ကဗျာလမ်းကြောင်းမှ ကွင်းဆက်တစ်ခု
ကဗျာလမ်းကြောင်းမှ ကွင်းဆက်တစ်ခု
ကဗျာရေးဖွဲ့ရာတွင် ကဗျာစာဆို၏ စေတနာသည် ပဲ့ကိုင်သဖွယ်ဖြစ်ကြောင်း၊ ဘဝပတ်ဝန်းကျင်ကို အကြောင်းပြု၍ ခံစားမှု အသိနှင့်ယှဉ်ကာ ဖူးပွင့်လာသော ကဗျာစာဆို၏ စိတ်ကူးဉာဏ်သည် အရေး ပါ ကြောင်း ၊ စိတ်ကူးဉာဏ်မရှိဘဲ ကဗျာဖွဲ့လျှင် ကာရန်များ ချိတ်ဆက်ထားသော ' ကာရန်စာ ' အဆင့် သာ ရှိ မည် ဖြစ်ကြောင်း ပညာရှင်တို့၏ မိန့်ဆိုခဲ့ကြဖူးပါသည်။ ဤအဆိုအမိန့် များသည် ယနေ့စာပေလောကတွင် လေးလေးစားစား နာယူမှတ်သားအပ်သည့် အဆိုအမိန့်များအဖြစ် ခိုင်ခိုင်မာမာ နေရာယူနေပါပြီ။လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်ကျော် ကာလကို ပြန်ကြည့်မည်ဆိုလျှင် ကဗျာနှင့်ပတ်သက်၍ ဤသို့သော အဆိုအမိန့်များ တွင်တွင်ကျယ်ကျယ် မရှိသေးကြောင်း တွေ့ရပါသည်။ အထူးသဖြင့် စာနယ်ဇင်းများ အရှိန် ရလာသော ၁၉၂၀ ပြည့်နှစ်ဝန်းကျင်က ဆိုလျှင် စာနယ်ဇင်းပါ ကဗျာအများစုသည် သုတိသာယာမှုကို အခြေပြုသော ကဗျာများဖြစ်နေသည်ကို တွေ့ရပါသည်။ မောင်ဘွဲ့၊ မယ်ဘွဲ့၊ ရာသီဘွဲ့၊ သဘာဝ ပတ်ဝန်းကျင်ဘွဲ့၊ အချစ်ဘွဲ့၊ အလွမ်းဘွဲ့ စသည်တို့ကို တေးထပ်၊ လေးချိုး စသည့် ပုံသဏ္ဌာန်များဖြင့် လက်စွမ်းပြရေးဖွဲ့သည့် ကဗျာများက အများစုဖြစ်နေသည်ကို တွေ့ရပါသည်။ ကဗျာ၏ အရည်အသွေးကို ဝေဖန်သုံးသပ် အကဲဖြတ်ရာ တွင်လည်း သုတိသာယာမှုကို အားပြုအကဲဖြတ်မှုမျိုးက အလေးကဲနေသည်ကို တွေ့ရပါသည်။ ကဗျာစာဆို၏ စေတနာ၊ စိတ်ကူးဉာဏ်၊ ခံစားမှု အသိတို့ကို အလေးပေးဖော်ထုတ်မှုမျိုး အားနည်းသေးသည်ဟု ဆိုနိုင်ပါသည်။
ထိုသို့သော အချိန်အခါမျိုးတွင် ကဗျာဝေဖန်သုံးသပ်မှုနှင့် ပတ်သက်၍ ထူးခြားသော အဆိုအမိန့်တစ်ခု ပေါ်ပေါက်ခဲ့ကြောင်း တွေ့ရပါသည်။ ၁၉၂၃ ခု ဩဂုတ်လထုတ် ဒဂုန်မဂ္ဂဇင်း (အတွဲ ၃ အမှတ် ၃၆)တွင် ပါသော ကဗျာလင်္ကာနှင့် စိတ်ဝင်စားခြင်းအကြောင်း ဟူသော ခေါင်းကြီးပိုင်း ဖြစ်ပါသည်။
(ထိုနှစ်တွင် ဒဂုန်မဂ္ဂဇင်း အယ်ဒီတာအဖြစ် လယ်တီပဏ္ဍိတ ဦးမောင်ကြီး စတင်ဆောင်ရွက်ကြောင်း အမှတ်အသား ရှိသည့်အတွက် ဆရာကြီး လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အဆိုအမိန့် ဖြစ်ဖွယ်ပါသည်။)
စာရေးသူက ' ကျမ်းဂန်တတ်သူ ' နှင့် ပညာရှိ ကဝိစာဆိုကို ခွဲခြားပြသည်။ ကျမ်းဂန်တတ်တိုင်း ပညာရှိ ကဝိစာဆို မဟုတ်ကြောင်း၊ ပညာရှိ ကဝိစာဆိုဘွဲ့ခံရန် အရေးကြီးသော အချက်တစ်ချက်မှာ စိတ်ဝင်စားခြင်းပင် ဖြစ်ကြောင်း မိန့်ဆိုသည်။
" စိတ်ဝင်စားခြင်းဟူသည်မှာ ကျွန်ုပ်တို့၏ မျက်စိက တစ်စုံတစ်ခုကို မြင်သည်ဖြစ်စေ၊ ကျွန်ုပ်တို့၏ စိတ်က တစ်စုံတစ်ခုကို စဉ်းစားမိသည် ဖြစ်စေ၊ ထိုစိတ်၌သော်လည်းကောင်း၊ မျက်စိအာရုံသော်လည်းကောင်း၊ ဖြစ်ပေါ်ထင်လာသော အရာကိုရုတ်တရက် အမှတ်မဲ့မြင်ရုံထင်ရုံမျှမဟုတ်၊ မြင်သောအရာ၌ ရပ်တန့်စွဲလမ်းလျက် စိတ်တွင် တံဆိပ်ရိုက်နှိပ်လိုက်ဘိ သကဲ့သို့ စွဲလမ်းမြဲမြံခြင်းပင် ဖြစ်ပေသည် "
ဟူ၍ ဖွင့်ဆိုထားပုံကို ကြည့်လျှင် ထူးခြားလေးနက်သော အဆိုအမိန့်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ မြင်ရတွေ့ရ ခံစားရသော ပတ်ဝန်းကျင်အာရုံများကို အကြောင်းပြု၍ ကဗျာစာဆို၏ စိတ်တွင်ခံစာမှုဖြစ်ပြီး ထိုအာရုံများစာဆို၏ အဆိုအမိန့်နှင့် သဘောချင်း အတူတူပင် ဖြစ်ပါသည်။
စာရေးသူက ထိုသို့ဖွင့်ဆိုပြီးနောက် ကဗျာတစ်ပုဒ်သည် သဒ္ဒါနည်းဆန်းနည်း အလင်္ကာနည်းများဖြင့် ကောင်းမွန် ပြေပြစ်စွာ ဖွဲ့ထားစေကာမူ စိတ်ဝင်စားခြင်းဟူသော လက္ခဏာချို့တဲ့လျှင် ကဗျာကောင်းမဖြစ်နိုင်ကြောင်း မိန့်ဆိုထားပါသေးသည်။
ထိုခေါင်းကြီးပိုင်းတွင်
" စကားလှ စကားကောင်းတည်းဟူသော အနံ့အရသာ မရှိသဖြင့် ကဗျာဟု ခေါ်ဆိုရသော်လည်း ကဗျာကဲ့သို့ အသုံးအစွဲ များစွာ နည်းပါးရလေသည် "
ဟူသော အဆိုအမိန့်ကို တွေ့ရသောအခါ စိတ်ကူးဉာဏ်မပါသော စာမျိုးသည် ကာရန်စာမျှသာ ဖြစ်ပြီး တကယ့်ပန်း အစစ်နှင့်မတူဘဲ စက္ကူပန်းကဲ့သို့သာ လှနိုင်သော သဘောရှိကြောင်း မိန့်ဆိုခဲ့ဖူးသော ဇော်ဂျီ၏ အဆိုအမိန့်ကိုပါ သတိရမိပါသည်။
စာရေးသူက ရှေးမြန်မာကဗျာများကို သာဓက ဆောင်ထားပါသည်။ လက်ဝဲသုန္ဒရ၏ ရတုများမှ မိမိခံစားမှုဖြင့် ရေးဖွဲ့သော ' မဲဇာတောင်ခြေ၊ ဝေရွှန်းစန္ဒာရတုများနှင့် မင်းမိန့်ဖြင့်ရေးဖွဲ့သော ရွှေဘုန်းတော်ရောင်၊ ငွေဝန်းလကျာ် ရတုများကို ' နှိုင်းယှဉ်ပြသည်။ ကိုယ်ပိုင်ခံစားမှုဖြင့်ရေးသော စာနှင့်သူတစ်ပါးခိုင်း၍ရေးသော စာတို့သည် သိမ်မွေ့နူးညံ့၍ စိတ်ကို လှုပ်ရှားစေတတ်သော သတ္တိချင်းကွာသွားကြောင်း နှိုင်းယှဉ်မိန့်ဆိုသည်။ ထို့အပြင် ရှင်မဟာရဋ္ဌသာရ၏ ' ဝဏ္ဏပဘာ ' ၊ ရှင်တေဇောသာရ၏ ' ဌာနတည်၍ ' ရတု၊ နတ်ရှင်နောင်၏ ' တင့်လှပေဟန် ' ရတုတို့သ်ည စိတ်ဝင်စားခြင်း ဟူသော လက္ခဏာပါသည့် အတွက်၊ ကဗျာကောင်းများအဖြစ် ရပ်တည်နေခြင်းဟူသော လက္ခဏာပါသည့်အတွက်၊ ကဗျာကောင်းများအဖြစ် ရပ်တည်နေခြင်း ဖြစ်ကြောင်းကိုလည်း အထင်အရှား ဖော်ပြသည်။ ထို့နောက် ဤသို့သော ဉာဏ်မျိုးသည် တစ်သန်းတွင်တစ်ယောက်၊ တစ်ကုဋေတွင် တစ်ယောက်ဆိုသကဲ့သို့ ဇာတိကပါလာသော ဉာဏ်မျိုးဖြစ်ကြောင်း၊ မြန်မာတို့က ရှေးကုသိုလ်ပါရမီကြောင့် ဖြစ်ရသည့်ဉာဏ်ဟု ဆိုကြောင်း၊ မိန့်ဆိုပြီး " တစ်ပါး အတတ်ကဲ့သို့ လေ့ကျင့်၍မရ၊ ကဝိစာဆို ဖြစ်လိုသူတိုင်းမှာ ဇာတိပါရမီ ကုသိုလ်ကပင် ပါလာရလေသည် " ဟူ၍ ကောက်ချက်ချထားပါသည်။
ဤတွင်လည်း ကဗျာစာဆို၏ စိတ်ကူးဉာဏ်ဟူသည် ဗီဇဓာတ်ခံနှင့်ဆိုင်ကြောင်း၊ ထိုသို့သော ဗီဇဓာတ်ခံမရှိသူကို စိတ်ကူးဉာဏ်ပေါ်ပေါက်အောင် လုပ်ပေးနိုင်သည့် နည်းလမ်းမရှိကြောင်း ဆရာဇော်ဂျီ မိန့်ဆိုခဲ့ဖူးသည်ကို သတိရဖွယ် ဖြစ်ပါသည်။
စာ၏ ပုံသဏ္ဌာန်အလှဖြစ်သော သုတိသာယာမှုကို အလေးပေး၍ ကဗျာရေးဖွဲ့နေသော၊ ဝေဖန်သုံးသပ် အကဲဖြတ်နေသော ထိုအချိန်ကာလမျိုးတွင် တင်ပြခဲ့သော အဆိုအမိန့်သည် အမှန်ပင် ထူးခြားလှပါသည်။ လေးစားဖွယ်လည်း ဖြစ်ပါသည်။ မြန်မာကဗျာလမ်းကြောင်းတွင် မျက်မြင်နားကြား အတွေ့အကြံုကို သိလွယ်နားလည်လွယ်သော စကားမျိုးဖြင့် စိတ်စေတနာ သက်ရောက်သလို ရေးဖွဲ့သော ခေတ်စမ်းကဗျာ လှုပ်ရှားမှုသည် ၁၉၃၀ ဝန်းကျင်မှ ပေါ်ပေါက်ခြင်းဖြစ်ပါသည်။ ဒဂုန်မဂ္ဂဇင်း ခေါင်းကြီးတွင် အလေးပေး ဖော်ညွှန်းခဲ့သော ' စိတ်ဝင်စားမှု ' သည် ခေတ်စမ်းကဗျာများတွင် လေးလေးနက်နက် နေရာယူလာသည့် အလျှောက် ခေတ်စမ်းကဗျာများသည် ခေတ်စမ်းမတိုင်မီ ကဗျာများနှင့် သိသိသာသာ ကွဲပြားလာသည်မှာ အများအသိပင် ဖြစ်ပါသည်။ သို့သော် ထိုသို့သော အခြေအနေသို့ ရောက်အောင် အသိအမြင်ရှိသော ပညာရှင်များက ၁၉၂၀ ကျော် ကာလကတည်းကပင်၊ ရှေ့ဆောင်လမ်းပြအဖြစ် လမ်းခင်းပေးခဲ့ကြောင်း အဆိုပါ ခေါင်းကြီးက သက်သေပြလျက် ရှိပါသည်။ ဤအချက်သည် မြန်မာကဗျာလမ်းကြောင်းကို ခြေရာခံရာတွင် အရေးပါသော ကွင်းဆက်တစ်ခု ဖြစ်လိမ့်မည်ဟူ၍လည်း ထင်မြင်မိပါသည်။
ကျေးတမာ ကဗျာဝိုင်း
စက်တင်ဘာ ၊ ၁၉၈၅ ။
0
responses to “
ကဗျာလမ်းကြောင်းမှ ကွင်းဆက်တစ်ခု
”