လပအဲ

လပအဲ
[ ၁ ]
' လပအဲ ... '
အမည်က ဆန်း​သလိုရှိသည်။
လပအဲသည် အဲချင်း​ကဗျာတစ်မျိုး​ဖြစ်သည်။ လ​ရောင်ထွန်း​ပ​သော အချိန်တွင် ဆိုရ​သော အဲချင်း​ဖြစ်၍ ' လပအဲ ' ဟု အမည်တွင်သည်။
အဲချင်း​သည် အများ​စု​ဝေး​ရပ်တန့်​ပြီး​ ဆိုရာ​သော ကဗျာမျိုး​ဖြစ်သည်။ ' အဲ ' ဟူ​သော စကား​သည်ပင် စု​ဝေး​ခြင်း​၊​ ရပ်တန့်​ခြင်း​၊​ အဓိပ္ပါယ်​ဆောင်​ကြောင်း​ ပညာရှင်တို့​ မိန့်​ဆိုကြသည်။
များ​သောအား​ဖြင့်​ အမျိုး​သမီး​များ​ တစ်​နေရာတွင် စု​ဝေး​ရပ်တန့်​ပြီး​ အဲချင်း​ဆိုကြသည့်​ အ​လေ့​ရှိ​ကြောင်း​ သိရပါသည်။ မူလက အများ​စု​ဝေး​ပြီး​ဆို​သော ကဗျာဖြစ်​သော်လည်း​ တစ်ဦး​တစ်​ယောက်တည်း​လည်း​ ဆိုနိုင်သည်ပင် ဖြစ်ပါသည်။
မြန်မာစာ​ပေ သမိုင်း​တွင် ထင်ရှား​သော အဲချင်း​စာဆိုများ​ ရှိပါသည်။ ဝန်ကြီး​ပ​ဒေသရာဇာ၊​ ဦး​ယာ၊​ မယ်​ခွေ စသည်တို့​ ဖြစ်ပါသည်။ ဤ​ဆောင်း​ပါတွင် တင်ပြမည့်​ လပအဲကို ​ရေး​ဖွဲ့​သော စာဆိုကား​ ဝန်ကြီး​ပ​ဒေသရာဇာပင် ဖြစ်ပါသည်။

[ ၂ ]
ဝန်ကြီး​ပ​ဒေသရာဇာဟု ဆိုလိုက်သည်နှင့်​ ​ညောင်ရမ်း​ခေတ်က ​ပေါ်ထွန်း​သော စာဆို​တော်ကြီး​ ဖြစ်​ကြောင်း​ အများ​သိကြ ပါသည်။ သူဇာပျို့​ စသည့်​ပျို့​များ​၊​ မဏိကက်ပြဇာတ်၊​ ဆင်း​ရဲသား​ပြည်သူလူထု ဘဝကို သရုပ်​ဖော်​သော တျာချင်း​များ​၊​ ကြိုး​သီချင်း​များ​ စသည်ဖြင့်​ တျာလင်္ကာပြဇာတ်စာ​ပေများ​ ​ရေး​ဖွဲ့​ခဲ့​သူ ဖြစ်​ကြောင်း​လည်း​ အများ​သိကြပါသည်။ ပ​ဒေသရာဇာ၏ လက်ရာများ​ထဲတွင် သုံး​ဆယ့်​ခုနစ်မင်း​ နတ်သံအဲများ​၊​ လပအဲများ​ အပါအဝင် အဲချင်း​ကဗျာများ​ကိုလည်း​ ​တွေ့​နိုင်ပါသည်။

[ ၃ ]
သူဇာပျို့​ကဲ့​သို့​ စာနုစာယဉ်များ​ကို ​ပြောင်​မြောက်စွာ ​ရေး​ဖွဲ့​နိုင်​သော ဝန်ကြီး​ပ​ဒေသရာဇာသည် ဤ ' လပအဲ ' ကိုလည်း​ နုနုယဉ်ယဉ် ​ရေး​ဖွဲ့​ထား​ပါသည်။ ချစ်ခင်မြတ်နိုး​ရပါ​သော ​မောင်​တော်ကြွမလာသည့်​ အတွက် ​မျှော်ရင်း​လွမ်း​နေရ​သော နှမ​တော် မိမိက​လေး​၏ ခံစား​မှုကို လွမ်း​သံ​ဆွေး​သံက​လေး​နှောကာ သရုပ်​ဖော်ထား​ခြင်း​ ဖြစ်ပါသည်။
' ထိပ်ချာပွင့်​ရန်၊​ ဘုန်း​ပျံ့​ရွှန်း​ညွန့်​လူ၊​ ဘယ်သူမမျှ၊​ ထိပ်တင်လှသည်၊​ ကြွ​တော်မူသည်၊​ လာ​တော်မူခါ၊​ နီး​ပါသည့်​အ​ကြောင်း​၊​ ​ရှေ့​ရည်ထင့်​ထင့်​၊​ ​မျှော်ကာလင့်​၍၊​ အသင့်​ကြံစည် ​နေပါသည်ကို၊​ မုန်း​ရည်ရှိလှ၊​ အာကာကလည်း​၊​ ​တောင်ကမည်း​ မိုက်ပြန်ခဲ့​ပြီ၊​ ချုန်း​လို့​အုန်း​လို့​သာ '
အထွတ်အထိပ်သို့​ ​ရောက်​တော့​မည့်​ ဘုန်း​တန်ခိုး​အညွန့်​ တလူလူနှင့်​ ​မောင်​တော်ကို မယ်နှမက​လေး​က ဘယ်သူနှင့်​မှ မတူသူအဖြစ် အထင်ကြီး​သည်။ ထို့​ကြောင့်​လည်း​ ' ဘယ်သူမမျှ ထိပ်တင်လှ ' ဟု အမွှန်း​တင်သည်။ ​မောင်​တော်ကြွလာချိန် နီး​ပြီ ဖြစ်သည့်​အတွက် မယ်နှမက​လေး​မှာ ​ရှေ့​ဆီသို့​သာ တထင့်​ထင့်​ ​မျှော်​နေမိသည်။ ထိုစဉ်ခဏမှာပင် မိမိကို တမင်များ​ မုန်း​နေသလား​ မသိ၊​ ထက်​ကောင်း​ကင် ​တောင်ဆီတစ်ခွင်က မိုး​သား​တိမ်လိပ်များ​ မည်း​မှောင်၍ လာပါ​ချေပြီ။ ​မောင်​တော်မလာဖြစ်​အောင် ဖျက်လို ဖျက်ဆီး​လုပ်​သော မိုး​ပါတကား​။
မယ်နှမက​လေး​ ကြည့်​နေစဉ်မှာပင် ချုန်း​သံအုန်း​သံများ​ပေး​ကာ ပတ်ဝန်း​ကျင်တစ်ခုလုံး​ မည်း​မှောင်အုံ့​မှိုင်း​ လာ​ချေပြီ။ ထို့​ကြောင့်​လည်း​ မယ်က​လေး​ခမျာမှာ
" မယ့်​ဆီမ​နှေး​၊​ ထိပ်တင်လှငယ်၊​ ကြွမည်​ဝေး​ခဲ့​၊​ မှတ်​တွေး​ကြံမိ၊​ အယူရှိ၍၊​ မချိဆာပူ၊​ မယ့်​သည်း​အူမှာ၊​ ပုံယူနှိုင်း​ဆွယ်၊​ တံခွန်ရွက်ကို၊​ ​လေး​ခတ်ကဲ့​နှယ်၊​ မတယ်ရပ်မိ၊​ လှပ်လှပ်ကယ်ရှိ၊​ ညှိုး​ရိမျက်နှာပိန်​ရေး​တယ်၊​ စိုး​နှောင်မိုး​ကြောင့်​လေ ... "
ဟူ၍ လွမ်း​သံ​နှောမိရှာသည်။ ​မောင်​တော်ကြွရန်အ​ရေး​ကား​ ​ဝေး​လေပြီဟူ​သော အ​တွေး​ဖြင့်​ မယ်က​လေး​ခမျာ တံခွန်ကို ​လေခတ်သကဲ့​သို့​ ဖျတ်ဖျတ်လူး​အောင် ခံစား​နေရာရှာသည်။ မတည်နိုင်မရပ်နိုင်ဘဲ လှပ်လှပ်က​လေး​သာ ကျန်​တော့​လောက်​အောင် ညှိုး​နွမ်း​ပိန်ချံုး​သွား​ရရှာသည်။ ထို့​ကြောင့်​လည်း​ ' စိုး​နှောင်မိုး​ကြောင့်​လေ ' ဟူ၍ မိုး​ကို အပြစ်တင်မိရှာသည်။
မိုး​ကား​ မှိုင်း​ညို့​ ဆိုင်း​ရုံသာမက ခဏချင်း​မှာပင် ချမ်း​စိမ့်​အေး​သွား​အောင် ရွာသွန်း​ချ​တော့​သည်။ သုတ်ဖြူး​တိုက်ခတ် ​နေ​သော ​တောင်​လေလည်း​ စဲသွား​လေပြီ။ " ထိပ်​ဗွေစိုး​ရာ၊​ မယ့်​ထိပ်ချာလည်း​၊​ ကြွလှာပြီပဲ၊​ ​ရှောင်ဖင့်​နွှဲလို့​၊​ သန်လွဲ​လောက်ပင်၊​ မြင့်​ကြာတင်၊​ ​နေခဲ့​သွေခဲ့​လေ " ဟုသာ ညည်း​ညူရရှာ​တော့​သည်။
မယ်နှမက​လေး​မှာ ' ​မောင်​တော်ကြွမလာဘဲ ​နေရက်​လေခြင်း​ ' ဟူ​သောအ​တွေး​ဖြင့်​ ဝမ်း​နည်း​မိရှာသည်။
" သည်နှယ်​သောခါ၊​ သည်း​ချာကျွန်း​၊​ ​နောက်ကျလှလို့​၊​ ​လောကတန်​ဆောင်၊​ အ​ခေါင်ထား​မယ်၊​ မှတ်ရွယ်သည့်​ရှင်။ မယ့်​ထိပ်တင်လည်း​၊​ သို့​စင်ဖင့်​နွှဲ၊​ လာပဲခပ်​သွေ၊​ ​နေရက်​လေတယ် "
ဟူ၍ ဝမ်း​ပန်း​တနည်း​ ​ပြောမိရှာသည့်​ အပြင် ...
" မှိုင်း​ဝေဘယ်ညာ၊​ ဆင်တဲ့​ရွာဝယ်၊​ အာကာပိတ်ဆို့​၊​ မှိုင်း​မှိုင်း​ညို့​သည်၊​ သည်မိုး​ကြောင့်​သာ ဖြစ်​တော့​တယ်၊​ ရိုင်း​တယ် စိုင်း​တယ် မိုး​ .... "
ဟူ၍ မိုး​ကို အပြစ်တင်မိသည်။
​မောင်​တော်ကြွမလာနိုင်သည်မှာ သည်မိုး​ကြောင့်​သာ ဖြစ်​တော့​သည်။ ရိုင်း​စိုင်း​လှ​သော မိုး​ပါတကား​ဟု ရန်​တွေ့​နေ သ​ယောင်ပင်။
မယ်က​လေး​သည် စိတ်ကို​ဖြေသိမ့်​ကာ ​မောင်​တော့်​ဆီသို့​ အာရုံ​ရောက်သွား​မိပြန်သည်။ မိမိ၏ ဦး​ထိပ်ထက်မှာ အမြတ်တနိုး​ ထား​ရပါ​သော ​မောင်​တော်၊​ ​ဝေဆာလန်း​ဆန်း​နေ​သော နတ်ပန်း​ခိုင်ကဲ့​သို့​၊​ အမြဲပင် ညှိုး​မနွမ်း​ ကြည်ရွှင်လန်း​နေ​သော ​မောင်​တော်၊​ ထို့​သို့​သော ​မောင်​တော်ကား​ သာမည မဟုတ်။ တစ်​နေ့​တွင် ဤဇမ္ဗူဒီပါ ကျွန်း​တစ်ကျွန်း​ကို သိမ်း​ချုပ်စိုး​ပိုင်မည့်​ သူပါ တကား​ဟူ​သော အ​တွေး​ဖြင့်​ ...
ထိပ်​ပေါ်ထား​ရာ၊​ မယ့်​ထိပ်ချာမှာ၊​ မာလာနတ်ပန်း​၊​ ပွင့်​ခိုင်လန်း​သို့​၊​ ညှိုး​မြန်း​မဲ့​ရွှင်၊​ ​နေ့​တိုင်း​ဆင်သည်၊​ ဥကင်​ဗွေချာ၊​ ​သောင်း​ဒီပါကို၊​ ချုပ်ကာပိုင်စိုး​၊​ မိုး​မည်ဧက၊​ မှန်လှသည်ရှင့်​ ...
ဟူ၍ ​မျှော်လင့်​သံ အပြည့်​အဝဖြင့်​ ဖွင့်​ဟမိပြန်သည်။
မိုး​ကိုလည်း​ အပြစ်မတင်လို​တော့​ပါ။ မယ့်​သခင် ​မောင်​တော်ဘုရား​ ကြွ​ရောက်လာပြီး​ ​မောင်​တော်၏ ​ရွှေစက်​တော်နှစ်စုံကို မယ်နှမက​လေး​၏ ဦး​ထပ်မှာထား​ကာ ရို​သေမြတ်နိုး​စွာ ​နေခွင့်​ရ​သောအခါ ကျမှသာ ရွှမ်း​ရွှမ်း​စို​အောင် အား​ပါး​တရ ရွာလိုက်ပါ​လေ ​တော့​ဟူ၍ မိုး​အား​ ​တောင်း​ပန်ဟန်ဖြင့်​ ...
မယ့်​ဖခင်သည်၊​ သာရွှင်ဝမ်း​သာ၊​ ကြွ​ရောက်လှာလို့​၊​ စကြာ​ရွှေစက်၊​ စုံနှစ်ဖက်ကို၊​ နှစ်သက်​ပျော်ပါး​၊​ မယ့်​ထိပ်ဖျား​မှာ ထား​လို့​ရို​သေ၊​ ​နေ​သောခါမှ၊​ အာကာတိမ်ပြင်၊​ ​ကောင်း​ကင်အလုံး​၊​ လွှမ်း​ဖုံး​မည်း​မိုက်၊​ ကျူး​ရိုက်ဆင့်​ကာ၊​ ရွာပါဘိလား​၊​ ရွှမ်း​စွတ်စို၊​ ငြိမ်း​တယ် ချမ်း​တယ်မိုး​ ...

[ ၄ ]
ဤ ' လပအဲ ' က​လေး​သည် နန်း​တွင်း​သူ မယ်က​လေး​၏ နှလုံး​သား​ကို ဖွင့်​ပြ​နေသကဲ့​သို့​ ဖြစ်ပါသည်။ မယ်က​လေး​၏ ကနွဲ့​ကလျ လွမ်း​သံက​လေး​ကိုလည်း​ လှစ်ပြ​နေသကဲ့​သို့​ ရှိပါသည်။ သူချစ်ရမြတ်နိုး​ရ​သော ​မောင်​တော်ကို ' ထိပ်ချာပွင့်​ရန် ' ၊​ ' ထိပ်တင်လှ ' ၊​ ' မယ့်​ထိပ်တင် ' ၊​ ' မယ့်​သခင် ' ဟူ​ေ၍ စကား​အလှယ်လှယ်ဖြင့်​ အမြတ်တနိုး​ ရည်ညွှန်း​ခြင်း​ကလည်း​ ​မောင်​တော်အ​ပေါ် ထား​ရှိ​သော မယ်က​လေး​၏ ​မေတ္တာအတိုင်း​အဆိကို ​ဖော်ပြ​နေသကဲ့​သို့​ ရှိပါသည်။
မိမိနှင့်​မောင်​တော်ကြား​တွင် အဟန့်​အတား​ပြုသည့်​ မိုး​ကို ' စိုး​နှောင်မိုး​ကြောင့်​လေ ' ဟု အပြစ်တင်လိုက်ပုံ၊​ ' ရိုင်း​တယ် စိုင်း​တယ် မိုး​ ' ဟု ​ဒေါသသ့​က​လေး​ဖြင့်​ အပြစ်တင်လိုက်ပုံ၊​ ပြီး​မှ စိတ်ကို​လျှော့​ပြီး​ ' ငြိမ်း​တယ် ချမ်း​တယ် မိုး​ ' ဟု ​လေပြည်ထိုး​လိုက်ပုံ တို့​ကလည်း​ မယ်က​လေး​၏ ခံစား​မှုအတင်း​အ​လျော့​ကို ​ဖော်ပြ​နေသကဲ့​သို့​ ရှိပါသည်။
မယ်က​လေး​က မိုး​ကြောင့်​စိုး​နှောင်ခဲ့​ရ​သော မိမိတို့​၏ ဖြစ်ရပ်ကို လ​ရောင်ထွန်း​ပသည့်​ ညတစ်ညတွင် လွမ်း​သံ​နှောကာ ရင်ဖွင့်​လိုက်ခြင်း​ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။
ရိုး​ရိုး​နှင့်​ လှလှက​လေး​ ​ရေး​ဖွဲ့​ထား​သော ဝန်ကြီး​ပ​ဒေသရာဇာ၏ လပအဲ က​လေး​ကား​ နှစ်သက်မြတ်နိုး​ဖွယ် ကဗျာတစ်ပုဒ် အဖြစ် ရပ်တည်လျက် ရှိ​နေမည်သာ။

ကလျာမဂ္ဂဇင်း​၊​
အမှတ် ၅၁၊​
​မေ၊​ ၁၉၈၉။

0 responses to “ လပအဲ ”

Leave a Reply