ရှင်မာလဲကို လေ့လာခြင်း
ရှင်မာလဲကို လေ့လာခြင်း
" လှိုက်ဆူကျော်သဲ၊ ရှင်မာလဲဟုအံ့အဲထင်ပေါ်၊ ထေရ်မြတ်ကျော် ... "
ကုန်းဘောင်ခေတ်စာဆို ဦးနိုးသည် ရှင်မာလဲမထေရ်၏ ဂုဏ်ကို ' ရှင်မာလဲပျို့ ' တွင် ဤသို့ ချီးကျူးရေးဖွဲ့ထားပါသည်။
ချီးကျူးရလောက်အောင်လည်း ရှင်မာလဲ၏ ဂုဏ်သတင်းသည် ပါဠိစာပေ၊ မြန်မာစာပေတို့တွင် သာမက ထိုင်း၊ ကမ္ဘောဒီးယား (ခမာ)၊ လော စသော အရှေ့တောင်အာရှ စာပေများတွင် ရှင်မာလဲကို Pra Malay ဟုခေါ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံတွင် ရှင်မာလဲကို ' ရှင်မာလဲပွဲ ' ၊ ' ရှင်မာလဲဘုရား ' စသည်တို့နှင့် ယှဉ်တွဲ၍ အသိများကြပါသည်။ ရှင်မာလဲ သည် မြန်မာအခေါ် ဖြစ်ပါသည်။ ပါဠိစာပေတာင်မူ ထိုအရှင်ကို ' မလိထေရ ' ၊ ' မဟာဒေဝ ထေရ ' ၊ ' မလိယ မဟာဒေဝထေရ ' ဟူ၍ အမျိုးမျိုး ဖော်ညွှန်းလေ့ရှိပါသည်။
ရှင်မာလဲသည် ဘုန်းတန်ခိုးကြီးသည်။ ဈာန်အဘိညာဉ်ရသည်။ မြေကိုခွဲ၍ ငရဲပြည်သို့လည်း ကြွနိုင်သည်။ နတ်ပြည်သို့ လည်း ဈာန်ဖြင့် ကြွနိုင်သည်။ တစ်ခါသော ထိုအရှင်သည် စူဋ္ဌာမဏိစေတီကို ဖူးမြော်ရန် တာဝတိံသာ နတ်ပြည်သို့ ကြွစဉ် မေတ္တေယျ ဘုရားအလောင်းတော် နတ်သားနှင့် တွေ့ရသည်။ နတ်သားက မိမိဘုရားဖြစ်ချိန်တွင် ကျွတ်တမ်းဝင်လိုသူတို့ ကျင့်သုံးလိုက်နာဖွယ် များကို ရှင်မာလဲအား ဤသို့ လျှောက်ထားလိုက်သည်။
ဘုရားစင်စစ်၊ ငါလျှင်ဖြစ်က၊ ဖူးရလွယ်ကူ၊ ကျွတ်လိုမူကား၊ ဘုရားသခင်၊ အရှင်ဂေါတမ၊ သမ္ဗုဒ္ဓလျှင်၊ မိန့်ဟဒေသနာ၊ ဟောခဲ့မှာ၍၊ ဂါထာတစ်ထောင်၊ မြားမြောင်လှချင်၊ တန်ဆာဆင်၍၊ ဇာတ်တွင်ထင်စွာ၊ မဟာဝေဿန္တာရာ၊ ဇာတ်တကာတို့၊ လမှာ တန်ဆောင်မုန်း၊ ဆန်းတုန်းပေါ်တက်၊ ပြည့်သည့်ရက်တွင်၊ ကြည်ရွှင်စိတ်သံ၊ ညောင်းညာခံလျက်၊ နှစ်သက်အားရ၊ အစအဆုံး၊ သိမ်းရုံးရိုသေ၊ နာကြလေလော့။
(ရှင်မာလဲပျို့ ၊ အပိုဒ် ၂၅)
ကျွတ်တမ်းဝင်လိုသူများသည် ဂါထာတစ်ထောင်ဖြင့် တန်ဆာဆင်ထားသော အပ်သော ဝေဿန္တာရာ ဇာတ်တော်ကို တန်ဆောင်မုန်းလပြည့်နေ့တိုင်း နာကြရန် လျှောက်ထားခြင်းဖြစ်သည်။ ထို့ပြင် ကျွတ်တမ်းဝင်လိုသူများသည် ရဟန်းပြုကြပါ။ အဗြဟ္မစရိယာ သိက္ခါပုဒ်ကို စောင့်ထိန်းကြပါ။ သီတင်းသီလ ဆောက်တည်ကြပါ။ ဝေဿန္တာဇာတ်တော်၏ ဂါထာတစ်ထောင်ကို ကြည်ညိုသောအားဖြင့် လှော်ကားသဏ္ဌာန်ပြုလုပ်ပြီး သစ်သီးမျိုးစုံ၊ ကြက်လျှာတံခွန်၊ ကုက္ကား၊ ထီး၊ ထမင်းဆုပ်၊ ပဒုမ္မာကြာ၊ ကြာညို၊ အောင်မဲညိုပန်း စသည်တို့ကို တစ်ထောင်စီ ပူဇော်၍ ဝေဿန္တရာဇာတ်ကို နာကြပါ။
ဤသို့လိုက်နာ ဆောင်ရွက်သူများသည် မိမိဘုရား ဖြစ်သည့်အခါ ကျွတ်တမ်းဝင်ကြရ ပါလိမ့်မည်ဟု မှာကြား လျှောက်ထားသည်။ ရှင်မာလဲမထေရ်သည် ထိုအကြောင်းကို လူ့ပြည်တွင် ပြန်လည်မိန့်ကြားသည်။ ထိုအခါကစ၍ တန်ဆောင်မုန်း လပြည့်နေ့တွင် ရှင်မာလဲပွဲဟူ၍ အစဉ်အဆက် ကျင်းပခဲ့ကြသည်ဟု ဆိုပါသည်။
လှော်ကားသဏ္ဌာန် ပြုလုပ်ပူဇော်ခြင်းမှာ နိဗ္ဗာန်သို့ကူးသည့် မဂ္ဂင်ဖောင်ကြီးအဖြစ် တင်စားကာ ပူဇော်ခြင်း ဖြစ်သည့် အတွက် ' လှော်ကားပွဲတော် ' ဟူ၍လည်းကောင်း၊ လှူဖွယ်ပစ္စည်း တစ်ထောင်စီ ပူဇော်ခြင်းအတွက် ' ထောင်ပြည့်ပွဲတော် ' ဟူ၍ လည်းကောင်း ခေါ်ကြောင်းလည်း သိရပါသည်။
ရှင်မာလဲ တရားနာသည့် အလေ့သည် မြန်မာနိုင်ငံတွင် ပုဂံခေတ်ကတည်းက ရှိနေပြီဖြစ်ကြောင်း၊ သက္ကရာဇ် ၅၆၃ ခုနှစ် ထိုး ' သင်ကြီးညောင်အုပ် ကျောက်စာ ' အရ သိရပါသည်။ (ယခုခေတ် စာလုံးပေါင်းနှင့် ဖလှယ်၍ ပြထားပါသည်။)
သက္ကရာဇ် ၅၆၃ ခု။ မြိက္ကသိုလ်နှစ်။ သင်ကြီးညောင်အုပ် ဖုန်းမူသော တန်ခူးလဆန်း ၁၄ ရက် တနင်္ဂနွေနေ့ မာလဲနာ၏။
သင်ကြီးညောင်အုပ်ခေါ် ကုသိုလ်ရှင်သည် ကောင်းမှုပြုပြီး ရှင်မာလဲတရားနာကြောင်း မှတ်တမ်းတင်ထားကြောင်း ဖြစ်သည်။ ဤကျောက်စာသည် မြန်မာစာပေတွင် ရှင်မာလဲ အကြောင်း တွေ့ဖူးသမျှ အစောဆုံး ဖော်ပြချက်ဖြစ်ကြောင်း သမိုင်း ပညာရှင် ဗိုလ်မှူးဘရှင်က ဆိုထားပါသည်။ တရားနာရာတွင် တန်ဆောင်မုန်းလ၌ မနာဘဲ တန်ခူးလ၌ နာခြင်းမှာမူ မည်သည့် အကြောင်းကြောင့် ဟူ၍မသိပါ။ နောက်ပိုင်းတွင်မူ ရှင်မာလဲ ပွဲတော်ကို တန်ဆောင်မုန်းလ ပွဲတော်အဖြစ် သတ်မှတ်ကျင်းပကြောင်း တွေ့ရပါသည်။ ပုဂံဝန်ထောက် ဦးတင်က ...
" လောကသတ္တဝါ၊ တာရာထိန်ဆဲ၊ ကထိန်ပွဲလျှင်၊ ရှင်မာလဲပွဲ၊ တန်ဆောင်ပွဲက၊ ပွဲကြီးသုံးဖြာ၊ ကြံုကြိုက်ပါလိမ့် "
ဟူ၍ တန်ဆောင်မုန်းလ၏ ပွဲတော်သုံးမျိုးတွင် ရှင်မာလဲပွဲကိုပါ ထည့်သွင်းဖွဲ့ဆို ထားပါသည်။
ရှင်မာလဲအကြောင်း ဖော်ပြသည့် စာပေများကို လေ့လာသောအခါ နတ်ပြည်ခရီးကိုသာ ဖော်ပြသော စာပေမျိုးနှင့် နတ်ပြည်ခရီးရော၊ ငရဲပြည်ခရီးကိုပါ ဖော်ပြသော စာပေမျိုးဟူ၍ နှစ်မျိုးတွေ့ရပါသည်။
သာဓက ဆောင်ရလျှင် မဓုရ ရသဝါဟိနီ ဝတ္ထုသည် နတ်ပြည်ခရီးကိုသာ ဖော်ပြသော စာပေမျိုးဖြစ်သည်။ ထိုဝတ္ထုကို မထေရ်များက သီဟိုဠ်ဘာသာဖြင့် ပြုစုခဲ့ရာ အရှင်ရဋ္ဌပါလက ပါဠိဘာသာ ပြန်ဆို၍ ထိုမှတစ်ဖန် အရှင်ဝဇီရ ပဘာသာက မြန်မာ ဘာသာပြန်ဆိုကြောင်း သိရပါသည်။ ထိုဝတ္ထုလာ ' စူဠ ကလ္လကဏ္ဍကဝတ္ထု ' အပိုင်းတွင် အရှင်မာလိယထေရ် အကြောင်းဖော်ပြသည်။ ရှင်မာလိယသည် သီရိလင်္ကာကျွန်း ဝေရိယဝိဟာရကျောင်း ကမ္မဋ္ဌာန်းအုံ၌ သီတင်းသုံးနေစဉ် လေနာကပ်ရောက်၍ ရောဂါ ပျောက်မည့်ဆေးကို ဒိဗ္ဗစက္ခုဖြင့် ကြည့်ရာ စူဠကလ္လရွာနေ ဥပါသကာတစ်ဦးထံ၌ ဆေးယာဂုရအံ့သည်ကို မြင်၍ ဈာန်ဖြင့်ကြွရောက် အလှူခံသည်။
ဥပါသကာက ဆေးယာဂုချက်ရန် စီစဉ်နေစဉ် မထေရ်က ဥပါသကာကို တာဝတိံက နတ်ပြည်သို့ ခေါ်သွားသည်။ စူဠာမဏိ စေတီတွင် မေတ္တေယျဘုရားလောင်း နတ်သားနှင့်တွေ့ရာ နတ်သားက ဥပါသကာကို နတ်ပုဆိုးတစ်စုံပေးပြီး ဒါနသီလစောင့်ရန် ဆုံးမသည်။ ထို့နောက် မထေရ်နှင့် ဥပသကာတို့ စူဠကလ္လရွာသို့ ပြန်ဆင်းလာကြသည်။ ဆေးယာဂုကို မထေရ်သောက်သုံးရ၍ လေနာ ငြိမ်းပြီး သိမ်ကျောင်းသို့ ပြန်ကြွကြောင်းပါရှိသည်။ ထိုမူတွင် ရှင်မာလဲမထေရ် ငရဲပြည်ကြွသည့်အကြောင်း မပါဝင်ပေ။
မဟာဝံသ အဋ္ဌကထာကို ကျီးသဲလေးထပ် ဆရာတော် မြန်မာပြန်သော မဟာဝင်ဝတ္ထုတွင် ရဟန္တာငါးပါး၏ အကြီးအမှူး ဖြစ်သော ' မလိယမဟာခေဝ မထေရ်သည် သီရိလင်္ကာကျွန်း ဒုဋ္ဌဂါမဏိမင်းထံမှ ဘောဇဉ် အလှူခံကြောင်း ' ပါရှိပါသည်။
ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၆၆ ခုတွင် ရေးဖွဲ့ပြီးစီးသော ဦးနိုး၏ ရှင်မာလဲ ပျို့တွင်မူ ငရဲပြည်သို့ ကြွသည့် အကြောင်း၊ နတ်ပြည်သို့ ကြွသည့်အကြောင်း၊ အလောင်းတော် နတ်သားက မှာကြားသည့်အကြောင်းများ အပြည့်အစုံ ပါဝင်သည်။ ထိုပျို့ဖွဲ့ရသည့် အကြောင်းကို ဖော်ပြရာ၌ ပျို့နိဂုံးအပိုဒ် ၂၉ တွင် -
ရှေးက လင်္ကာ၊ မာလဲစာလျှင်၊ အက္ခရာမညီ၊ စာစီမမှန်၊ ကာရန်မသွား၊ နားမနာသာ၊ ရှိခြင်းရာကြောင့်၊ လင်္ကာတစ်သီး၊ နားမငြီးအောင်၊ ဘုရားကြီးဒါယကာ၊ စီကုံးပါဟု၊ ခြင်းရာကြောင်းလျား၊ တောင်းပန်ကြားသည်၊ စကားမွှေးပျံ့ကြက်ရုံးတည်း။
ဟုဖော်ပြထားချက်အရ ဦးနိုးမတိုင်မီကလည်း ရှင်မာလဲအကြောင်းကို ကဗျာလင်္ကာများ ရေးဖွဲ့ခဲ့ကြဖူးကြောင်း သိရပါသည်။ ထိုင်းစာပေ၊ လောကစာပေ များတွင်လည်း ထိုခရီးစဉ် နှစ်မျိုးစလုံး ပါဝင်ကြောင်း ဗိုလ်မှူးဘရှင်က ' Shyan Ma Lai of the Burmese ' ဟူသော စာတမ်းတွင် ဖော်ပြဖူးပါသည်။ မှော်ဘီဆရာသိန်းကြီးသည် ပေါရာဏ ဒီပနီကျမ်း ဒုတိယတွဲတွင် ရှင်မာလဲ ရဟန္တာ အကြောင်းဟူ၍ အခန်းတစ်ခန်း ထည့်သွင်းဖော်ပြ ထားပါသည်။ ရှင်မာလဲ ပျို့လာ အကြောင်းအရာနှင့် အတူတူပင် ဖြစ်ပါသည်။ ငရဲပြည်ခရီးရော၊ နတ်ပြည်ခရီးပါ ပါဝင်ပါသည်။ အဆုံးတွင် မှော်ဘီဆရာသိန်းကြီးက ဤသို့ ဖော်ပြထားပါသည်။
" ၎င်းရှင်မာလဲ ပွဲတော်သည် ရှေးအခါက အမြို့မြို့ အရွာရွာတို့၌ တန်ဆောင်မုန်းလပြည့် ကျရောက်လျှင် လှူဒါန်းကြမြဲ ဖြစ်သည်။ ယခုအခါ အောက်မြို့ကျေးရွာတွင် ပျောက်လျက် အထက်မြို့ ကျေးရွာတို့၌ ပွဲတော်ပြုလုပ် လှူဒါန်းပူဇော်ကြသည်ကို တွေ့မြင် ရပေသည်။
အယုဒ္ဓယပြည်၊ ယွန်း ၅ မြို့နယ်တွင် တန်ဆောင်မုန်း လပြည့်အခါ ရှမ်းယွန်းဘုန်းကြီးများတို့သည် တရားဟော ပလ္လင်ထက်က ဝေဿန္တရာ၏ ဇာတ်ဝတ္ထုစာပေကို ဖတ်၍ လူအများတို့အား ဟောကြသည်များကို တွေ့မြင်ခဲ့ဖူးပါသည် "
ဆရာကြီးကိုယ်တိုင် ထိုင်းနိုင်ငံဘက်တွင် ရှင်မာလဲ တရားနာခဲ့ရဖူးကြောင်း ထိုဖော်ပြချက်အရ သိရပါသည်။ ကိုယ်တိုင် ကြံုတွေ့ခဲ့ရပုံများကိုလည်း မှတ်တမ်းတင်ထားသည်မှာ စိတ်ဝင်စားဖွယ် ကောင်းပါသည်။
ဖျာပုံဘက်တွင် ရှင်မာလဲ ထောင်ပြည့်ပွဲတော်ကို ကျင်းပဆဲဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းက ဆိုပါသည်။ ဗိုလ်မှူးဘရှင် ကမူ ရှင်မာလဲပွဲသည် ယခုအခါ မြန်မာနိုင်ငံ အောက်ပိုင်းတွင် တိမ်ကောသွားပြီ ဖြစ်ကြောင်း၊ အထက်မြန်မာနိုင်ငံ အချို့ဒေသများတွင် ပွဲတော်ကျင်းပကြသော်လည်း ရှင်မာလဲပွဲ၏ မူလအဓိပ္ပါယ်ကို မသိကြတော့ကြောင်း မှတ်ချက်ချထားပါသည်။ ဘုရားပထိုးများ တွင်လည်း ' ရွှေမာလဲဘုရား ' ဟူ၍ ရှိပါသေးသည်။ ရှင်မာလဲကို အကြောင်းပြု၍ မှည့်ခေါ်ခြင်း ဖြစ်ပုံရပါသည်။ ကောက်စိုက်မ တေးသံ တစ်ပုဒ်တွင် ကောက်စိုက်မကလေးက သူ့ချစ်သူအား ရွှေမာလဲဘုရားသို့ အတူသွားပြီး ဖူးစာဆုံမည် မဆုံမည်ကို သိရအောင် ကျောက် ချီရန် ခေါ်ပုံကို ဤသို့ ဖွဲ့ထားပါသည်။
ဘုရားဖူးချေစို့ရဲ့
မင်းပျို့ကို သွေး။
ဖူးချေစို့ ရွှေမာလဲ
တောင်ထဲမှာလေး။
ဘုရားစေတီမှာ
ခဲချီစို့လေး။
ပျိုချီမယ်စေတီလှကို
မင်းကြွခဲ့လေး။
ငွေတာရီမဂ္ဂဇင်း။
အမှတ် ၂၈၈ ၊ ဇွန် ၊ ၁၉၈၄ ။
0
responses to “
ရှင်မာလဲကို လေ့လာခြင်း
”