မြန်မာနှင့်​ ခါး​တောင်း​ကျိုက် ယဉ်​ကျေး​မှု

မြန်မာနှင့်​ ခါး​တောင်း​ကျိုက် ယဉ်​ကျေး​မှု
မြန်မာတို့​သည် ကြိုး​စား​အား​ထုတ်မှု မ​လျှော့​စေရန် တိုက်တွန်း​လိုသည့်​အခါ ' ခါး​တောင်း​ကျိုက်ထား​ ' ဟူ၍လည်း​ကောင်း​၊​ ' ခါး​တောင်း​ကျိုက် မဖြုတ်နဲ့​ ' ဟူ၍လည်း​ကောင်း​ တင်စား​ပြောဆိုတတ်ကြသည်။ အား​ကြိုး​မာန်တက် လုပ်စရာ ကိုင်စရာရှိလျှင် ခါး​တောင်း​ကျိုက်၍ လုပ်တတ်​သော မြန်မာဓ​လေ့​ကို အစွဲပြု၍ တင်စား​ခြင်း​ ဖြစ်ပါသည်။
မှန်ပါသည်။ မြန်မာအမျိုး​သား​တို့​သည် အား​ကြိုး​မာန်တက် လုပ်စရာရှိလျှင် ခါး​တောင်း​ကျိုက်၍ လုပ်တတ်ကြသည်။ ကိုလိုနီ​ခေတ်တွင် ဂီတစာဆိုကြီး​ရွှေတိုင်ညွန့်​က ' ခါး​တောင်း​ကျိုက်ကာ ​ဟောဒီစစ်ကို နိုင်​အောင်သာတိုက်မယ် ' ဟူ၍ ' ရာဇဝင်​ကြွေး​ ' သီချင်း​ဖြင့်​ မြန်မာ့​ဇာတိမာန်ကို လှံု့​ဆော်ခဲ့​ဖူး​သည် မဟုတ်ပါ​လော။
စင်စစ် အား​သွန်ခွန်စိုက် အလုပ်မျိုး​တွင် ပုဆိုး​ကြီး​ဖား​ဖား​နှင့်​ဆိုလျှင် လွတ်လွတ်လပ်လပ် မလှုပ်ရှား​နိုင်သည့်​အတွက် ခါး​တောင်း​ကျိုက်ကြခြင်း​ ဖြစ်သည်။ ထိုမှတစ်ဖန် ခါး​တောင်း​ကျိုက်ခြင်း​သည် အား​ထုတ်ကြိုး​ပမ်း​မှု သရုပ်ကို ​ဆောင်လာရသည်။
အချို့​သော အာရှနိုင်ငံ များ​တွင်လည်း​ မြန်မာနည်း​တူ ခါး​တောင်း​ကျိုက်​သော အ​လေ့​ရှိ​ကြောင်း​ ​တွေ့​ရပါသည်။ ပါဠိ မြန်မာ အဘိဓာန်တွင် ခါး​တောင်း​ကျိုက်ခြင်း​ကို ' ကစ္ဆဗန္ဓန ' ဟူ၍ပြသည်။ ဇာတ်အဋ္ဌကထာတွင် လာ​သော ' ကစ္ဆံဗန္ဓိက္ခာ ' ဟူ​သော ပုဒ်ကို ' ခါး​တောင်း​ကျိုက်၍ ' ဟု မြန်မာပြန်​လေ့​ရှိသည်။ အိန္ဒိယ နိုင်ငံသား​တို့​တွင် ​ရှေး​ကတည်း​က ခါး​တောင်း​ကျိုက် အ​လေ့​ရှိပုံကို သာဓကများ​က ​ဖော်ပြ​နေသည်။ ယခုတိုင်လည်း​ ဒိုတီခါး​တောင်း​ကျိုက်ထား​သော အိန္ဒိယနိုင်ငံသား​များ​ကို ​တွေ့​နေရသည် မဟုတ်ပါလား​၊​ ထိုင်း​နိုင်ငံတွင်လည်း​ ​ရှေး​က အမျိုး​သမီး​များ​ ခါး​တောင်း​ကျိုက်သည့်​ အ​လေ့​ရှိ​ကြောင်း​ စာ​ပေများ​တွင် ​တွေ့​ရပါသည်။
မြန်မာ့​ရှေး​ဟောင်း​ပန်း​ချီ၊​ ပန်း​ပုရုပ်များ​ကို ​လေ့​လာကြည့်​လျှင် ပျူ​ခေတ်ကတည်း​က အမျိုး​သား​များ​ ခါး​တောင်း​ကျိုက် သည့်​ အ​လေ့​ရှိ​ကြောင်း​ အထင်အရှား​ ​တွေ့​နိုင်ပါသည်။
ခါး​တောင်း​ကျိုက်ခြင်း​ကို အင်း​ဝ​ခေတ်တွင် ' ​အောက်​တောကျိုက် ' ဟု​ခေါ်သည်။ ရှင်မဟာသီလဝံသ၏ ပါရာယနဝတ္ထုတွင် ရှင်သာရိပုတ္တရာ ပညာရှိ မြတ်နိုး​ပုံကို ​ဖော်ပြရာ၌ စူဠနီဗြဟ္မဒတ် မင်း​ဘဝက မ​ဟောသဓာသုခမိန်ကို ကြည်ညိုမြတ်နိုး​သဖြင့်​ အကယ်၍ ​ရေ​စောင့်​ဘီလူး​က စား​ဖို့​တောင်း​မည် ဆိုပါက မိမိသာ ခါး​တောင်း​ကျိုက်ပြီး​ ဘီလူး​ပါး​စပ်ထဲ ခုန်ဆင်း​မည်၊​ မ​ဟောသဓာ ကိုမူ ဘီလူး​အစား​ခံမည် မဟုတ်​ကြောင်း​ ​ဖော်ပြရာ၌ ' မြဲစွာ​အောက်​တောကျိုက်၍ ' ဟု သုံး​နှုန်း​ထား​သည်။ အင်း​ဝ​ခေတ်က အ​ခေါ် အ​ဝေါ် ဖြစ်​ကြောင်း​ ထင်ရှား​ပါသည်။
​တောင်ငူ​ခေတ် နတ်ရှင်​နောင်၏ ထိုး​ကွင်း​မင်​သေ့​ဘွဲ့​ ရတုကို ကြည့်​ရုံနှင့်​ ထို​ခေတ်မြန်မာအမျိုး​သား​များ​ ​ပေါင်နှစ်ဖက် ​ပေါ်က ထိုး​ကွင်း​စိမ်း​စိမ်း​ က​လေး​များ​ပေါ်​အောင် ခါး​တောင်း​ကျိုက်ပြီး​ အလှပြကြမည့်​အသွင်ကို မြင်​ယောင်ကြည့်​နိုင်ပါသည်။
​ညောင်ရမ်း​ခေတ်တွင် ဝန်ကြီး​ပ​ဒေသရာဇာက ပန်း​လောင်မြစ်​ကြောတွင် ထွက်ဝင်သွား​လာ​နေ​သော ပိန်း​ကော​လှေငယ် ရှင်တစ်ဦး​၏ သွင်ပြင်ကို ' တျာချင်း​ ' ဖြင့်​ ပုံ​ဖော်ရာ၌ ' ခါး​တောင်း​ကျိုက်လုံး​ ပခုံး​ခဲ​တွေ၊​ ​ချွေး​ကလည်း​စီး​ ဒီး​ဒီး​ကျသည့်​ရေ ' ဟု ဖွဲ့​ထား​ သည်။ ခါး​တောင်း​ကို လုံး​ကျစ်​မြှောင်​နေ​အောင် ကျိုက်ထား​ပြီး​ ထိုး​ဝါး​ကို တွန်း​ရထိုး​ရ​သော ပခုံး​သား​များ​ကလည်း​ ဖုထစ်သန်မာ​နေပုံ ကို ပုံ​ဖော်ထား​ခြင်း​ဖြစ်သည်။ ​ယောကျာ်း​တစ်​ယောက်၏ အား​မာန်တက်ကြွဖွယ် ရုပ်သွင်ပါတည်း​။
ကုန်း​ဘောင်​ခေတ်တွင်မူ ခါး​တောင်း​ကျိုက်ကို ' ​အောက်ပိုး​ကျိုက် ' ဟူ၍လည်း​ ​ခေါ်​လေ့​ရှိသည်။ တစ်ခါတစ်ရံ ' ​နောက်ပိုး​ ကျိုက် ' ဟူ၍လည်း​ ​ခေါ်​လေ့​ရှိ​ကြောင်း​ ​တွေ့​ရသည်။ ​ရှေ့​က​ဖော်ပြခဲ့​သော စူဠနီဗြဟ္မဒတ်မင်း​ အ​ကြောင်း​ကို မ​ဟောသဓာဇာတ် အဋ္ဌကထာ နိဿယတွင် မြန်နမာပြန်ရာ၌ ' ကစ္ဆံဗန္ဓိက္ခာ၊​ ​နောက်ပိုး​ကျိုက်၍ ' ဟု ပြန်ဆိုထား​ကြောင်း​ ​တွေ့​ရသည်။
ခါး​တောင်း​ကျိုက်ထား​သော အသွင်သည် ကြမ်း​တမ်း​သော သ​ဘောရှိသည်။ ဘလ္လာတိယပျို့​တွင် ​တောထဲ၌ မုဆိုး​အသွင် ဖြင့်​ သမင်လိုက်​နေ​သော ဘလ္လာတိယ မင်း​ကြီး​၏ ဝတ်စား​ဆင်ယင်ပုံကို ဖွဲ့​ရာ၌ ' သင်တိုင်း​ဦး​စွပ်၊​ ဖန်ရည်တပ်သား​၊​ ကိုယ်ကျပ်အင်္ကျီ၊​ ​ဖျော့​ဖျော့​နီနှင့်​၊​ ပင့်​ချီ​တောလိုက်၊​ ခါး​တောင်း​ကျိုက်လျက် ' ဟု တွင်း​သင်း​မင်း​ကြီး​က ဖွဲ့​ပြသည်။ ​တောဟန်​ပေါက်ပြီး​ ကြမ်း​တမ်း​ ​နေ​သော အသွင်ကို ပြခြင်း​ဖြစ်သည်။
ထို့​အတူ မုံ​ရွေး​ဆရာ​တော်ကလည်း​ ' ကုသပျို့​ ' တွင် ပပဝတီ၏ တုံ့​ပြန်မှုကို ​မျှော်ငံ့​ရင်း​ စား​ဖို​ဆောင်တွင် အိုး​ဆေး​ ခွက်​ဆေး​ အလုပ်ကြမ်း​လုပ်​နေရ​သော ကုသမင်း​ကြီး​၏ ရုပ်သွင်ကို ဖွဲ့​ရာ၌ ' ပုဆိုး​လွှာကို၊​ ရည့်​ကာ မပိုက်၊​ ခါး​တောင်း​ကျိုက်၍၊​ ငိုက်စိုက်ဦး​ခေါင်း​၊​ ပွဲ​တော်​ဇောင်း​တွင်၊​ စ​လောင်း​အိုး​ခွက်၊​ ပွတ်လျက်​ဆေး​ကြော၊​ ကျွန့်​သ​ဘောသို့​ ' ဟု ဖွဲ့​ထား​ပါသည်။
ကင်း​ဝန်မင်း​ကြီး​ကလည်း​ ​နေမိရကန်တွင် တင်း​ထိမ်ပြတ်ကို ​ခေါင်း​ပေါင်း​ပြီး​ ခါး​တောင်း​ကို မ​သေမသပ် ကျိုက်ထား​သော ရုပ်သွင်ကို ' တင်း​ထိမ်ပြတ်​ခေါင်း​ပေါင်း​၊​ ခါး​တောင်း​အောက်ပိုး​၊​ ​ဒေါင်း​သိုး​သိုး​၊​ ဆိုး​လှသည့်​ပုံ ' ဟုဖွဲ့​ကာ ကဲ့​ရဲ့​ထား​ပါ​သေး​သည်။ ခပ်ကြမ်း​ကြမ်း​ ခပ်ရိုင်း​ရိုင်း​ သွင်ပြင်မျိုး​ကို ပုံ​ဖော်ထား​ခြင်း​ဖြစ်ပါသည်။ ခါး​တောင်း​ကျိုက်ရာတွင် ခါး​နောက်မှ ပုဆိုး​စကို ညှပ်ပြီး​ အပြင်သို့​ ပြန်ချထား​သော အစကို ' ခါး​တောင်း​မြီး​ ' ဟု​ခေါ်သည်။ အမြီး​ကဲ့​သို့​ တန်း​လန်း​က​လေး​ ​နေ​သော​ကြောင့်​ ဖြစ်သည်။ ' ​ပြေး​လိုက်တာ ခါး​တောင်း​မြီး​က​လေး​ကို တန်း​နေတာပဲ ' ဟု အချို့​သုံး​ကြသည်။ ​ပြေး​နေစဉ် ခါး​တောင်း​မြီး​က​လေး​ ​လေး​ဟုန်ဖြင့်​ တလွင့်​လွင့်​တန်း​နေပုံကို ပုံ​ဖော်ခြင်း​ ဖြစ်ပါသည်။ ရွှင်မြူး​စရာ ပုံသွင်မျိုး​ဖြစ်ပါသည်။
ခါး​တောင်း​ကျိုက်ခြင်း​သည် မြန်မာနန်း​ဓ​လေ့​နှင့်​လည်း​ ဆက်နွယ်​နေ​သေး​သည်။ ​ရှေး​က မင်း​ညီမင်း​သား​များ​ ခါး​တောင်း​ကျိုက်နည်း​နှင့်​ စစ်သည်သူရဲများ​ ခါး​တောင်း​ကျိုက်နည်း​ဟူ၍ နှစ်နည်း​ရှိ​ကြောင်း​ ဆရာကြီး​ ဦး​ချမ်း​မြက မိန့်​ဆိုဖူး​သည်။ မင်း​ညီမင်း​သား​များ​က ပုဆိုး​ကို ပွပွရွရွထား​ပြီး​ ခါး​တောင်း​ကျိုက်​လေ့​ ရှိကြသည်။ စစ်သည်သူရဲများ​ကမူ ပိတုန်း​များ​ မိမိတို့​အိမ်ကို တင်း​တင်း​ကျပ်ကျပ် ပိတ်ဆို့​ထား​သကဲ့​သို့​ ပုဆိုး​ကို တင်း​ကျပ်ပြီး​ ပိတ်​နေ​အောင် လိပ်၍ ခါး​တောင်း​ကျိုက်ကြသည်။
ထို့​ကြောင့်​ ထိုခါး​တောင်း​ကျိုက်နည်း​ကို ' ပိတုန်း​ပိတ် ' ကျိုက်နည်း​ဟု ​ခေါ်ကြသည်ဟူ၍ မှတ်သား​ရပါသည်။ ဦး​ပုညက အချုပ်တန်း​ ဆရာ​ဖေကို ​တေး​ထပ်ဖြင့်​ တိုက်ခိုက်ရာ၌ ' ခါး​တောင်း​ကျိုက် ပိတုန်း​ပိတ်နှင့်​ ကျံုး​ထိပ်ကင​ဖေ၊​ ကုန်း​ပြိတ္တာတ​စ္ဆေလို အသ​ရေ ဟိတ်နွမ်း​ ' စသည်ဖြင့်​ သရုပ်​ဖော်ထား​သည် မဟုတ်ပါ​လော။
ထို့​ပြင် မြန်မာမင်း​များ​လက်ထက်က လွှတ်​တော်​ပေါ်သို့​ အမိန့်​တော်ခန့်​ ဗိုလ်မှတစ်ပါး​ အခြား​မည်သူမျှ ခါး​တောင်း​ကျိုက် လျက် မတက်ရဟူ​သော စည်း​ကမ်း​သတ်မှတ်ချက် ရှိ​ကြောင်း​လည်း​ မှတ်သား​ရပါ​သေး​သည်။
ဘုရင်က အထူး​သဖြင့်​ သဒ္ဓါယံကြည်​တော်မူ​သော သူကို ' လက်သုံး​တော်ကြီး​ကိုင် ' ဟူ၍ ခန့်​သည်။ ဒုတိယအရွယ် မှူး​မတ် ဗိုလ်အရာရှိထဲမှလည်း​ကောင်း​၊​ အမျိုး​အနွယ် စင်ကြယ်​သော မှူး​မတ်မျိုး​ရိုထဲမှ လည်း​ကောင်း​ ခန့်​ထား​ခြင်း​ဖြစ်သည်။ ထိုလက်သုံး​ ​တော်ကြီး​ကိုင်တို့​မှာ အနား​ကြယ်ထိုး​ ကတ္တီပါစိမ်း​ ထိုင်မသိမ်း​အင်္ကျီနှင့်​ ​ရွှေကျင်ခတ်ပဝါစိမ်း​ ​ပေါင်း​ရသည်။ အနား​ကြယ်ထိုး​ ကတ္တီပါစိမ်း​ ဒူး​ထိ ​ဘောင်း​ဘီတို​ပေါ်တွင် လွန်း​များ​ပုဆိုး​ကို ​အောက်ပိုး​ခါး​တောင်း​ကျိုက်ဖြင့်​ အမြဲဝတ်ဆင်၍ ခစား​ရသည်။ လက်သုံး​တော်က​လေး​တို့​မှာလည်း​ ထို့​နည်း​တူ အနီ​ရောင်ဝတ်ဆင်ရပြီး​ အနား​ငွေဇာဖျင်သတ် ဒူး​ထိ ​ဘောင်း​ဘီတို​ပေါ် လွန်း​များ​ပုဆိုး​ ကို ခါး​တောင်း​အောက်ပိုး​ကျိုက်လျက် ခစား​ရသည်။ ဘုရင့်​ရှေ့​တွင် အမြဲ ခါး​တောင်း​ကျိုက်ခွင့်​ ရသူများ​ဖြစ်သည။
ထိုသို့​ခွင့်​ရသူမဟုတ်ဘဲ ဘုရင့်​ရှေ့​မှာ ခါး​တောင်း​ကျိုက်မိပါက ပြဿနာဖြစ်တတ်ပုံကိုလည်း​ လှိုင်ထိပ်​ခေါင်တင်၏ ဝိဇယ ကာရီနန်း​တွင်း​ ဇာတ်​တော်ကြီး​တွင် ​တွေ့​ရဖူး​သည်။ ဝိဇယကာရီ မင်း​သား​သည် မြင်း​စီး​လာပြီး​ မြင်း​ပေါ်က ဆင်း​သောအခါ ​မေ့​လျော့​၍ ခါး​တောင်း​ကျိုက်​တော်ကို မဖြုတ်မိဘဲ သန်လျက်ကိုင်ကာ ဘုရင့်​ရှေ့​ဝင်မိရာ ဘုရင်က သူ့​ကို သတ်ရန်လာသည်ဟု အထင်မှား​သည့်​ ဇာတ်ကွက်တစ်ကွက် ပါဝင်ပါသည်။
​ရှေး​က မြန်မာအမျိုး​သား​တို့​၏ ​ယောကျာ်း​ပီသ​သော အသွင်ကို ပုံ​ဖော်မည်ဆိုလျှင် ခါး​တောင်း​ကျိုက်နှင့်​ ထိုး​ကွင်း​ မင်​ကြောင် ပါမြဲဖြစ်သည်။ ​ဘောင်း​ဘီ​အောက်ခံ​ပေါ်တွင် ခါး​တောင်း​ကျိုက်ထား​ပြီး​ ​ကော်ရစ်​ခေါ် မင်​ကြောင်း​များ​နှင့်​ တင့်​တယ် ​နေ​သော မင်း​မှုထမ်း​အသွင်ကို ' စွပ်ဘီ​ဘောင်း​ခါး​တောင်း​ မင်​ကော်ရစ်ကယ်နှင့်​ ' ဟူ၍လည်း​ကောင်း​၊​ ခြင်း​လုံး​ခတ်​နေ​သော အသွင်ကို ' ခါး​တောင်း​ရယ်​မြှောင်၊​ မည်း​မှောင်တဲ့​ ​သျှောင်​စောင်း​၊​ ပျို​လေး​တို့​ ​ရေခပ်ဆင်း​ကို ခြင်း​ခတ်လို့​ချောင်း​ ' ဟူ၍လည်း​ကောင်း​ ကဗျာဖွဲ့​ခဲ့​ ကြပါသည်။
ခါး​တောင်း​ကျိုက်သည့်​ အ​လေ့​သည် မြန်မာ့​ဇာတ်သဘင်တွင်လည်း​ ​နေရာယူလျက်ရှိသည်မှာ ယခုတိုင်ပင် ဖြစ်ပါသည်။ မင်း​သား​များ​ ခါး​တောင်း​ကျိုက်၍ ကကြသည်မှာ ​ရှေး​ရာမ၊​ အီ​နောင် စသည့်​ နန်း​တွင်း​ဇာတ်ကြီး​များ​ မှာကတည်း​က ဖြစ်သည်။ ရတနာပုံ​ခေတ် မင်း​သား​များ​သည် ဗလာပုဆိုး​ကို ကြက်မြီး​ ခါး​တောင်း​ကျိုက်၍ ထိုင်မသိမ်း​အင်္ကျီဝတ်ပြီး​ ရင်အုံနှင့်​ လည်တိုင်မှာ ​ဆေး​နီထိုး​လေ့​ရှိ​ကြောင်း​ သိရသည်။ ခါး​တောင်း​ကျိုက်ပြီး​နောက် ကြက်မြီး​ကဲ့​သို့​ အမြီး​က​လေး​ ချထား​ခြင်း​ ဖြစ်သည်။
မြန်မာ့​သဘင်တွင် ' ခါး​တောင်း​ကျိုက်မင်း​သား​ ' ဟု​ခေါ်​သော မင်း​သား​လတ်များ​ ​ပေါ်​ပေါက်လာခဲ့​သည်။ အသက်ကြီး​၍ ဖြစ်​စေ၊​ အသံပျက်၍ဖြစ်​စေ တစ်ခုခုချွတ်ယွင်း​သဖြင့်​ မင်း​သား​နုလည်း​မက၊​ မင်း​သား​ကြီး​လည်း​မကျ၊​ ထိုစပ်ကြား​မှာ ခါး​တောင်း​ကျိုက် မင်း​သား​လတ် ဟုလည်း​ ​ပေါ်​ပေါက်ခြင်း​ဖြစ်သည်။ မင်း​သား​ကြီး​ ဦး​စိန်ကတုံး​ ဆိုလျှင် များ​သောအား​ဖြင့်​ ' ခါး​ပုံချမင်း​သား​ ' အဖြစ် ညက်ညက်​ညော​ညော ကပြ​လေ့​ရှိ​သော်လည်း​ မမာမကျန်း​ဖြစ်ပြီး​ နဂိုသံအတိုင်း​ ဟစ်​အော်မရသဖြင့်​ ခါး​တောင်း​ကျိုက် မင်း​သား​လတ် အသွင်ဝတ်ဆင်ပြီး​ မြူး​မြူး​သွက်သွက် ကခဲ့​ရာ နှစ်သက်သ​ဘောကျသဖြင့်​ ဦး​စိန်ကတုံး​ကို တပည့်​ခံ​သော ခါး​တောင်း​ကျိုက် မင်း​သား​လတ်များ​ သူ့​ထက်ငါ ​ပေါ်ထွန်း​ခဲ့​သည်ဟု ဆိုပါသည်။
မင်း​သား​များ​ ပုဆိုး​ဝတ်ရာ၌ (ခါး​ပုံတင်လူယဉ်၊​ ခါး​ပုံထိုး​ လူရိုး​၊​ ခါး​တောင်း​ကျိုက် လူမိုက်) ဟူ၍ ဆိုရိုး​ရှိ​သော်လည်း​ ဇာတ်မင်း​သား​ကြီး​ ဦး​ဖိုး​စိန်သည် ခါး​တောင်း​ကျိုက်နှင့်​ လိုက်​အောင် ​ခြေက အမျိုး​မျိုး​ထွင်၍ ကြည့်​ကောင်း​အောင် ကနိုင်ခဲ့​သဖြင့်​ အချို့​မင်း​သား​များ​ ခါး​တောင်း​ကျိုက်နှင့်​ လိုက်ကကြ​ကြောင်း​ ဆရာကြီး​ဂုဏ်ဘဏ်က မိန့်​ဆိုခဲ့​ဖူး​ပါသည်။
ဤသို့​ဖြင့်​ ခါး​တောင်း​ကျိုက်ခြင်း​သည် အား​ကြိုး​မာန်တက် သ​ဘောကို​ဆောင်​သော မြန်မာမှုတစ်ခု ဖြစ်​နေသည့်​ အ​လျောက် ​သေက္ချ​တောင် ဆရာ​တော် ဦး​တိ​လောကသည် ပဏ္ဍိတ​ဝေဒနိယ ဒီပနီကျမ်း​တွင် တပည့်​များ​အား​ ကမ္မဋ္ဌာန်း​ပေး​ရာ၌၊​ စိတ်ခါး​တောင်း​ကို နာနာကျိုက်ကြ တပည့်​တို့​ဟု ဩဝါဒ​ပေး​ခဲ့​သည်။ ဆရာကြီး​ သခင်ကိုယ်​တော်မှိုင်း​၏ တက်ကြွ​သော ဇာတိမာန် စိတ်ဓာတ်ကို ဆရာ​ဇော်ဂျီကလည်း​ ' စိတ်ခါး​တောင်း​ကျိုက် ' ဟူ၍ တင်စား​ခဲ့​ပါသည်။ လုပ်မဟဲ့​ ကိုင်မဟဲ့​ ဟူ​သော တက်ကြွသည့်​ သ​ဘောကိုပြ​သော တင်စား​ချက်ပင်။
မြန်မာစကား​ပုံများ​ထဲတွင် ' ခါး​တောင်း​ကျိုက်တလွဲ တင်တလွဲ ' ' ခရု ခါး​တောင်း​ကျိုက် ဖမ်း​သည် ' ဟူ​သော စကား​ပုံများ​ ပါဝင်​နေခြင်း​ကလည်း​ မည်မျှအသား​ကျ အနည်ထိုင်​နေ​သော မြန်မာမှုတစ်ရပ် ဖြစ်​ကြောင်း​ သက်​သေပြ​နေပါသည်။ ထို့​ပြင် " ခါး​တောင်း​ကျိုက် တင်ကျ " ၊​ " ဒူး​ဖုံး​ခါး​တောင်း​ကျိုက် " ၊​ " ခါး​တောင်း​ ဖင်ကြား​ညှပ် " စသည့်​ ခါး​တောင်း​ကျိုက်ပုံများ​ကို ​ဖော်ပြသည့်​ စကား​များ​လည်း​ ရှိပါသည်။
ခါး​တောင်း​ကျိုက် ယဉ်​ကျေး​မှုသည် စိတ်ဝင်စား​ဖွယ် မြန်မာမှုတစ်ခု ဖြစ်ပါ​ပေသည်။

​ငွေတာရီမဂ္ဂဇင်း​
အမှတ် ၃၁၄ ၊​ ဩဂုတ် ၊​ ၁၉၈၆ ။

0 responses to “ မြန်မာနှင့်​ ခါး​တောင်း​ကျိုက် ယဉ်​ကျေး​မှု ”

Leave a Reply