ဘလ္လာတိယပျို့ အမွမ်းအမံ
ဘလ္လာတိယပျို့ အမွမ်းအမံ
ပြာညက်ညိုစင်၊ ဆွေမမြင်၍၊ နွဲ့ပင်ခေါက်ချိုး၊ မရွှင်နိုးသည်၊ လွမ်းမျိုးတစ်ထောင် ပြည့်ခဲ့ပြီ။ချစ်မြတ်နိုးရပါသော ' ပြာညက်ညိုစင် ' ကိန္နရီမယ်ကလေးနှင့် တစ်ညတာဝေးရသည့်အတွက် ယိမ်းနွဲ့ခွေပျောင်းကာ မရွှင်နိုင် မလန်းနိုင်ဘဲ လွမ်းမျိုးတစ်ထောင် ပြည့်အောင် လွမ်းနေရပါပြီဟူ၍ ကိန္နရာဖိုကလေးက ဤသို့ဤနှယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ မြည်တမ်း နေရှာသည်။
ကိန္နရာဖို၏ ကြေကွဲဖွယ် မြည်တမ်းသံကို အသက်သွင်းသရုပ်ဖော်သည့် စာကား နာမည်ကျော် ' ဘလ္လာတိယပျို့ ' ၊ အသက် သွင်းသရုပ်ဖော်သည့် စာဆိုကား ကုန်းဘောင်ခေတ် ထိပ်တန်းစာဆိုတော်ကြီး တစ်ဦးဖြစ်သူ ' တွင်းသင်းမင်းကြီး မဟာစည်သူ ' ပင် ဖြစ်ပါသည်။
တွင်းသင်းမင်းကြီးသည် ငါးရာ့ငါးဆယ် ဝီသတိနိပါတ် ဘလ္လာတိယဇာတ်ကို ပျို့ပြန်ဖွဲ့ထားခြင်း ဖြစ်သည်။ ဘလ္လာတိယ ဇာတ်သည် ' တစ်ညဝေးရုံနှင့် နှစ်ပေါင်းခုနှစ်ရာဆွေးရသော ' ကိန္နရာ ကိန္နရီ မောင်နှံ၏ အလွမ်းကိုဖွဲ့ထားသော ဇာတ်ဖြစ်သည်။ ထိုအလွမ်းဇာတ်ကို တွင်းသင်းမင်းကြီးက ဘလ္လာတိယပျို့အဖြစ် ပုံဖော်လိုက်သောအခါတွင်ကား ပို၍အသက်ဝင်လာပြီး မြူးမြူး ကြွကြွ သွက်သွက်လက်လက် ဖြစ်လာရပါသည်။
ပျို့စာဆိုတို့သည် ဇာတ်ဝတ္ထုတစ်ခုကို ပျို့ပြန်ဖွဲ့ရာတွင် ဇာတ်လမ်းကို မူလဝတ္ထုမှာထက် ပိုမိုထင်ရှားလာအောင် မွမ်းမံ ဖွဲ့ဆိုတတ်ကြသည်။ ဇာတ်ဆောင်များကိုလည်း မူလဝတ္ထုမျာထက် ပိုမိုအသက်ဝင် လှုပ်ရှားလာအောင် ဖွဲ့ဆိုတတ်ကြသည်။ ကာလ ဒေသနောက်ခံကိုလည်း မူလဝတ္ထုမှာထက် ပို၍ သရုပ်ပေါ်လာအောင် ဖွဲ့ဆိုတတ်ကြသည်။ ဘလ္လာတိယပျို့တွင်လည်း ထိုသဘောကို တွေ့ရသည်ပင် ဖြစ်ပါသည်။
ဘလ္လာတိယဇာတ်၏ ဇာတ်လမ်းအချုပ်မှာ ဤသို့ဖြစ်သည်။ ဗာရာဏသီပြည့်ရှင် ဘလ္လာတိယမင်းသည် သမင်သားကို စုံမက်သဖြင့် တိုင်းပြည်ကို မှူးမတ်တို့အားအပ်ထားခဲ့ပြီး ဟိမဝန္တာတောတွင် သမင်များကို ပစ်ခတ်စားသောက်ကာ ပျော်မွေ့နေသည်။ တစ်နေ့တွင် မြစ်ကမ်းတစ်ခု၌ ပွေ့ဖက်ငိုကြွေးနေကြသော ကိန္နရာ ကိန္နရီ မောင်နှံကိုတွေ့၍ ဘလ္လာတိယမင်းက မေးမြန်းရာ ၎င်းတို့က မိမိတို့သည် တောင်ကျချောင်းရေခြားပြီး တစ်ညတာမျှ ကွေကွင်းခဲ့ရဖူးသည်ကို ဆွေးမပြေနိုင်ဘဲ ငိုနေကြခြင်း ဖြစ်ကြောင်း၊ ငိုနေသည် မှာ အနှစ်ခုနှစ်ရာပင် ပြည့်တော့မည်ဖြစ်ကြောင်း ပြောသည်။ မင်းကြီးကိုလည်း လူ့သက်တမ်း တိုတောင်းပါလျက် အဘယ်ကြောင့် မိဖုရားနှင့် ကွေကွင်းနေရသနည်းဟု သတိပေးသည်။ ထိုအခါကျမှ မင်းကြီး အသိတရားရပြီး နေပြည်တော်သို့ပြန်သော ဇာတ်လမ်း ဖြစ်သည်။
ထိုဇာတ်လမ်းသည် ဘလ္လာတိယပျို့ထဲသို့ ရောက်လေသောအခါ တွင်းသင်းမင်းကြီး၏ အမွမ်းအမံကြောင့် ပို၍ ပေါ်ပေါ် လွင်လွင် ဖြစ်လာရပါသည်။ ကုန်းဘောင်ခေတ်တွင် ညောင်ကန်ဆရာတော် မြန်မာပြန်ဆိုသော ဘလ္လာတိယဇာတ်နှင့် ယှဉ်ကြည့်လျှင် ပျို့တွင်မည်သို့ ပေါ်လွင်လာကြောင်း တွေ့ရပါလိမ့်မည်။
ဘလ္လာတိယမင်း သမင်ပစ်ရန် တောဝင်ပုံကို ညောင်ကန်ဆရာတော်၏ ဘလ္လာတိယဇာတ်တွင် ...
ကောင်းစွာဖွဲ့အပ်သော လက်နက်ငါးပါးကို ကိုင်စွဲလျက် ကောင်းစွာသင်အပ်ပြီးသော မင်းအိမ်၌ ကြီးသောခွေးအပေါင်း ခြံရံလျက် မြို့နန်းမှထွက်ခဲ့ပြီးလျှင် ဟူ၍ သာမန်မျှသာ ဆိုထားသည်။ ဘလ္လာတိယပျို့တာင်မူ မင်းကြီးတောဝင်ခါနီး မင်းဝတ်တန်ဆာ များ ချွတ်ထားခဲ့ပြီး သင်တိုင်းနီကိုဝတ်ပုံ၊ လေးမြားသန်လျက်စသည့် လက်နက်ငါးပါးကို ကိုင်စွဲပြီး သောက်ရေထည့်သော ဘူးသီးခြောက် (အိတ်ဘူး)နှင့် ဘယားခေါ် အိတ်ကြီးကိုပါ လွယ်ထားပုံ၊ " အိမ်တွင်မွေးစား၊ ခွေးနီပါးနှင့်၊ ခွေးကျား ခွေးဖြူ၊ မွေးထူ မွေးသက်၊ ခွေးပျက် ခွေးကြောင် " တို့ခြံရံကာ နံနက်ဝေလီဝေလင်းတွင် မည်သူမျှ မသိစေဘဲ မုဆိုသဏ္ဌာန်ဖြင့် တောသို့ဝင်ပုံတို့ကို အသေးစိတ်ခြယ်မှုန်း ဖွဲ့ဆိုထားပါသည်။
ပျို့စာဆို အမွမ်းအမံကောင်းပုံကြောင့် မင်းကြီးတောဝင်ပုံ ဖြစ်ရပ်သည် ပိုမိုပေါ်လွင်သည့် ဇာတ်ကွက်တစ်ကွက် ဖြစ်လာရပါသည်။
ဘလ္လာတိယဇာတ်တွင် အဓိက ဇာတ်ဆောင်သုံးဦး ပါဝင်သည်။ ဘလ္လာတိယမင်းကြီးနှင့် ကိန္နရာ ကိန္နရီ မောင်နှံတို့ ဖြစ်သည်။ ထိုဇာတ်ဆောင်တို့သည်လည်း တွင်းသင်းမင်းကြီး၏ အမွမ်းအမံကြောင့် ပျို့ထဲတွင်ပို၍ အသက်ဝင်လာရသည်။ ပို၍ သရုပ် ပေါ်လာရသည်။
ဘလ္လာတိယမင်းကြီးဆိုလျှင် သမင်သားကို အလွန်စုံမက်သူဖြစ်သည်။ ဘလ္လာတိယဇာတ်တွင် " မီးကျီးဖြင့်ကင်သော သမင်သားကို စားအံဟုကြံ၍ " ဟုလည်းကောင်း၊ " သမင်အပေါင်း၊ ဝက်အပေါင်း အစရှိသည်တို့ကို သတ်၍ မီးကျီးဖြင့် ကျက်သော အစာကိုစာလျက် " ဟုလည်းကောင်း သိသာရုံမျှ ဖွဲ့ထားသော်လည်း ဘလ္လာတိယပျို့တွင်မူ မင်းကြီး သမင်သားစုံမက်ပုံကို ပို၍ သရုပ် ပေါ်အောင်ဖွဲ့ထားသည်။ " သွေးရည်စက်စက်၊ မီးကျက်ရဲရဲ၊ ရည်ရွဲရွဲသား၊ စားပွဲအိန့်ထွား၊ သမင်သားကို " စားတော်ကဲက ကောင်းမွန်စွာ ချက်ပြုတ်ပြီး ပွဲတော်ဆက်သောအခါ လျှာရည်တောက်တော် ယိုလောက်အောင် အာသာငမ်းငမ်း တပ်မက်ပုံ၊ ထို့ကြောင့် တောသို့ဝင်ပြီး " စိုင်ဆတ် သမင်၊ ပြင်ကမလွတ်၊ လေးကြီးလွှတ်၍၊ လတ်လတ်လောလာ၊ ပြုတ်ဖျော်ဟင်းချို၊ ကျိုကာ နွေးအက်၊ ချက်ကာစားလျှင် " ဆိုသည့်အတိုင်း လောလောလတ်လတ် ပစ်ခတ်၍ရသော သမင်သားကို ရေနွေးဖျောပြီး ပူပူနွေးနွေး ဟင်းချက်စားပုံတို့ကို ဖွဲ့ထားပုံမှာ ပို၍သရုပ်ပေါ်ပါသည်။ ဘလ္လာတိယမင်းကြီးသည် အနားပတ်ချုပ်သီထားသော သင်တိုင်းအင်္ကျီ အနီကို ဝတ်ဆင်ထားသည်။ ထိုသင်တိုင်းသည် ဦးခေါင်းက စွပ်ချရသော သင်တိုင်းမျိုးဖြစ်သည်။ ဖန်ရည်ဆိုးထားသော ချည်ကြမ်း ကိုယ်ကျပ်အင်္ကျီ ဖြစ်သည်။ တောဓလေ့ တောစရိုက်အတိုင်း ခါးတောင်းကျိုက်ထားသည်။ ဖိနပ်လည်း စီးမထား။ သစ်ပင်ချံုနွယ်များ ကြားက သားကောင်များကို ချောင်းမြောင်းပြီး မလွတ်တမ်း လေးနှင့်ပစ်တတ်သည်။
တစ်ဖန် ဘလ္လာတိယမင်းသည် တိုင်းပြည်အကျိုးကို လိုလားသောခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ကြောင်း ပျို့ထဲတွင် ပုံဖော်ထားပုံမှာလည်း နှစ်သက်ဖွယ်ပင်။ ဇာတ်တော်ထဲက မင်းကြီးသည် တောဝင်ခါနီးတွင် တိုင်းပြည်ကို မှူးမတ်များအား အပ်နှင်းရုံမျှ အပ်နှင်းသည်။ ဘာမှအထွေအထူး မမိန့်ကြား။ ပျို့ထဲက မင်းကြီးမှာမူ ထို့ထက်ပို၍ အသက်ဝင်သည်။ တောဝင်ခါနီး တိုင်းပြည်အကျိုးအတွက် အစစ ဂရုတစိုက် မှာကြားသည်။ ငါ့ကိုချစ်လျှင် ကောက်ကောက်ကျစ်ကျစ် ဖောက်လွဲဖောက်ပြန် မပြုကြပါ နှင့်၊ ရန်ငြိုးမထားကြပါနှင့်၊ အတွင်းလူ အပြင်လူ မခွဲခြားပါနှင့်၊ ပြည်ထောင်ချင်း ချစ်ချစ်ခင်ခင် ဆက်ဆံပါ စသည်ဖြင့် တဖွဖွမှာကြားပုံ၊ တိုင်းတစ်ပါးက အန္တရာယ်ပြုလာလျှင် ' ကိုယ်ထူကိုယ်ထ ညီညွတ်ကြလော့ ' ဟု သတိပေးပုံတို့မှာ မှတ်သားဖွယ်ကောင်းလှပါသည်။ မင်းကောင်းမင်းမြတ်၏ သရုပ်သကန် ထင်ရှားပေါ်လွင်နေပါသည်။
ကိန္နရာ ကိန္နရီ မောင်နှံနှင့် ပတ်သက်၍ " နှစ်ခုသော ကိန္နရာဖိုမတို့သည် အချင်းချင်း လည်ဖက်နမ်းရှုပ်၍ အထူးထူးသော အခြင်းအရာတို့ဖြင့် မြည်တမ်းကုန်လျက် ငိုကြွေးကြကုန်၏ " ဟု ဘလ္လာတိယဇာတ်တွင် တွေ့ရသည်။ ပျို့ထဲက ကိန္နရာဖိုမမှာမူ ထို့ထက်ပို၍ အသက်ဝင်သည်။ ချောင်းခြား၍ တစ်ညတာကွေကွင်းရသောအခါ ငိုချင်းများဖြင့် ဖွဲ့ဖွဲ့နွဲ့နွဲ့ ငိုကြွေးကြသည်။ ကိန္နရီမ ကလေးက သူ့မောင်တော်ကို " သက်ချင်းဝေငှ ချစ်မဝ " ဟူ၍ တယုတယ ခေါ်ရှာသည်။ မောင်တော်နှင့် ကွေကွင်းရသည့်အတွက် ' မယ့်ရွှေရင်မှာ၊ ပူပင်လှ၏။ မီးမရှည့်ဘူး ' ဟူ၍ မချိတင်ကဲ ညည်းရှာသည်။ " သက်ပန်မြဝါ၊ ကြွတည့်လှာ၍၊ သန္တာတမျှ၊ ရွှေလက်လှနှင့်၊ ယုယဖျော်ဖြည့်၊ စမ်းပါလှည့်လော့ " ဟူ၍လည်း မောင်တော်ကို တမ်းတရှာသည်။
ထို့အတူ ကိန္နရာဖိုကလည်း နှမတော်နှင့် ကွေကွင်းရသည့်အတွက် ' လွမ်းရေးခင်း ' နေရရှာသည်။ ' မိုးပြင်းကစွေ၊ လေချိုကဆမ်း၊ ဆွတ်ကာရွှမ်းသော်၊ နောင်ဝမ်းပူဆွေး၊ ကြိုးနှယ်ထွေးခဲ့ ' ဟု ရင်ဖွင့်ရှာသည်။ ကိန္နရီမကလေးနှင့် ' နေလည်းမခြား၊ သွားလည်းထက်ကြပ်၊ ရပ်လည်းစုံပေါင်း၊ လျောင်းလည်းတူသာ ' ဆိုသည့်အတိုင်း တတွဲတွဲနေခဲ့ပါလျက် ယခုမူ နှမလေးနှင့် ကွေကွင်း နေရပါပြီ။ ထို့ကြောင့် ' ငယ်ကျွမ်းညက်ခြေ၊ သက်ဝေညံ့နူး၊ နွဲ့ခေါင်ကျူးနှင့်၊ မဖူးရပါ၊ သည်တစ်ခါသည်၊ နောင်သာ ကိုယ်လုံးချည့်ခဲ့ပြီ ' ဟူ၍ မချိတရိ ခံစားနေရပုံကို ကြေကြေကွဲကွဲ ဖော်ထုတ်ပြရှာသည်။
မင်းကြီးနှင့်တွေ့ရသောအခါ ကိန္နရာဖိုက စကားတစ်ခွန်းမှ မဆိုသော်လည်း ကိန္နရီမကလေးက ချက်ချက်ချာချာ စကားဆိုသည်။ ချောင်းခြားသည့်အဖြစ်ကို ပြောပြရာတွင် ' ချစ်စကြိုးသွယ်၊ ရစ်ပတ်နွယ်၍၊ ဆူလှယ်နမ်းကာ၊ ဖက်ရမ်းကာနှင့်၊ ရှိုက်ကာငါတို့ငိုကြ၏ ' ' သံခြေမပြင်း၊ သံချိုညင်းနှင့်၊ လွမ်းတင်းဖွေရှာ၊ ထွေတလာဖြင့်၊ လှိုက်ကာ ငါတို့ဆိုကြ၏ ' ဟူ၍ တဖွဲ့တနွဲ့ ပြောပြသည်။ ' ရတနာပြိုးပြောင်၊ ရွှေနန်းဆောင်ထက်၊ တောင်မိဖုရား၊ သက်မပြားကို၊ ပစ်ထားဘယ့်ကြောင့် ခွာသနည်း ' ဟု မင်းကြီးကို သိမ်မွေ့စွာအပြစ်တင်ပြီး နေပြည်တော်ပြန်ရန် တိုက်တွန်းသည်။ တွင်းသင်းမင်းကြီး၏ အမွမ်းအမံကြောင့် ကိန္နရီမကလေး သည် ချက်ချက်ချာချာရှိလှသော စကားတတ်မကလေးအဖြစ် အသက်ဝင်လာရပါသည်။
ဇာတ်လမ်းဇာတ်ဆောင်တို့ ဖြစ်ပျက်လှုပ်ရှားရာ ကာလဒေသနောက်ခံနှင့် ပတ်သက်၍ ဘလ္လာတိယဇာတ်တွင် ' ဗာရာ ဏသီပြည် ' ဟု သာမန်မျှသာဆိုသော်လည်း ပျို့တွင်မူ ' ဗာရာဏသီ၊ ခေါ်ညီမည်သာ၊ ပြည်ကြီးစွာကား ' ဟု အစချီပြီး ဇရပ်ဂူကျောင်း တန်ဆောင်းဖွေးဖွေးတို့ဖြင့် တင့်တယ်ပုံ၊ စည်ကားပုံ၊ အေးချမ်းပုံ တို့ကို တခမ်းတနား ဖွဲ့ပြသည်။ ထို့အတူ ကိန္နရာမောင်နှံ ပျော်မြူး သော တောတောင်ကို ဇာတ်တော်မှာထက် ပျို့ထဲမှာ ပို၍ ဝေဝေဆာဆာ တွေ့ရသည်။ ' သာနိုးကံ့ကော်၊ စွယ်တော် စမ္ပီ၊ သရဖီ ' စသော ပန်းမျိုးစုံပွင့်နေကြပုံ၊ ပျားပိတုံးတို့ ဝတ်ရည်ဝတ်ရက်များ သောက်သုံးနေကြပုံ၊ သစ်သီးမျိုးစုံသီးနေကြပုံ၊ ' မဲအိုး ငှက်တော် စင်ရော်ပဲထွေး ' တို့ ချစ်သံပေးနေကြပုံ။ ' မြစ်တွေးသောင်တင်း ရွှေပိန်ညင်း ' တို့ ဖော်ချင်းနှောကာ တသောသော ပျော်မြူးနေကြပုံ တို့ကို စာပန်းချီခြယ်ထားသည်မှာ ပေါ်ပေါ်လွင်လွင် ရှိလျပါသည်။
ဤသို့ဖြင့် ဘလ္လာတိယဇာတ်၏ ဇာတ်လမ်းသည် လည်းကောင်း၊ ဇာတ်ဆောင်သည် လည်းကောင်း၊ ကာလဒေသ နောက်ခံသည် လည်းကောင်း ပျို့စာဆို တွင်းသင်းမင်းကြီး၏ အမွမ်းအမံကြောင့် ပျို့ထဲတွင် ပို၍အသက်ဝင်လာပြီး မြူးမြူးကြွကြွ သွက်သွက်လက်လက် ဖြစ်လာရပါသည်။
တစ်ဖန် မူလ ဘလ္လာတိယဇာတ်၏ အာဘော်သည် မေတ္တာတရား ပွားများရေးပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ ကောသလ မင်းကြီးနှင့် မလ္လိကာ မိဖုရားကြီးတို့ အငြင်းအခုံဖြစ်ရာမှ ကောသလမင်းကြီး အမျက်ထွက်ပြီး မလ္လိကာကို မကြည့်မရှုနေသည်ကို အကြောင်းပြု၍ ဘုရားရှင်က ဤဇာတ်ကို ဟောရခြင်းဖြစ်သည်။ ကောသလမင်းကြီးနှင့် မလ္လိကာတို့သည် ရှေးယခင်ဘဝက တစ်ည ဝေးရုံနှင့် နှစ်ပေါင်းခုနစ်ရာ ဆွေးရအောင် ချစ်ခဲ့ရသော ကိန္နရာဖိုမတို့ ဖြစ်ခဲ့ကြောင်း ဟောပြောခြင်းဖြင့် မင်းမိဖုရားတို့ကို ပြန်လည် သင့်မြတ်စေခဲ့သည်။
ဘိုးတော်ဘုရား၏ အိမ်ရှေ့မိဖုရားသည် ဤဇာတ်ကို အလွန်နှစ်သက်သည့်အတွက် ပျို့ဖွဲ့ရန် တွင်းသင်းမင်းကြီးကို တောင်းပန်သည်။ ထို့ကြောင့် တွင်းသင်းမင်းကြီးက ဘလ္လာတိယပျို့ကို ဖွဲ့ရာ၌ ဇာတ်၏အာဘော်ဖြစ်သော မေတ္တာတရား ပွားများရေးကို ပျို့တွင် ပို၍ထင်ရှားအောင် ဖွဲ့ပြသည်။
မင်းမိဖုရား၊ ရှေးကား ကြည်ဖြူ၊ ချစ်သောဟူသို့၊ တို့သူများစွာ၊ လူတကာလည်း၊ မေတ္တာမပျက်၊ ချက်သက်မျှကာ၊ နေပေရာ၏ ဟူ၍လည်းကောင်း။
သည့်တူနိုးဦး၊ နည်းယူခိုးလျက်၊ ချစ်ကြိုးမပြတ်၊ ဆင့်ဆင့်ပတ်၍၊ ကြင်မြတ်လေးကြစေသတည်း ဟူ၍လည်းကောင်း ရေးဖွဲ့ လျက် မေတ္တာရနံ့ သင်းပျံ့စေခဲ့သည်။
ဘလ္လာတိယပျို့သည် တွင်းသင်းမင်းကြီး၏ လက်စွမ်းကို ထင်ထင်ရှားရှား ဖော်ပြနေသည့်နည်းတူ တွင်းသင်းမင်းကြီး၏ လက်စွမ်းကြောင့်လည်း ဘလ္လာတိယပျို့သည် မြန်မာစာပေ စင်မြင့်ထက်ဝယ် ယခုတိုင် ထည်ထည်ဝါဝါ နေရာယူလျက် ရှိနေပေသည်။
ကလျာမဂ္ဂဇင်း
အမှတ် ၁၀၊
အောက်တိုဘာ၊ ၁၉၈၅။
0
responses to “
ဘလ္လာတိယပျို့ အမွမ်းအမံ
”