ကဗျသိင်္ဂီ
ကဗျသိင်္ဂီ
[ ၁ ]
ကဗျသိင်္ဂီ ...
အမည်က တည်ငြိမ်သည်။ လှပသည်။ ဤအမည်ကို ' ရွှေအဆင်တန်ဆာနှင့်တူသော ကဝိတို့၏ ဥစ္စာ၊ ကဗျာရတနာ သိုက်ကြီး ' ဟု အနက်ဖွင့်ထားသည်။
ဤရတနာသိုက်ကြီးကို ဖန်တီးတည်ဆောက်သူကား ' ကျိုက်လတ်ဆရာချစ် ' ဟု ထင်ရှားသော မြန်မာပညာရှိ ကဗျာ ဆရာကြီးပင် ဖြစ်ပါသည်။
ကျိုက်လတ်ဆရာချစ်သည် ကိုလိုနီခေတ်က ထင်ရှားသော ကဗျာဆရာကြီး တစ်ဦးဖြစ်ပါသည်။ ဆရာချစ်ကို ဝိသေသန ပြုရာတွင် ' လယ်တီတရား သတင်းစာ၊ ရယ်ရွှင်ဖွယ် အလင်းမဂ္ဂဇင်း၊ ဝိဇယဂျာနယ်၊ ခေတ်သစ်ဂျာနယ် စသည်တို့တွင် စာရေးဆရာ အယ်ဒီတာအဖြစ်ဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ဖူးသူ မြန်မာကဗျာဆရာကြီး ' ဟူ၍ ကဗျသိင်္ဂီကျမ်းတွင် ဖော်ညွှန်း ထားသည်ကို တွေ့ရသည်။
ကျိုက်လတ်ဆရာချစ်၏ ကဗျာများကို စုစည်းထားသော ' ကဗျသိင်္ဂီ ' ကျမ်းသည် ၁၉၃၄ ခုနှစ်တွင် ပေါ်ထွက်လာသည်။ မြန်မာစာပေလောကတွင် ကဗျာစာဆိုတစ်ဦး၏ ကဗျာပေါင်းချုပ် စာအုပ်အဖြစ် အတော်စောစောကပင် ပေါ်ထွက်လာသော စာအုပ် ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။
[ ၂ ]
ကဗျသိင်္ဂီ ကျမ်းလာ ကဗျာများသည် ' စပ်ဆိုင်ရာ စပ်ဆိုင်ရာ မိတ်ဆွေအပေါင်းတို့၏ တိုက်တွန်းတောင်းပန်ချက်အရ အသီးသီး အသကအသက ' ရေးသားချီးမြှင့်ရသော ကဗျာများဖြစ်ကြောင်း နိဒါန်းအရ သိရပါသည်။ ဤဖော်ပြချက်တွင် မြန်မာတို့၏ နှစ်သက်မြတ်နိုးဖွယ် ဓလေ့တစ်ခု ထင်ဟပ်နေသည်ဟု ဆိုနိုင်ပါသည်။ အခြားမဟုတ်ပါ။ အကြောင်းကိစ္စ ကြံုကြိုက်လာသည့်အခါ ကောက်ကာငင်ကာ ကဗျာဖွဲ့တတ်သည့် ဓလေ့ဖြစ်ပါသည်။
မြန်မာသည် ကဗျာကို ချစ်သည်။ မြတ်နိုးသည်။ ကောက်ကာငင်ကာ ကဗျာဖွဲ့နိုင်သည့် စွမ်းရည်ကို တန်ဖိုးထား လေးစားသည်။ ဖိုးသူတော်ဦးမင်းနှင့် လူဦးမင်းတို့ အပြန်အလှန် ကဗျာဖွဲ့ကြပုံ၊ မောင်းထောင်း ဦးကျော်လှ၊ ဦးဉာဏ်ကျယ် စသည့် သံချိုဆရာကြီးများ ရုပ်သေးစင်တွင် သံချိုကဗျာများ လက်တန်းစပ်ဆိုကြပုံတို့ကို ယခုတိုင် တသသ ပြောစမှတ်ပြုနေကြဆဲပင် မဟုတ် ပါလော။ ယခုခေတ်တွင်လည်း အရှင်ဝိစိတ္တ သာရာဘိဝံသ ဆရာတော်ကြီး၏ ဂုဏ်ကို ရတုကဗျာရေးဖွဲ့ပြီး ရွတ်ဆိုပူဇော်သည့် ကိစ္စမျိုးကအစ ထိမ်းမြားမင်္ဂလာ ပွဲများတွင် သတို့သား သတို့သမီး၏ ဂုဏ်ကို ရတုကဗျာရေးဖွဲ့ပြီး ရွတ်ဆိုဂုဏ်ပြုသည့် ကိစ္စမျိုးအထိ လတ်တလော ကဗျာဖွဲ့သည့် အလေ့ တွင်ကျယ်နေသည် မဟုတ်ပါလော။
ကဗျာဆရာကြီး ကျိုက်လတ်ဆရာချစ် သည်လည်း အကြောင်းကိစ္စ ကြံုကြိုက်လာသည့်အခါတွင် ဤပုံဤနည်းအတိုင်းပင် ကဗျာများ ရေးဖွဲ့ပါသည်။ ကဗျသိင်္ဂီ ကျမ်းတွင် ဆရာကြီး၏ ကဗျာ ၄၆ ပုဒ်ကို တွေ့ရပါသည်။ အမျိုးအစား ခွဲခြားကြည့်မည်ဆိုလျှင် ' ဖြစ်ရယ်မှတ်တမ်းဘွဲ့ ' ကဗျာမျိုးလည်း ပါဝင်သည်။ သာဓကအားဖြင့် တွံတေးမြိုင်အပိုင် ဓနုပ်တိုက်နယ်ရှိ ဓနုပ်စေတီတော်ကြီး ထီးတော်တင်ပွဲ အောင်ဩဘာမင်္ဂလာရတု၊ ကျောက်တန်းမြို့ကျောင်း အလှူပွဲရေစက်ချ မင်္ဂလာရတု၊ ရွှေတိဂုံဘုရားကြီး မီးခသော အထိမ်းအမှတ်ဘွဲ့ တေးထပ်စသည်တို့ ဖြစ်ပါသည်။
' ပုဂ္ဂိုလ်ဘွဲ့ ' ကဗျာမျိုးလည်း တွေ့ရပါသည်။ နတ်တလင်းမြို့ ကျောင်းကြီးရွာ ဓမ္မကထိက မောင်ချစ်လှဘွဲ့ ရတုပိုဒ်စုံ၊ ဆာဂျေအေမောင်ကြီးဘွဲ့ ရှစ်ဆယ်ပေါ်၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီးဘွဲ့ ရှစ်ဆယ်ပေါ်၊ ဓမ္မကထိက မောင်ထွန်းကြိုင်ဘွဲ့ လေးချိုးကဗျာ စသည်တို့ ဖြစ်ပါသည်။
သီပေါမြို့ ရတနာသီဟ ဂျာနယ်ဘွဲ့ ရှစ်ဆယ်ပေါ်၊ ဝေဘူစံ ဇာတ်ကားဘွဲ့ လေးချိုးကဗျာ၊ သင်္ချာနယ် ပဥ္စရီ စာအုပ်ဘွဲ့ လေးချိုးကဗျာ၊ လယ်တီသိပ္ပံ စာအုပ်ဆိုင်ဘွဲ့ ရှစ်ဆယ်ပေါ်စသည့် ' အရာဝတ္ထုဘွဲ့ ' ကဗျာများလည်း ပါဝင်ပါသည်။
မောင်ထွန်းရှိန်ဆိုသူက မိမိ၏ မိခင်အား တောင်းပန်ဝန်ချကာ ပေးပို့သော ရတု၊ ဓမ္မကထိက ပုဂ္ဂိုလ်တစ်ပါးက မိမိ၏ တပည့်မအား ဆုံးမဩဝါဒပေးသော ဆုံးမစာစသည့် ' အထွေထွေ ' များလည်း ပါဝင်ပါသည်။
[ ၃ ]
ဒွိနဝါဒွေက၌၊ နွေအစ လှမ်းမှီ၊ ဟေမဝါ့ စခန်းဆီမှာ၊ ပန်းသရဖီ ကြိုင်သင်း။ မိန်တပေါင်း ဆုတ်အသီဝယ်၊ စတုတ္ထီပူးနေ့ အချဉ်း။ မွန်းယိမ်းစ နေမှုန်မှုန်တွင်၊ လေအဟုတ်ထင်ရင်း။ ရွှေတိဂုံ အရဟံ သနင်းမှာဖြင့်၊ ရန်မကင်းဆက်နွယ်။ နောက်မျက်နှာ မုခ်အဆင်းဆီက၊ တစ်မုဟုတ်ချင်း မီးစလို့သွယ်။ ဂူတန်ဆောင်းနှံ့အကျယ်ကို၊ လန့်စဖွယ် အထွေထွေ တောက်ရာမှ၊ အခြေအောက် ငြမ်းဆိုက်ကပ်မှီ၊ ကျွမ်းမြိုက် ပတ်လည်။ တိဂုမွမွေသရီမှာ၊ ထွေလေသည် ဝဋ်မီးကွဲ့လေး။
၁၂၉၂ ခု၊ တပေါင်းလဆုတ် ၄ ရက်နေ့တွင် အနောက်ဘက်မုခ် အမှိုက်ပုံနှင့် ကိုင်းခြောက်တောက စတင်လောင်ကျွမ်းသည့် အတွက် ကုန်းတော်တစ်ခုလုံးကို ပြာကျသွားရကြောင်း အမှတ်အသားရှိပါသည်။ ကျိုက်လတ်ဆရာချစ်က ထိုဖြစ်ရပ်ကို ကဗျာဖြင့် မှတ်တမ်းတင်ထားခြင်း ဖြစ်ပါသည်။ လယ်တီပဏ္ဍိတ ဦးမောင်ကြီးကို ဖွဲ့ရာတွင် ' ဉာဏ်စုံလင်းသည့် မြန်ခင်းပထဗျာမှာ၊ မှန်ကင်းပမာ တစ်ဆူထင်ရှားလို့၊ လူရှင်အများ လောကပါလံ၊ အဟောသာဓုညံ၊ ကဝိမှန်သမျှ ကန်တော့ခံတယ်၊ မဟော့်သဏ္ဌာန် ဉာဏ်ကြီးပါပေ့လေး ' ဟူ၍ ခမ်းခမ်းနားနား ဖွဲ့ထားပါသည်။
ထို့အတူ အသက်ငယ်ငယ်ကလေးနှင့် တရားဟောနိုင်သော ' ပန်းတနော် ' မင်းဆယ်ရွာ၊ ငါးနှစ်သားအရွယ်ရှိ ဓမ္မကထိက မောင်ထွန်းကြိုင်ဘွဲ့ လေးချိုးကဗျာတာင် ဤသို့ မှတ်တမ်းတင်ထားပါသည်။
သောအဋ္ဌာ ဒွိဧကမှာတော့၊ ကောလာဟလ ရှိနေကြတာ၊ (အိုဗျာ) ဝိသေသရယ်တဲ့ မောင်ထွန်းကြိုင်။
ေဩာ် ... လွမ်းဖို့ ကောင်းလိုက်ပါဘိ၊ ယွန်းကျောင်းရယ် ထေရ်မဟာအရှင်ဟု၊ နေပမာအသွင် ၎င်းဆရာတော် ဘုရားရယ်က၊ မူတစ်သွင် လူဝင်စားသည်ဟု၊ လောကဌာန်ပြောသံစကားကိုဗျာ၊ ကြားရပိုင်ပိုင်။
ပုဗ္ဗေယခင် ထေရ်မဟာသနစ်ကယ်နှင့်၊ ရုက္ခေရှင် ဒေဝါအဖြစ်တို့ကိုတော့၊ သေချာလှစ်ပါလို့ ဟောပြနိုင်၊ လောကခရိုင် မှာတော့ လွန် ကျော်စော။
တွေးဆလျှင်၊ ရှေးကပင် ထင်မြင်တဲ့ အမှုရယ်ကြောင့်၊ သုံးလူ့အရှင် အခေါ်ပရမော်က၊ နှစ်ထောင်ကျော် သာသနာ တိုင်တော့မှ၊ ဆရာကြိုင်ပေါ်မည့်အရေးကိုဖြင့်၊ မိန့်ရွှေဗျာ၊ ထုတ်ဖော်ကြွေးလို့ရယ်ဗျာ၊ ပေးခဲ့လေသလော။
၁၂၈၆ ခုနှစ်တွင် ဓမ္မကထိက မောင်ထွန်းကြိုင်ဟူ၍ ထင်ရှားခဲ့သော ထိုပုဂ္ဂိုလ်ထူးအကြောင်းကို စုံစုံလင်လင် သိခွင့်ရပါ သည်။
ကျိုက်လတ်ဆရာချစ်၏ ကဗျာများတွင် မြန်မာအဆွေ ရုပ်ရှင်ကုမ္ပဏီ၏ သမိုင်းညွန့်ပေါင်း ဇာတ်ကားထောမနာဘွဲ့ လေးချိုးကဗျာ၊ မြိုင်တောဖွယ်ဇာတ်ကား အမျှော်ဘွဲ့လေးချိုးကဗျာ၊ ဝေဘူစံ ဇာတ်ကားဘွဲ့ လေးချိုးကဗျာ စသည့် ရုပ်ရှင်ဘွဲ့ ကဗျာများ ပါဝင်နေသည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရပါသည်။
' ပျော်စိတ်ကို ရှာသလေလေ၊ မှော်ဝိဇ္ဇာ တစ်မူဆောင်လို့၊ ပင်သူယောင် တောမြိုင်အတွင်းမှာတော့၊ အတွေးပေါ်အောင် မွေ့ပျော်တဲ့အခင်းတွေနှင့်၊ နတ်ဘုံပါ ဇာတ်ခုံကျင်းတယ်ကွယ်၊ (အိုဗျာ) မပျက်မယွင်းကြပါလို့ အလှည့်ကျ အပတ်စဉ်သာ နွှဲကြပါတော့ (မိတ်ဆွေတို့ရာ) ရမ္မက်တမျှင်းမျှင်းနဲ့ ဆွဲပါလိမ့် အဓိကရ ဇာတ်ရှင်မင်္ဂလာပွဲ '
ဟူ၍ ဝေဘူစံဇာတ်ကားဘွဲ့ ကဗျာတွင် ဖွဲ့ထားသည်ကို တွေ့နိုင်ပါသည်။
ထိုစဉ်က နိုးကြားတက်ကြွသော လူငယ်များပါသင်သည့် ' ရတနာသီဟ ဂျာနယ် ' ကိုလည်း ဆရာကြီး ဂရုပြုမိသည်။ ထို့ကြောင့် ...
' နိုးဖို့ ကြားဖို့ လမ်းညှိသွယ်တယ်၊ ငြမ်းကြီးသဖွယ် အားအင်ကောင်းလို့၊ ဖွားမြင်အပေါင်း နှစ်ခြိုက်လေးစားရန်၊ ခေတ်လိုက်ရေးသားဟန်၊ အတုခက်ဖို့ ပြုချက်ဟန်တယ်၊ ဇမ္ဗူမျက်မှန် သီဟရတနာကွဲ့လေး '
ဟူ၍ လေးလေးစားစား ဖွဲ့ဆိုထားသည်ကို တွေ့ရပါသည်။ ခေတ်ကို မျက်ခြေမပြတ်ဘဲ အားပေးသင့်သည့် ကိစ္စကို လိုလိုလားလား အားပေးသည့်သဘောဟု ဆိုနိုင်ပါသည်။
[ ၄ ]
ဆရာကြီး၏ ကဗျာလက်ရာကို လေ့လာကြည့်လျှင် ရေးဖွဲ့ပုံ ရှေးဆန်ကြောင်း အထင်အရှားတွေ့ရပါလိမ့်မည်။ ရေးဖွဲ့သော အကြောင်းအရာများမှာမူ စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းဖွဲ့သည့် အဖွဲ့မျိုးကအစ ခေတ်ကာလအလျောက် ပေါ်ပေါက်သည့် အဖြစ်အပျက် အရေးကိစ္စများအကြောင်း ဖွဲ့သည့်အဖွဲ့မျိုးအထိ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေကြောင်း တွေ့ရပါသည်။ ထိုအရေးကိစ္စများနှင့် ပတ်သက်၍ ကရုဏာထားသင့်သည်ကို ကရုဏာထားပြီး နှစ်သက်ဝမ်းမြောက် သင့်သည်ကို နှစ်သက်ဝမ်းမြောက်သော ဆရာကြီး၏ စေတနာကို အထင်အရှား တွေ့ရပါသည်။
ဆရာကြီး ' ကျိုက်လတ်ဆရာချစ် ' ၏ ' ကဗျသိင်္ဂီ ' သည် ကိုလိုနီခေတ် မြန်မာကဗျာလမ်းကြောင်းတွင် တစ်ခန်း တစ်ကဏ္ဍ နေရာယူလျက် ရှိပါသည်။
ကလျာမဂ္ဂဇင်း
အမှတ် ၄၅ ၊ စက်တင်ဘာ ၊ ၁၉၈၈ ။
0
responses to “
ကဗျသိင်္ဂီ
”