပွဲလမ်းကျင်း၍၊ ထမင်း ကျွေး၏။
(ဦးအောင်ဖြိုး။ ကျန်စစ်သားကြုတ်ဖွင့်သာချင်း)
- ကမ္ဘာတည်ဦး၊ ပကတူးက၊ ဘီလူးထောင်တည်၊ ဒေဝကုမ္ဘန်၊ နောက်ထပ်စံသည့်၊ နိုင်ငံပြည်သည်၊ စည်ပင်ပါပေ့၊ လေးမျက်နှာပတ်ခံ၊ ကျံုးတစ်ထပ်ရံ၊ ခိုနန်းမြှောင့်အချိုး၊ သံတံတိုင်းမြို့ရိုးနှင့်၊ ဖြိုး၍သာလျှံရော့။
(ဦးကြင်ဥ။ ဒေသကုမ္ဘန် ပြဇာတ်)
- သမုဒ္ဒရာ၊ ကမ်းယံကလာခဲ့၊ ကန္တာကွန်းထောက်၊ မော်စွန်းကွယ်၊ ကျွန်းလယ်သို့ ရောက်ကပြီထင့်၊ နှင်းသောက်တဲ့ မြိုင်၊ ညှာသာယ် ဆင့်တန်း၊ နာမည်ဖြင့် ဆန်းပေလိမ့်၊ ဘယ်ပန်းခိုင်လို့ သိနိုင်တတ်ပြီ၊ မငုံတချို့ ငုံတချို့နှင့်၊ မှံုလို့စီ၊ ရာသီလင့်ဟန် ရှိကြတယ်။
(ဦးပုည၊ ဝိဇယပြဇာတ်)
ယခုပြခဲ့သော သာဓကများကို ယှဉ်ကြည့်ရုံနှင့်ပင် ကာရန်ယူပုံချင်း မကွာလှကြောင်း တွေ့နိုင်ပါသည်။ ကာရန်ကို အပိုဒ် မခြားဘဲ တစ်ဆက်တည်းယူလိုက်၊ အပိုဒ်ခြားပြီး ခွာ၍ယူလိုက်နှင့် ရေးဖွဲ့သွားပုံမှာ အတူတူပင် ဖြစ်ပါသည်။
သို့ဆိုလျှင် ရေးဖွဲ့ပုံချင်းတူပါလျက် အဘယ်ကြောင့် ရကန်နှင့် သာချင်းက ကဗျာဖြစ်ပြီး ပြဇာတ်က စကားပြေ ဖြစြ်နေရ ပါသနည်း။
[၃]
ရှေးပြဇာတ်စာပေကို စကားပြေထဲသွင်းဖို့ ဘဝင်မကျ ဖြစ်မိသည့်အတွက် ပြဇာတ်နှင့် ပတ်သက်သည့် အဆိုအမိန့်များကို လေ့လာစူးစမ်း ကြည့်မိပါသည်။
ဆရာကြီး ဦးသော်ဇင်၏ ' ပြဇာတ်ကထာ ' ဟူသော စာအုပ်တွင် ဤသို့တွေ့ရပါသည်။
ကာဗျေသု နာဋကံ ရမ္မံ
ကာဗျေသု ၊ ကဗျာတို့တွင် နာဋကံ ၊ ပြဇာတ်သည် ၊ ရမ္မံ ၊ မွေ့လျော်ဖွယ်ကောင်း၏။
ကဗျာမှာ နားထောင်ရသော သဝနကဗျာနှင့် ကြည့်ရသော ဒိဿကဗျာဟု နှစ်မျိုးရှိ၏။ အသံကာရန်တို့ဖြင့် ဖွဲ့ဆိုရသော ဂီတကဗျာများသည် နားထောင်ရသော (ဝါ) ဖတ်ရှုရသော သဝနကဗျာ မည်၏။ ကြည့်ရသော ကဗျာကို ဒိဿကဗျာဟု ခေါ်၏။ ယင်း ကဗျာများမှာ ပြဇာတ်တည်း။ ပြဇာတ်ကို ဒိဿကဗျာဟု ခေါ်၏။
ရှေးဟောင်း သက္ကတ ပြဇာတ်များအကြောင်းနှင့် ဆက်စပ်၍ ဆရာကြီးက ဤသို့ မိန့်ဆိုထားဖြင်း ဖြစ်ပါသည်။
ထို့အတူ ရှေးဟောင်း ဂရိပြဇာတ်များကစ၍ ရှိတ်စပီးယား၏ ပြဇာတ်များ စသည်တို့၏ အရေးအဖွဲ့များသည်လည်း ကဗျာဘက်သို့ အားပြုလျက်ရှိကြောင်း ပညာရှင်တို့ မိန့်ဆိုကြသည်ကို တွေ့ရပါသည်။
မြန်မာကဗျာဖွဲ့နည်း ကျမ်းတစ်ကျမ်းဖြစ်သော ပုဂံဝန်ထောက်မင်း ဦးတင်၏ ကဗျာဗန္ဓသာရကျမ်းတွင် ကဗျာဟူသော မူလပင်မမှ လင်္ကာ (၁၄)မျိုးနှင့် သီချင်း (၂၂)မျိုး ဖြာထွက်လာပုံကို ပြရာ၌ သီချင်း (၂၂)မျိုးထဲတွင် ' ဇာတ်စကားစပ်ပုံ ' ကို အမျိုးအစား တစ်ခုအဖြစ် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။ ပြဇာတ်စကား အရေးအဖွဲ့သည် ကဗျာဖြစ်ကြောင်း ဖော်ပြနေသော သာဓက တစ်ခုဖြစ်ပါသည်။ ထို့အတူ ဓမ္မာစရိယ ဦးထွန်းရွှေ၏ ' ကဗျာစွယ်စုံကျမ်းကြီး ' တွင်လည်း ကဗျာဖွဲ့နည်း အမျိုးမျိုးပြရာ၌ ' ပြဇာတ်စကားရေးနည်း ' ကို ကဗျာဖွဲ့နည်း တစ်မျိုးအဖြစ် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရပါသည်။
ဤအထောက်အထားများအရ ရှေးပြဇာတ်စာပေကို ကဗျာစာရင်းထဲ သွင်းရန်ရှိပါသည်။
[၄]
ခေတ်ပညာရှင်များ၏ အဆိုအမိန့်များကို လေ့လာကြည့်သောအခါ ဆရာကြီး ဒေါက်တာလှဘေ၏ အဆိုအမိန့် တစ်ခုကို တွေ့ရပါသည်။
ဆရာကြီးသည် လန်ဒန်တက္ကသိုလ် အရှေ့ပိုင်းနှင့် အာဖရိက ပညာလေ့လာရေး သိပ္ပံကျောင်းတွင် မြန်မာစာပါမောက္ခ အဖြစ် ဆောင်ရွက်ရင်း အနောက်နိုင်ငံသားများအား မြန်မာစာ သင်ကြားပို့ချပေးရသည့် အတွေ့အကြံုများကို ' မြန်မာစာပေနှင့် အနောက်နိုင်ငံ ' ဟူသော ခေါင်းစဉ်ဖြင့် အသံလွှင့် ဟောပြောခဲ့ဖူးပါသည်။ မြန်မာကဗျာဆိုင်ရာ ဟောပြောချက်တစ်ခုတွင် ဆရာကြီးက
ကျွန်တော်လည်း မြန်မာကဗျာကို ၃ မျိုး ခွဲလိုက်ပါသည်။
(၁) ရွတ်ဆိုကဗျာ - ပျို့၊ မော်ကွန်း၊ ဧချင်း စတဲ့ စာမျိုး
(၂) သီဆိုကဗျာ - ရတု၊ တေးထပ် စတဲ့ စာမျိုး
(၃) အပြောကဗျာ - နန်းတွင်းဇာတ်တော်၊ ပြဇာတ် စတဲ့ စာမျိုးတွေပါပဲ ဟူ၍ မိန့်ထားသည်ကို တွေ့ရပါသည်။
ထို့ပြင် ဆရာကြီး၏ ( Myanmar Poetry ) (၁၃၂၀ - ၁၉၇၁) ဟူသော သုသေသန စာတမ်းတွင်လည်း ဗြိတိသျှခေတ် မြန်မာပြဇာတ်များအကြောင်း ဖော်ပြရာ၌ The Seeds of classical poetry germinated in the form of drama in a new caltural centre, Rangoon. ဂန္တဝင်ကဗျာ မျိုးစေ့များသည် ယဉ်ကျေးမှုအချက်အချာ နေရာသစ်ဖြစ်သော ရန်ကုန်မြို့တွင် ပြဇာတ်အသွင်ဖြင့် အစို့အညှောက် ပေါက်ပွားလာသည်။
... ဟူ၍ ရေးသားထားသည်ကို တွေ့ရပါသေးသည်။ ဆရာကြီးက ပြဇာတ်စာပေကို ကဗျာစာရင်းသွင်းသည်မှာ ထင်ရှား နေပါပြီ။
[၅]
ရှေးပြဇာတ်စာပေများကို ကာရန်အချိတ်အဆက်ဖြင့် ကဗျာကဲ့သို့ ရေးဖွဲ့လေ့ရှိသော်လည်း ကာရန်မပါသော စကားပြေ များလည်း ကြိုကြားကြိုကြား ပါနေတတ်သည်ကို ကြည့်ပြီး လင်္ကာသွားရော စကားပြေပါ ရောနေသည့်အတွက် ' လင်္ကာစပ် စကားပြေ ၊ လင်္ကာစကားပြေ နှစ်ထွေရော ' ဟူ၍ သတ်မှတ်ကြောင်းလည်း အဆိုအမိန့်များ ရှိပါသည်။ ပြဇာတ်ကို ကဗျာစစ်စစ်ဟု ယူလိုကြောင်း၊ ကဗျာရော စကားပြေပါ ရောစပ်နေသည့် အရေးအဖွဲ့မျိုးအဖြစ် ယူလိုကြောင်း ထိုအဆိုအမိန့်များက ဖော်ပြနေပါသည်။
ပြဇာတ်စာပေတွင် ' ဘယ်ဇာတ်ဆောင်က ဘာလုပ်စေ ' ဟူ၍ ရည်ညွှန်းသော အညွှန်းစကားများ ပါမြဲဖြစ်ပါသည်။ ထိုအညွှန်း စကားများမှာ ပြဇာတ်ပြင်ပကနေ၍ ပြဇာတ်ဆရာက ညွှန်းသော စကားများသာ ဖြစ်ပါသည်။ ဇာတ်ဆောင်ပြော စကားများမှာမူ ကာရန်ဖြင့် ဖွဲ့ထားသော အရေးအဖွဲ့များ ဖြစ်ပါသည်။ ပြဇာတ်စာပေ ဖွဲ့စည်းပုံကိုကြည့်လျှင် ကဗျာသွားဖြစ်သော ဇာတ်ဆောင်ပြော စကားများကို စကားပြေဖြစ်သော အညွှန်းစကားလေးများဖြင့် ချိတ်ဆက်ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ အညွှန်းစကားများမှာ ဇာတ်ဆောင်ပြောစကားများကို ချိတ်ဆက်ပေးရသော တာဝန်ကိုသာ ယူရသည့်အတွက် ပဓာနမကျပါ။ ဇာတ်ဆောင်ပြောစကားများကသာ ပဓာနကျပါသည်။ ထို့ကြောင့် ရှေးပြဇာတ်စာပေတွင် လင်္ကာ၊ စကားပြေ နှစ်ထွေရောသည်ဟု ဆိုလျှင်လည်း လင်္ကာက အဓိကဖြစ်၍ စကားပြေက သာမညသာ ဖြစ်ကြောင်းတွေ့နိုင်ပါသည်။ (ကာရန်ယူ၍ ဖွဲ့ထားသော လင်္ကာဟု ဆိုလိုခြင်း ဖြစ်ပါသည်။) သို့ဆိုလျှင် ရှေးပြဇာတ်စာပေသည် ကဗျာ တစ်ပိုဒ်နှင့်တစ်ပိုဒ် စကားပြေ (အညွှန်း စကား)ဖြင့် ချိတ်ဆက်ထားသော ကဗျာအဖွဲ့ဟု မဆိုနိုင်ပါပြီလော။
' လင်္ကာစပ်စကားပြေ ' ဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍လည်း စဉ်းစားစရာရှိပါသည်။ ' လင်္ကာစပ်စကားပြေ ' ဟူသောပုဒ်တွင် ' စကားပြေ ' က ပဓာနကျပါသည်။ ' လင်္ကာစပ် ' မှာ ' စကားပြေ ' ကို အထူးပြုထားသော ဝိသေသန သာဖြစ်ပါသည်။ ထို့ကြောင့် ' လင်္ကာစပ်စကားပြေ ' ဆိုသည်မှာ စကားပြေ အမျိုးအစားတစ်ခုဟု သတ်မှတ်ခြင်းသည် စကားပြေဟု သတ်မှတ်ခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။
သို့သော် ပြဇာတ်အရေးအဖွဲ့ကို လေ့လာကြည့်လျှင် ရှေ့တွင်တင်ပြခဲ့သည့်အတိုင်း လင်္ကာ (ကဗျာသွား)က ပဓာန ကျကြောင်း တွေ့နိုင်ပါသည်။ သာဓကအဖြစ် ဦးပုည၏ ပဒုမဇာတ်မှ အောက်ပါအဖွဲ့ကို ကြည့်ပါ။
--- ဟောကွဲ့ ရေအေး၊ သန်လျက်ဦးနှင့် မောင့်ဒူးကိုဖောက်၊ သွေးရေပေါက်ကို မယ်သောက်ဖို့ ပေးပါ့၊ မောင့်သွေးတော် သီတာကို၊ ရေရိက္ခာ ပွဲတော်လုပ်လို့၊ တစ်သုတ်ကလေး လှမ်းပါဦး။ စခန်းသာရာ ရောက်လုပါပေါ့ နန်းသူငယ်။ (ကဗျာ)
လှမ်းလာရာ နဒီမြစ်နားတာင် အပန်းဖြေ၍ နားနေစေ။ (စကားပြေ)
တစ်ပြည်က သူခိုးကို ရာဇဝင်အလျောက် ခြေ လက် နား နှာခေါင်း ကိုဖြတ်၍ ဝါးကပ်ဖောင်နှင့် မျှောလိုက်ရာ သူခိုးဆို ။ (စကားပြေ)
သံသရာ ဝဋ်၊ ကျော့ကာင်း ညွှတ်က၊ မလွတ်သမျှ တွေ့ကြံုရ၊ ဒုက္ခပင်လယ်၊ နတ်ဆိုးဖန်တဲ့၊ ငါ့ကံနှယ်၊ တယ်မိတယ်ရာ၊ သူ့ဥစ္စာကို၊ ယုတ်မာကျင့်ဆိုး၊ ပွင့်လုံးလန်အောင်၊ ကြံဖန်လို့ ခိုးခဲ့တဲ့၊ မကောင်းကျိုးလေလော၊ ခြေလက်လေးချောင်း၊ နားနှာခေါင်း ထောင်းထောင်းဖြတ်လို့၊ ဝါးကပ်နှင့် မျှောလိုက်တယ်၊ ဗဒေါဗရိုက်၊ ဘယ်ဆီမှာဆိုက်မယ်သိ၊ ဒုစရိုက် သုံး၊ ငါမောင်တုံးမှာ လမ်းဆုံးကို ရွယ်၊ သေလွယ်မှ ငြိမ်းချေတော့မနော်၊ ကယ်တော်မူကြပါ။ (ကဗျာ)
ပဒုမ မင်းသားဖြစ်၍ ဆိုရန်စကား (စကားပြေ)
ရွှေဖယောင်းခက်၊ သံသရာက၊ သစ္စာချက်နှင့်၊ တွဲလျက်မကွာ၊ မောင်ကြီးကုံးတဲ့၊ ဂမုန်းညှာငယ် -- (ကဗျာ)
ဇာတ်ဆောင်ပြော စကားဖြစ်သော ကဗျာသွားအဖွဲ့များကို အညွှန်းစကားများက ကြားထဲကနေပြီး ချိတ်ဆက်ပေးထားပုံ ကို တွေ့နိုင်ပါသည်။ ' စကားပြေ ' ညှပ်သည်ဆိုစေကာမူ ' ပဒုမ ' မင်းသားမြင်၍ ' ဆိုရန်စကား ' ဟူသော အရေးအသားမျိုးမှာ ဝါကျ တစ်ခုပင် မပြည့်ကြောင်း၊ ပုဒ်စု တစ်ခုမျှသာ ဖြစ်ကြောင်း တွေ့ရှိနိုင်ပါသည်။
ပြဇာတ်ကို ' လင်္ကာစပ် စကားပြေ ' ဟု ခေါ်ခြင်းမှာ စကားပြေကို ပဓာနပြုရာရောက်နေပါသည်။
ယခုပြခဲ့သော သာဓကအရ ကဗျာကပဓာနကျကြောင်း ထင်ရှားနေပါသည်။ ထို့ကြောင့် ပြဇာတ်စာပေကို ' စကားပြေစပ် လင်္ကာ ' ဟုခေါ်မှသာ လင်္ကာ(ကဗျာ)ကို ပဓာနပြုရာ ရောက်ပါလိမ့်မည်။ ပြဇာတ်စာပေအဖွဲ့၏ သဘာဝနှင့်လည်း ကိုက်ညီပါလိမ့်မည်။
[၆]
ရှေးပြဇာတ်စာပေကို စကားပြေစာရင်းထဲ မထည့်သင့်ပါ။ ကဗျာစာရင်းထဲသို့သာ ထည့်သင့်ပါသည်။
လင်္ကာစပ် စကားပြေဟု မခေါ်သင့်ပါ။ စကားပြေစပ် လင်္ကာဟုသာ ခေါ်သင့်ပါသည်။
စာပေဂျာနယ်
အတွဲ ၃၊ အမှတ် ၃၊
နိုဝင်ဘာ၊ ၁၉၉၅၊
0
responses to “
ရှေးပြဇာတ်စာပေသည် စကားပြေလော
”