ဓား​လည်း​ပြက်ရယ် ​ပေရွက်နှယ်သို့​

ဓား​လည်း​ပြက်ရယ် ​ပေရွက်နှယ်သို့​
[ ၁ ]
သူ့​တစ်လက်ကို ၊​ ဆယ်ချက်လျှပ်ခြည်
ခပ်ခပ်နည်လျက် ၊​ ​သွေး​ရည် ယူထုတ်
မြူမကြုတ်ရှင့်​ ၊​ ထိုး​ခုတ်​ရေသား​
ချိပ်ဆူပွား​သည် ၊​ ဓား​လည်း​ပြက်ရယ် ​ပေရွက်နှယ်သို့​ .....
ကုန်း​ဘောင်​ခေတ် ဘကြီး​တော်ဘုရား​ လက်ထက်တွင် အာသံသို့​ချီတက်သည့်​ မြန်မာစစ်သည်​တော်များ​၏ လက်ရုံး​ရည်နှင့်​ သူရသတ္တိ ကို စာဆို​တော် ဝက်မစွတ်နဝ​ဒေး​က အာသံနိုင်​မော်ကွန်း​တွင် ဤသို့​ဤနယ် ​ရေး​ဖွဲ့​ချီး​ကျူး​ခဲ့​သည်။ ရန်သူကတစ်ချက်မျှ တိုက်ခိုက်လျှင် မြန်မာစစ်သည်တို့​က လျှပ်စီး​လက်သကဲ့​သို့​ ဆယ်ချက်မျှတုံ့​ပြန်ကာ ရွပ်ရွပ်ချွံချွံ ​ချေမှုန်း​တိုက်ခိုက်နိုင်ကြသည်။ မြန်မာ စစ်သည်တို့​၏ ​သွေး​ကား​ မြူက​လေး​တစ်မှုန်​လောက်မျှ မည်း​နက်ခြင်း​မရှိ။ ရဲရဲနီလျက်ရှိသည်။ ရန်သူနှင့်​ရင်ဆိုင်ကာ ထိုး​ခုတ်တိုက်ခိုက် ​နေစဉ် မြန်မာစစ်သည်တို့​၏ ​သွေး​သည် မီး​နှင့်​တွေ့​သော ချိပ်ကဲသို့​ ပွက်ပွက်ဆူ​နေသည်။ မြန်မာစစ်သည်တို့​ကား​ သူရသတ္တိပြည့်​ဝ လှသည်။ ရန်သူ၏ဓား​ကို ဓား​ဟုမထင်မှတ်။ ​ပေရွက်က​လေး​များ​ကဲ့​သို့​ သ​ဘောထား​ကာ ပြက်ရယ်ပြုသည်အထိ ရဲဝံ့​စွန့်​စား​ကြသည်။
မြန်မာ့​တပ်မ​တော်သား​တို့​၏ တိုက်ရည်ခိုက်ရည်နှင့်​ သူရသတ္တိကို ဤအ​ရေး​အဖွဲ့​က အထင်အရှား​ ​ဖော်ပြလျက်ရှိပါသည်။

[ ၂ ]
​ရှေး​အခါက စစ်မက်ငြိမ်း​အေး​ချိန်တွင် လုပ်ငန်း​အမျိုး​မျိုး​ဖြင့်​ ​အေး​ချမ်း​စွာ အသက်​မွေး​ဝမ်း​ကြောင်း​ ပြု​နေကြ​သော ​ယောကျာ်း​ကောင်း​ မှန်သမျှသည် စစ်​ရေး​ကြံုလာ​သောအခါတွင် စစ်သည်​တော်အဖြစ် တစ်မုဟုတ်ချင်း​ အသွင်​ပြောင်း​သွား​ကြမြဲ ဖြစ်သည်။ ဓာကိုကိုင် လှံကိုဆွဲကာ တိုက်ပွဲဝင်ရန် အသင့်​ပြင်ကြမြဲ ဖြစ်သည်။ ​ညောင်ရမ်း​ခေတ် လုံမပျိုတစ်ဦး​သည် ထိုသို့​သော ​ယောကျာ်း​ကောင်း​ တစ်​ယောက်ဖြစ်သည့်​ မိမိ၏ ချစ်သူ​မောင်အ​ကြောင်း​ကို ဤသို့​ ​ဖော်ညွှန်း​ခဲ့​ဖူး​ပါသည်။
နှမ​လေး​ မယ်တို့​မောင်မှာ
စစ်သံကြား​လျှင် ၊​ ​ရွှေဓား​ပိုက်ကာ
အိုး​စား​ဖက်ကို လိုက်လို့​ရှာသည် ...
စစ်ချီရ​တော့​မည် ဟူ​သော အသံကိုကြား​လိုက်ရသည်နှင့်​ ချစ်သူ​မောင်သည် ​ရွှေဓား​ကြီး​ကို တပိုက်ပိုက်နှင့်​ တက်ကြွ​နေပုံ၊​ ​ရှေး​ခေတ်မြန်မာတပ် ဖွဲ့​စည်း​ပုံအရ ငါး​ယောက်လျှင် တစ်အိုး​စား​ ဟူသည့်​အတိုင်း​ စစ်​မြေပြင်တွင် မိမိနှင့်​အတူ တစ်အိုး​တည်း​ ချက်စား​ရမည့်​ အိုး​စား​ဖက်ကို လိုက်ရှာပုံတို့​ကို ဂုဏ်ယူစွာ ​ဖော်ညွှန်း​ထား​ခြင်း​ ဖြစ်ပါသည်။

[ ၃ ]
စစ်​မြေပြင်သို့​ ​ရောက်​သောအခါ တိုင်း​တစ်ပါး​မှ ကျူး​ကျော်လာ​သော သူတို့​ကို အသက်စွန့်​၍ တိုက်ခိုက်သည်။ အသက် ​ပေါင်း​များ​စွာ စ​တေး​၍ ရဲရဲဝံ့​ဝံ့​ တိုက်ခိုက်သည်။ ဓား​စွမ်း​လည်း​ပြသည်။ တိုင်း​တစ်ပါး​သား​တို့​သည် သာမန်လူမဟုတ်ဘဲ သံမှုန့်​စား​ ထား​သူများ​ ဖြစ်မှသာ မိမိတို့​၏ ဓား​သွား​တုံး​လိမ့်​မည်ဟူ၍ ခံယူသည်။ ထိုစိတ်ဓာတ်မျိုး​ဖြင့်​ ရဲရဲဝံ့​ဝံ့​တိုက်ခိုက်ရန် အား​ပေး​သည်။ လက်ဝဲသုန္ဒရ အမတ်ကြီး​၏ နန္ဒီ​သေနပျို့​တွင် ထိုသ​ဘောကို
လူတို့​မှတ်ရိုး​၊​ စစ်မက်ထိုး​သော်
အား​ကြိုး​တင်း​တင်း​၊​ လူညှင်း​ချင်း​ကို
ဘယ်မင်း​ဘက်ပြိုင်၊​ ဘယ်တပ်ဆိုင်အံ့​
သူ့​နိုင်ငံသား​၊​ သံမှုန့်​စား​မှ
တို့​ဓား​တုံး​မည်၊​ မှတ်​တော်တည်​လော့​
ဟူ၍ ​ပြောင်​မြောက်စွာ ​ရေး​ဖွဲ့​ထား​ပါသည်။

[ ၄ ]
စစ်သည်​တော်တို့​သည် သူရသတ္တိပြည့်​ဝသည့်​နည်း​တူ စည်း​ကမ်း​လည်း​ ရှိလှသည်။
ဗိုလ်မှူး​အာဏာ၊​ စစ်ကဲမှာလျှင်၊​ တည်ရာကြွင်း​မဲ့​၊​ ​ကြောက်တုန်လဲ့​လော့​၊​ စစ်ကဲအာဏာ၊​ တပ်မှူး​မှာလျှင်၊​ ​သေချာ​စေ့​ငု၊​ စွဲမှတ်ပြု​လော့​၊​ တပ်မှူး​အာဏာ၊​ အကြပ်မှာလျှင်၊​ ညီညာနှလုံး​၊​ ယူ၍ကျံုး​သို့​၊​ အရုံး​မခွဲကြ​စေနှင့်​
ဟူ​သော နန္ဒီ​သေနပျို့​တွင် ​ရေး​ဖွဲ့​ထား​သည့်​အတိုင်း​ ဗိုလ်မှူး​၊​ စစ်ကဲ၊​ တပ်မှူး​၊​ အကြပ် ဟူ​သော ​ရှေး​ခေတ်တပ်ဖွဲ့​စည်း​ပုံ ရာထူး​အဆင့်​ဆင့်​အတိုင်း​ အထက်အမိန့်​ကို တစ်သ​ဝေမတိမ်း​ လိုက်နာကာ စည်း​ကမ်း​ကို တိတိကျကျ လိုက်နာရ​ကြောင်း​ ​တွေ့​ရပါသည်။
စစ်ချီရာ ခရီး​တစ်​လျှောက်တွင်လည်း​
မြို့​ကျေး​ရွာသီး​၊​ ခရီး​တစ်ခွင်၊​ ဥစ္စာရှင်က၊​ ကြည်လင်မြတ်​လေး​၊​ မ​ပေး​မစွန့်​၊​ သစ်ညွန့်​တစ်လက်၊​ ဟင်း​ရွက်တစ်နွယ်၊​ သက်ငယ်တစ်ပျစ်၊​ ဝါး​တစ်ဆစ်မျှ၊​ သူ့​ပစ္စည်း​အား​၊​ မပြစ်မှား​နှင့်​ -
ဟူ​သောပညတ်ချက်ကို စစ်သည်များ​ တိကျစွာလိုက်နာရသည်။ သူတစ်ပါး​ ကြည်ကြည်ဖြူဖြူ​ပေး​သော ပစ္စည်း​မဟုတ်လျှင် အ​သေး​အဖွဲပင်ဖြစ်​စေ မယူငင်ရန် စည်း​ကမ်း​ချမှတ်ထား​ခြင်း​ ဖြစ်သည်။
ဒုတိယ အင်္ဂလိပ်မြန်မာ စစ်ပွဲကာလတွင် ထုတ်ပြန်​သော ' ဟံသာဝတီ​ကြောင်း​ အမိန့်​တော်ပြန်တမ်း​ကြီး​ ' တွင်လည်း​
လမ်း​ခရီး​တစ်​လျှောက် မြို့​ရွာများ​မှာ အရှင်မ​ပေး​သည့်​ဥစ္စာ သစ်သီး​တစ်လုံး​၊​ ဟင်း​ရွက်တစ်ချပ်ကိုမျှ မဆွတ်မခူး​၊​ မယူ​စေနှင့်​
ဟူ၍ စည်း​ကမ်း​ချမှတ်ထား​သည်ကို ​တွေ့​ရသည်။
စစ်သည်​တော်တို့​သည် ချမှတ်ထား​သော စည်း​ကမ်း​များ​ကို တိတိကျကျ လိုက်နာရ​ကြောင်း​၊​ တပ်အတွင်း​လိုက်နာရမည့်​ စည်း​ကမ်း​ထား​ရှိသကဲ့​သို့​ ပြည်သူလူထုနှင့်​ ဆက်ဆံရာတွင် လိုက်နာရသည့်​ စည်း​ကမ်း​များ​လည်း​ ရှိ​ကြောင်း​ အထင်အရှား​ ​တွေ့​ရပါသည်။

[ ၅ ]
တိုက်ရည်ခိုက်ရည် အပြည့်​အဝဖြင့်​ တိုက်ပွဲဝင်ပြီး​နောက် ရန်ဆူး​ရန်​ငြောင့်​များ​ ရှင်း​လင်း​သွား​ပြီး​ ​အေး​ချမ်း​သောကာလသို့​ ​ရောက်​သောအခါ ဓား​၊​ လှံ ကိုင်၍ တိုက်ပွဲဝင်ခဲ့​သော စစ်သည်တို့​သည် ဓား​၊​ လှံကို ချပြီး​ ထွန်တုံး​၊​ ထွန်တံကို ပြန်ကိုင်သူကိုင်၊​ ရင်း​ထောင် ရင်း​ဆွဲကို ပြင်ဆင်သူပြင်ဆင် စသည်ဖြင့်​ မိမိတို့​ အသက်​မွေး​ဝမ်း​ကျောင်း​ပြုရာ လုပ်ငန်း​ခွင်အသီး​သီး​သို့​ ​အေး​ချမ်း​စွာ ပြန်ဝင်ကြပါ​တော့​သည်။
နိုင်ငံအတွက် အ​ရေး​ကြံုလာလျှင် လုပ်ငန်း​ခွင်ကို ​ကျောခိုင်း​၍ ဓား​၊​ လှံစွဲကာ တိုက်ပွဲဝင်​သော အစဉ်အလာသည် ​ဘေး​၊​ ဘိုး​ အစဉ်အဆက် ကျင့်​သုံး​ခဲ့​သော မြန်မာ့​အစဉ်အလာဖြစ်သည်။
မြန်မာ​ယောကျာ်း​ကောင်း​ မှန်သမျှ ထိုအစဉ်အလာကို ​လေး​စား​သည်။ ထိုသို့​ နိုင်ငံ​တော်အတွက် လိုအပ်သည့်​အခါတိုင်း​ အမှုထမ်း​ရသည်ကို ဂုဏ်ယူသည်။ ထို့​ကြောင့်​ ကုန်း​ဘောင်​ခေတ် ' ဒုံး​ချင်း​ ' တစ်ပုဒ်တွင် လယ်ယာလုပ်ကိုင် စား​သောက်​နေ​သော ​တောင်သူကြီး​တစ်ဦး​က -
ကုန်း​ဘောင်​ရွှေဘို၊​ ​ထောင်ကနတ်က
​ဘေး​ဘိုး​စဉ်ဆက်၊​ ခုတိုင်​အောင်
​ရေး​တော်မ​ရှောင်၊​ ထမ်း​တဲ့​ယောကျာ်း​
ဟူ၍ ဂုဏ်ယူဝင့်​ကြွား​စွာ ကျူး​ရင့်​ခဲ့​သည်။
အ​လောင်း​မင်း​တရား​ကြီး​ ကုန်း​ဘောင်မင်း​ဆက် စတင်တည်​ထောင်ချိန် ကတည်း​က ယခုအထိ နိုင်ငံအတွက် အ​ရေး​ကြံု လာလျှင် ​ဘေး​ဘိုး​အစဉ်အဆက် ဘယ်အ​ရေး​ကိစ္စပင်ဖြစ်​စေ မ​ရှောင်မလွှဲဘဲ အမှုထမ်း​ခဲ့​သော ​ယောကျာ်း​ကောင်း​ဖြစ်​ကြောင်း​ ဂုဏ်ယူ ​ပြောဆိုခြင်း​ဖြစ်ပါသည်။

[ ၆ ]
ဤအစဉ်အလာများ​သည် ​ရှေး​ခေတ်မြန်မာ့​စစ်သည်​တော်တို့​ ​ခေတ်အဆက်ဆက် ကျင့်​သုံး​ခဲ့​ကြ​သော အစဉ်အလာ ​ကောင်း​များ​ ဖြစ်ပါသည်။ ပုံမှန်စနစ်တကျ ဖွဲ့​စည်း​ထား​သော မျက်​မှောက်​ခေတ် မြန်မာ့​တပ်မ​တော် ​ပေါ်​ပေါက်လာ​သောအခါ ထိုအစဉ်အလာ ​ကောင်း​များ​ကို ​ခေတ်အဆက်ဆက် လက်ဆင့်​ကမ်း​ခဲ့​သော အ​မွေအနှစ်များ​အဖြစ် မွန်မြတ်စွာ ခံယူကျင့်​သုံး​လျက် ရှိကြသည်ပင် ဖြစ်ပါသည်။
ကိုယ့်​နိုင်ငံ ကိုယ့်​လူမျိုး​ကို ချစ်မြတ်နိုး​သော စိတ်ဓာတ်ဖြင့်​ ကာကွယ်​စောင့်​ရှောက်ရင်း​ ပြည်တွင်း​၊​ ပြည်ပ ရန်စွယ်များ​နှင့်​ ရင်ဆိုင်ရသည့်​အခါတိုင်း​ " ဓား​လည်း​ပြက်ရယ်၊​ ​ပေရွက်နှယ်သို့​ " ဟူ​သော အစဉ်အလာ​ကောင်း​နှင့်​အညီ ရန်သူ၏ ဗုံး​၊​ အ​မြောက်၊​ စိန်​ပြောင်း​ စသည့်​လက်နက်များ​ကို အမှုမထား​ဘဲ အသက်စွန့်​၍ ရင်ဆိုင်ဝံ့​သော မြန်မာ့​တပ်မ​တော် သား​များ​သည်ကား​ အစဉ်အလာ ​ကောင်း​များ​၏ စံနမူနာ ​ကောင်း​များ​ပင် ဖြစ်ပါ​ပေ​တော့​သည်။

​ငွေတာရီမဂ္ဂဇင်း​
အမှတ် ၄၁၇၊​
ဧပြီ ၊​ ၁၉၉၅ ။

0 responses to “ ဓား​လည်း​ပြက်ရယ် ​ပေရွက်နှယ်သို့​ ”

Leave a Reply