ရှစ်လုံး​ဘွဲ့​ကို ​ခြေရာခံခြင်း​

ရှစ်လုံး​ဘွဲ့​ကို ​ခြေရာခံခြင်း​
[ ၁ ]
ရူပ ဤရုပ်၊​ ​ရေမြှုပ်သဏ္ဌာန်
အနိစ္စပဲ၊​ မမြဲအမှန်
မကင်း​ဘဲမို့​၊​ ဆင်း​ရဲပူပန်
အနတ္တ မှတ်ကြ ဧဝကန်။
လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​ရေး​ဖွဲ့​သော ခန္ဓာငါး​ပါး​ဘွဲ့​ ကဗျာများ​မှ ' ရူပက္ခန္ဓာဘွဲ့​ ' ဖြစ်ပါသည်။ တစ်ပိုဒ်လျှင် အက္ခရာ ရှစ်လုံး​စီပါသည့်​အတွက် ဤကဗျာမျိုး​ကို ' ရှစ်လုံး​ဘွဲ့​ ' ဟု​ခေါ်​ကြောင်း​ အများ​သိကြပါသည်။ ကိုလိုနီ​ခေတ်တွင် အလွန်အသုံး​ တွင်ကျယ်ခဲ့​ပြီး​ ​ရေး​နည်း​ဖွဲ့​နည်း​ အသား​ကျပြီး​သော အဆင့်​သို့​ရောက်သည်မှာ ကြာပြီဖြစ်ပါသည်။ ရှစ်လုံး​ဘွဲ့​ကဗျာမျိုး​သည် ယ​နေ့​ ​ခေတ်မစား​တော့​သော်လည်း​ မြန်မာကဗျာဖွဲ့​နည်း​ တစ်ခုအ​နေနှင့်​မူ ​လေး​လေး​စား​စား​ အသိအမှတ်ပြုကြရပါမည်။
ရှစ်လုံး​ဘွဲ့​ကဗျာ ​ပေါ်ထွန်း​လာပုံကို ​ခြေရာခံကြည့်​မည် ဆိုပါလျှင်

[ ၂ ]
ရှစ်လုံး​ဘွဲ့​ကဗျာသည် ပါဠိဂါထာဖွဲ့​ပုံကို မှီငြမ်း​ပြုထား​သော ကဗျာဖြစ်ပါသည်။
" ပါဠိဘာသာတွင် ' ပဇ္ဇ ' ဟု​ခေါ်​သော ဂါထာမျိုး​ကဲ့​သို့​ အက္ခရာရှစ်လုံး​ဖြင့်​ ဖွဲ့​စီရ​သော အနုဋ္ဌု ဘဆန်း​မျိုး​နှင့်​အတူ ပါဒ ​လေး​ခုထား​၍ တစ်ပါဒလျှင် အက္ခရာရှစ်လုံး​စီ အညီအမျှ ​ရေး​သား​အပ်​သော​ကြောင့်​ ပါဠိဂါထာနှင့်​တူရကား​ ' မြန်မာဂါထာ ' ဟူ၍ လည်း​ကောင်း​၊​ ' မြန်မာကဗျာ ' ဟူ၍လည်း​ကောင်း​ ​ခေါ်​ဝေါ်အပ်သည် " ဟူ၍ ပုပ္ပါး​ ဦး​ကျော်ရင်က ' ကဝိ ဘာရတီ ကျမ်း​ ' တွင် မိန့်​ဆို ထား​ပါသည်။
ထို့​အတူ ရှစ်လုံး​ဘွဲ့​ကဗျာ ​ရေး​နည်း​ဖွဲ့​နည်း​ကို စနစ်တကျဖြစ်​အောင် ကြိုး​ပမ်း​ခဲ့​သော လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​ ကလည်း​
" ရှစ်လုံး​ဘွဲ့​များ​သည် ဆ​န္ဒော မဥ္စရီကျမ်း​စု၊​ စု​တ္တောဒယကျမ်း​၊​ သုသု​ဗောဓက ကျမ်း​မှစ၍ ဆန်း​ကျမ်း​ပေါင်း​ များ​စွာတို့​၌ ပြဆိုကြ​သော ကဗျာဂီတအမျိုး​မျိုး​တို့​တွင် ဝတ္တဂါထာ၊​ ပတျာဝတ္တဂါထာ၊​ ဝိပုလဂါထာ အသွား​မျိုး​ပင်ဖြစ်သည်ဟု မှတ်​စေချင်ပါသည် " ဟူ၍ ဒဂုန်မဂ္ဂဇင်း​ (၁၉၂၅ ဇွန်လ) တွင် ​ရေး​သား​မိန့်​ဆိုဖူး​ပါသည်။
မှန်ပါသည်။ ​ရှေး​က ပါဠိမြန်မာ​ရော​နှော၍ ရှစ်လုံး​တစ်ပိုဒ်ကျ ​ရေး​ဖွဲ့​သော ဂါထာများ​ ​ပေါ်​ပေါက်ခဲ့​ဖူး​ပါသည်။ ' အလွန် ​ရှေး​ကျ​သော သဒ္ဒါဘက်ဆိုင်ရာ ကဗျာ ' ဟု အမှတ်အသား​ရှိ​သော ဂါထာတစ်ပုဒ်တွင်
​သောလည်း​မူလည်း​ စ ဂရ​ဟော ။
လျက်ဝစန တ​ထေဝစ ၊​
၍ရကား​ ကိရိယာဝိသိသ် ၊​
ကွစိဟိတ်စ ဒွဟံဘ​ဝေ
ဟူ၍ ပါဠိမြန်မာ ​ရော​နှော၍ ရှစ်လုံး​တစ်ပိုဒ် ​ရေး​ဖွဲ့​ထား​သည်ကို ​တွေ့​နိုင်ပါသည်။ သို့​သော် ရှစ်လုံး​ဘွဲ့​မှာကဲ့​သို့​ ကာရန် မပါ​သေး​ကြောင်း​ သတိပြုဖွယ် ဖြစ်ပါသည်။
လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​ အ​လေး​အမြတ်ပြု​သော မဟာဝိသုဒ္ဓါရာမ ဆရာ​တော်ဘုရား​ကြီး​ကလည်း​
ပစ္စ​ယေ လက်ကိုင်မပြုရာ ၊​
လွှဲအပ်ရာ လက်​ထောက် သဒ္ဓဟံ ၊​
ဖို​ချောင်ယံ နပ္ပဝီ​သေယျ ၊​
သံ​ဃေ ဘာ​ဇေရသမျှကို
စသည်ဖြင့်​ ပါဠိမြန်မာ ​ရော​နှောကာ ရှစ်လုံး​ဘွဲ့​ ဆုံး​မကဗျာများ​ ​ရေး​ဖွဲ့​ခဲ့​ကြောင်း​ သိရပါသည်။

[ ၃ ]
ကုန်း​ဘောင်​ခေတ် မုံ​ရွေး​ဆရာ​တော်၏ မှတ်စုတွင် ရှစ်လုံး​ဘွဲ့​ကဗျာအဖွဲ့​မျိုး​ ​တွေ့​ရ​ကြောင်း​ ဝဇီရဗုဒ္ဓိ ဦး​ဖိုး​စိန်က မြန်မာ ကဗျာဖွဲ့​နည်း​ကျမ်း​တွင် ​ဖော်ညွှန်း​ထား​ပါသည်။ ' အိမ်​ရှေ့​မင်း​ဘွဲ့​လင်္ကာ ' ဟူ၍ပြရာတွင်
မြတ်လှမင်း​လျာ၊​ ပညာ​ထောက်ထား​
အဋ္ဌာရသ၊​ သိပ္ပ​လောက်သား​
စွမ်း​ဘား​ သန်မြန်၊​ ရဲအန်​မြောက်မြား​
ဇမ္ဗူကျွန်း​တွင်၊​ ​မြေပြင်​ချောက်ချား​

ဟူ၍ ရှစ်လုံး​တစ်ပိုဒ်စီတွင် ပိုဒ်တွင်း​ကာရန်လည်း​ ညီ​သော အဖွဲ့​မျိုး​ဖြစ်လာ​ကြောင်း​ ​တွေ့​ရပါသည်။ ထိုမျှမက

ဥပရာဇာ၊​ သမ္ဘာတက်ပွား​
ရည်သွား​မြင်း​ဆင်၊​ ရုပ်အပ်ပျိုထွား​
​မြောက်မြား​ပညာ၊​ အံ့​ရာထင်ရှား​
သုံး​ပါး​ယုတ်လတ်၊​ အမြတ်ထူး​ခြား​

ဟူ၍ ရှစ်လုံး​တစ်ပိုဒ်ချင်း​ပင် ​ရှေ့​အပိုဒ်နှင့်​ ​နောက်အပိုဒ်ပါ ကာရန်ချိတ်ဆက်ကာ ​ရေး​ဖွဲ့​လာသည်ကိုလည်း​ ​တွေ့​ရပါသည်။ ထိုရှစ်လုံး​ဘွဲ့​များ​၏ အသံ​နေအထား​မှာမူ ယခုအများ​သိ​နေ​သော ရှစ်လုံး​ဘွဲ့​များ​နှင့်​ ကွဲပြား​ခြား​နား​နေပါသည်။ ​ဆောင်း​ပါအစတွင် တင်ပြခဲ့​သော လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​၏ ရှစ်လုံး​ဘွဲ့​နှင့်​ ယှဉ်ကြည့်​လျှင် သိနိုင်ပါသည်။ [ လယ်တီပဏ္ဍိတ၏ ရှစ်လုံး​ဘွဲ့​တွင် ပိုဒ်တွင်း​ကာရန်ယူရာ၌ ' ရုပ် - မြှုပ် ၊​ ပဲ - မြဲ ၊​ ဘဲ - ရဲ ၊​ က - ကြ ' ဟူ၍ ' ချသံ ' (​အောက်မြစ်သံ၊​ ဝိသဇ္ဇနီသံ) များ​ဖြင့်​ ကာရန်ယူ​သော်လည်း​ ပိုဒ်ဆုံး​ကာရန် ယူရာ၌မူ ' ဌာန် ၊​ မှန် ၊​ ပန် ၊​ ကန် ' ဟူ၍ ချီသံ (​အောက်မြစ်၊​ ဝိသဇ္ဇနီတို့​ မပါ​သောအသံ) များ​ဖြင့်​ ကာရန်ယူ​ကြောင်း​ ​တွေ့​နိုင်ပါသည်။ မုံ​ရွေး​ဆရာ​တော် မှတ်စုလာ ရှစ်လုံး​ဘွဲ့​များ​တွင် ပိုဒ်တွင်း​ကာရန် ယူရာ၌ ' လျာ - ညာ ' ဟူ၍ ချီသံဖြင့်​ လည်း​ကောင်း​၊​ ' သ - ပ ' ဟူ၍ ချသံဖြင့်​လည်း​ကောင်း​ ​ရော​နှောယူထား​ပြီး​ ပိုဒ်ဆုံး​ ကာရန်ကိုမူ ' ထား​၊​ လား​၊​ မြား​၊​ ချား​ ' ဟူ၍ ချသံများ​ဖြင့်​ ကာရန်ယူထား​ကြောင်း​ ​တွေ့​နိုင်ပါသည် ]
၁၂၄၀ ပြည့်​နှစ်​လောက်တွင် ထိုရှစ်လုံး​ဘွဲ့​ကို အနည်း​ငယ်ပြုပြင်၍ ' ယိုး​ဒယား​ နန်း​သိမ်း​သံ ' ဟု တီထွင်လာ​ကြောင်း​ကို ဝဇီရ ဗုဒ္ဓိ ဦး​ဖိုး​စိန်က ဆတိုင်မွှတ်ဦး​ကူး​၏ ' ​ဝေဿန္တရာ ပြဇာတ် ' လာ ​အောက်ပါအဖွဲ့​များ​ဖြင့်​ သာဓက ​ဆောင်ပြပါသည်။
၁။ ရီဆိုင်း​သာစွ၊​ ဝင်္က​တောင်ဆီ
​မျှော်ကာ၊​ ​ယောင်မှား​၊​ မယ်ဘွား​မဒ္ဒီ
ကဏှာ​လေး​နှင့်​ ရင်​သွေး​ဇာလီ
ကြမ္မာညှိုး​၊​ ကံဆိုး​လေကြံုခဲ့​ပြီ။
၂။ ဝဋ်မွဲ၊​ လွတ်ခဲ​လေနိုင်​တော့​သည်။
ဇွတ်ဆွဲ၊​ မြင်မြဲ​လေ တာကရှည်
ဘယ်ကာလမှ၊​ ဝဋ်စ ကုန်မည်
ဗျာပါကြီး​၊​ ပူမီး​လေလျှံကစည်။

အမှတ် ၁ ရှစ်လုံး​ဘွဲ့​သည် ယခု​ခေတ် ရှစ်လုံး​ဘွဲ့​နှင့်​ ဖွဲ့​ပုံချင်း​ အလွန်နီး​စပ်​နေပါပြီ။ အဆုံး​ပိုဒ်တွင် ရှစ်လုံး​ချ မချဘဲ ကိုး​လုံး​ နှင့်​ချခြင်း​သာ ထူး​ခြား​ပါသည်။ အမှတ် ၂ ရှစ်လုံး​ဘွဲ့​တွင်မူ တစ်ပိုဒ်စီ၌ ယခု​ခေတ် ရှစ်လုံး​ဘွဲ့​ကဲ့​သို့​ အက္ခရာ​လေး​လုံး​စီမခွဲဘဲ ​ရှေ့​နှစ်လုံး​၊​ ​နောက်​ခြောက်လုံး​ ခွဲကာ ကာရန်ယူထား​ပုံ ထူး​ခြား​ပါသည်။
ယခု​ခေတ် ရှစ်လုံး​ဘွဲ့​များ​၏ ​ရှေ့​ပြေး​ဟု မှတ်ယူနိုင်ပါသည်။

[ ၄ ]
ရှစ်လုံး​ဘွဲ့​ကဗျာသည် ယခု​ခေတ်အများ​သိ​နေ​သော ဖွဲ့​ပုံမျိုး​ဖြစ်လာခြင်း​မှာ လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​၏ ကြိုး​ပမ်း​မှု​ကြောင့်​ ဖြစ်​ကြောင်း​ ​ရှေ့​တွင် တင်ပြခဲ့​ပြီး​ဖြစ်ပါသည်။ ထိုကိစ္စနှင့်​ စပ်လျဉ်း​၍ ' မြန်မာအထက်တန်း​ကျောင်း​ ဆရာကြီး​ ​မောင်ဘညွန့်​ ' ဆို​သော ပုဂ္ဂိုလ်က လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​အား​ ​မေး​မြန်း​ဖူး​ပါသည်။
" ဆရာ ယခုတီထွင် ​ရေး​သား​လျက်ရှိ​သော ရှစ်လုံး​ဘွဲ့​ မြန်မာဂါထာ၊​ သို့​မဟုတ် ရှစ်လုံး​ဘွဲ့​ မြန်မာကဗျာနှင့်​ စပ်လျဉ်း​၍ ​ရှေး​အခါ ပညာရှင်များ​ ​ရေး​သား​ချက် မူ​ဟောင်း​များ​ ရှိပါသလား​ " ဟူ​သော အဓိပ္ပါယ်ရ​အောင် ရှစ်ဆယ်​ပေါ် ​တေး​ထပ်ဖြင့်​ ​ရေး​သား​ ​မေး​မြန်း​ခြင်း​ ဖြစ်ပါသည်။ လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​ ကလည်း​ ထို​မေး​မြန်း​ချက်ကို ၁၂၈၇ ခုနှစ်၊​ နယုန်လ (၁၉၂၅ ၊​ ဇွန်)ထုတ် ဒဂုန် မဂ္ဂဇင်း​၊​ ' ဒဂုန်ကဝိ​ပေါင်း​ချုပ် ' အခန်း​တွင် ရှင်း​လင်း​စွာ ပြန်လည်​ဖြေကြား​ခဲ့​ပါသည်။
ထိုရှစ်လုံး​ဘွဲ့​မျိုး​ကို ​ရှေး​ပညာရှိများ​က ​ရေး​သား​ခဲ့​ဖူး​ကြောင်း​၊​ ' မြန်မာဂါထာ ' ဟူ၍ ​ခေါ်​ဝေါ်​လေ့​ရှိ​ကြောင်း​၊​ ' ​ပေါရာဏ ကထာပါဌ် ' သည် ဤအသွား​အတိုင်း​ပင်ဖြစ်​ကြောင်း​၊​ ​ကျေး​ဇူး​ရှင် မဟာဝိသုဒ္ဓါရာမ ဆရာ​တော်ဘုရား​ကြီး​ကလည်း​ (​ဆောင်း​ပါး​ ​ရှေ့​ပိုင်း​တွင် တင်ပြခဲ့​သည့်​အတိုင်း​) ရှစ်လုံး​ဘွဲ့​ ဆုံး​မကဗျာ ​ရေး​ဖွဲ့​ခဲ့​ကြောင်း​၊​ ယခု​ရေး​ဖွဲ့​နေ​သော ကာရန်အသံ အ​နေအထား​အတိုင်း​ စနစ်တကျရှိ​အောင် မိမိက တီထွင်​ရေး​သား​ခြင်း​ ဖြစ်​ကြောင်း​တို့​ကို အကျယ်တဝင့်​ ရှင်း​လင်း​ထား​ပါသည်။ ဆရာကြီး​ ဦး​မောင်ကြီး​က
" ဤကဗျာမျိုး​ကို ဆရာ စထွင်၍ ​ရေး​သား​သောအချိန်မှာ ၁၂၈၅ ခုနှစ်တွင် ​ကျေး​ဇူး​ရှင် လယ်တီဆရာ​တော် ဘုရား​ကြီး​ ပျံလွန်​တော်မူပြီး​နောက် မုံရွာ လယ်တီတိုက်သို့​ သွား​ရောက်၍ ဥပုသ် သီတင်း​ ​စောင့်​သုံး​နေခိုက်တွင် လယ်တီတိုက်ကြီး​ကို ဖွဲ့​ဆို ​ရေး​သား​ခဲ့​သည်က စ၍ ဆရာ စထွင်​ရေး​သား​ခဲ့​ပါသည်။ ထိုသို့​ လက်မွန်စထွင် ​ရေး​သား​ခဲ့​စဉ်အခါ အထက်က ဆရာပြခဲ့​သော နိဿရည်း​အတိုင်း​ စနစ်မကျလှ​သေး​ပါ " ဟုမိန့်​ဆိုပြီး​ ပထမဆုံး​ စတင်တီထွင်​ရေး​ဖွဲ့​သော လယ်တီတိုက်ဘွဲ့​ ဂါထာများ​ကိုလည်း​ ​ဖော်ပြထား​ပါသည်။
" ဥဒ္ဓံယာဝ၊​ ဗန်း​မော်​ကောင်း​တုံ
အ​ဇောယာဝ၊​ ပုသိမ်ဒဂုန်
ပသံသန္တိ၊​ ​ကြေညာဆန်စုန်
ပသီဒန္တိ၊​ ဇနာဗဟုံ။
​နောက်မျက်နှာက၊​ သလ္လာဝတီ
​ရှေ့​မျက်နှာက၊​ ဧရာဝတီ
ဗဟိုဌာန၊​ မုံရွယ်ယ်တီ
သံခိပ်အာဒိ၊​ ကျမ်း​ဒီပနီ " စသည့်​ ကဗျာများ​ဖြစ်ပါသည်။ ဆရာကြီး​ လယ်တီပဏ္ဍိတ ဦး​မောင်ကြီး​၏ ပထမဆုံး​ ရှစ်လုံး​ဘွဲ့​ ကဗျာများ​အဖြစ် မှတ်သား​ဖွယ် ဖြစ်ပါသည်။
​နောက်ပိုင်း​တွင်မူ ကာရန်ယူပုံ၊​ အသံထား​ပုံတို့​ကို စနစ်ပိုကျလာပြီး​ ​ဆောင်း​ပါး​အစတွင် ​ဖော်ပြခဲ့​သည့်​ ရူပက္ခန္ဓာဘွဲ့​ကဲ့​သို့​ ပုံစံကျ​သော ရှစ်လုံး​ဘွဲ့​ ကဗျာအဖြစ်သို့​ ​ရောက်လာရပါသည်။ ထို​ခေတ်က ရှစ်လုံး​ဘွဲ့​ ကဗျာများ​ တွင်ကျယ်ပုံကို ၁၂၉၈ ခုတွင် ပြုစုပြီး​စီး​သော ပုပ္ပါး​ဦး​ကျော်ရင်၏ ' ကဝိဘာရတီကျမ်း​ ' ၌
' အဆိုပါ လယ်တီပဏ္ဍိတ ဆရာကြီး​ ဦး​မောင်ကြီး​ ​ရေး​သား​ခဲ့​သော မြန်မာဂါထာ ကဗျာတို့​ကား​ သံ​ဝေဂဘွဲ့​ ဝိပါက်​တော် ဆယ့်​နှစ်ပါး​ဘွဲ့​၊​ ​ရောင်ခြည်​တော် ​ခြောက်ပါး​ဘွဲ့​ အစရှိ​သောအား​ဖြင့်​ ​မြောက်မြား​စွာ ရှိ​လေသည်။ ၎င်းတို့​ကို နည်း​မှီ၍ ​နောက်မှ သူ​ရေး​ငါ​ရေး​နှင့်​ မြန်မာကဗျာ ဂါထာနည်း​များ​ ပြန့်​ပွား​လာခဲ့​လေသည်။ ယခုအချိန်မှာကား​ တစ်နိုင်ငံလုံး​တွင် ပျံ့​နှံ့​လျက် လယ်တီပဏ္ဍိတ ဆရာဦး​မောင်ကြီး​၏ မြန်မာဂါထာများ​ကို သုံး​စွဲ​နေကြ​လေပြီ ' ဟူ၍ ​ဖော်ညွှန်း​ထား​ပါသည်။

[ ၅ ]
အရိုး​ခံ​တေး​ထပ်ကို အ​ခြေခံ၍ ရှစ်ဆယ်​ပေါ်​တေး​ထပ်၊​ ထပ်တွန့်​တေး​ထပ် စသည်ဖြင့်​ တစ်မျိုး​တစ်ဖုံ ဆန်း​သစ်လာ သကဲ့​သို့​ အရိုး​ခံ ရှစ်လုံး​ဘွဲ့​ကို အ​ခြေခံ၍ တီထွင်ဆန်း​သစ်လာ​သော ရှစ်လုံး​ဘွဲ့​အဆန်း​များ​လည်း​ ​ပေါ်ထွန်း​လာပါ​သေး​သည်။ သာဓက အား​ဖြင့်​ ပြရလျှင် မြစ်​ကွေ့​ဆရာ​တော် ပျံလွန်​တော်မူ​သောအခါ ဟင်္သာတမြို့​ အထက်တန်း​ကျောင်း​ဆရာကြီး​ ဦး​ဘထွန်း​ ဆိုသည့်​ ပုဂ္ဂိုလ်က ' ထပ်တွန့်​ရှစ်လုံး​ဘွဲ့​ ' ဟူ၍ ​ရေး​ဖွဲ့​သည်ကို ဤသို့​ ​တွေ့​နိုင်ပါသည်။
' ဝင်း​ဝါ​နေလို့​၊​ ဟင်္သာ​ရွှေမြို့​၊​ မချို့​ထင်​ပေါ်၊​
​ကောင်း​မြိုက်လှစ်၍၊​ ​ကျောင်း​တိုက်မြစ်​ကွေ့​၊​ ချမ်း​မြေ့​သူ​ပျော်၊​
​နေမြဲခိုက်ဝယ်၊​ ​ရွှေသဲလှိုက်ဖွယ်၊​ တကယ်ကြံု​သော်၊​
မရဏမင်း​၊​ ကြမ္မာယွင်း​၊​ အတင်း​ဆောင်ယူ​ခေါ် '။
ရှစ်လုံး​တစ်ပိုဒ်စီတွင် အစ​လေး​လုံး​ကို န​ဘေထပ်ပြီး​ ထပ်တွန့်​ရေး​ဖွဲ့​ခြင်း​ဖြစ်၍ ထပ်တွန့်​ရှစ်လုံး​ဘွဲ့​ဟု အမည်​ပေး​ခြင်း​ ဖြစ်ပါလိမ့်​မည်။
ထို့​အတူ ' သာကီ​ဆွေ ' ​ခေါ် ပုဂ္ဂိုလ်ကလည်း​ ' န​ဘေရှစ်လုံး​ဘွဲ့​ ' ကဗျာမျိုး​ကို ကွန့်​၍​ရေး​ဖွဲ့​ဖူး​ပါသည်။
' သု​မေဓာသွင်၊​ ခု​နေခါလျှင်၊​ ဆု​ခြွေကာဆင်လို့​ ​နေ​တော့​ချင်၊​
​နောက်ဘဟိုတွင်၊​ ​ထောက်ဆပိုရွှင်၊​ အတိုး​ချရိုး​ကျ​ပေါင်း​မယ်ခင် '
ဟူ​သောအဖွဲ့​မျိုး​ ဖြစ်ပါသည်။ ပထမပိုဒ်နှင့်​ တတိယပိုဒ်တို့​တွင် ​ရှေ့​နှင့်​နောက် န​ဘေထပ် ကာရန်ယူထား​သည်ကို ​တွေ့​ရပါလိမ့်​မည်။ ဤသို့​တေး​ထပ်ကာ ​ရေး​ဖွဲ့​သော ပါဠိဂါထာဆန်း​က​လေး​များ​ကို နည်း​မှီ၍ ​ရေး​ဖွဲ့​ခြင်း​ဖြစ်သည်ဟု ဆရာ သာကီ​ဆွေက ကဗျာဖွဲ့​နည်း​ဆိုသည့်​ နိဿရည်း​ကျမ်း​ပြုသူ ဦး​တင့်​ဆွေကို ရှင်း​ပြဖူး​ကြောင်း​ မှတ်သား​ရပါသည်။

[ ၆ ]
ရှစ်လုံး​ဘွဲ့​ကဗျာ ​ပေါ်ထွန်း​လာပုံကို တတ်စွမ်း​သမျှ ​ခြေရာခံကြည့်​ပြီး​ပါပြီ၊​ ​ရှေ့​တွင်တင်ပြခဲ့​သည့်​အ​ပေါ် ရှစ်လုံး​ဘွဲ့​ ကဗျာသည် ယ​နေ့​တွင် ​ခေတ်မစား​တော့​သော်လည်း​ မြန်မာကဗျာအဖွဲ့​ တစ်ရပ်အဖြစ် အခိုင်အမာ ​နေရာရရှိပြီး​ ဖြစ်သည်။
ရှစ်လုံး​ဘွဲ့​ကဗျာ ရွတ်ဆိုသံများ​သည်လည်း​ လုံး​ဝတိတ်ဆိတ်သွား​သည် မဟုတ်ပါ။ ဝတ်အသင်း​များ​ ဝတ်ရွတ်ရာတွင် ​ရောင်ခြည်​တော် ​ခြောက်ပါး​ဘွဲ့​၊​ ဝိပါက်​တော် ဆယ့်​နှစ်ပါး​ဘွဲ့​၊​ ​အောင်ခြင်း​ရှစ်ပါး​ဘွဲ့​ စသည့်​ ရှစ်လုံး​ဘွဲ့​ ရွတ်ဆိုသံများ​ကို ယခုတိုင် ကြား​နေရဆဲ ဖြစ်ပါသည်။
​ရေး​ဖွဲ့​သည့်​ အ​ကြောင်း​အရာအရ လည်း​ကောင်း​၊​ ကာရန်အ​နေအထား​၊​ အသံအနိမ့်​အမြင့်​အရ ကြည်နူး​ချမ်း​မြေ့​မှုကို ​ပေး​စွမ်း​နိုင်​သော ကဗျာဖွဲ့​မျိုး​အဖြစ် တင့်​တယ်စွာ ရပ်တည်လျက်ရှိဆဲပင်ဟု ဆိုရပါလိမ့်​မည်။

​ငွေတာရီမဂ္ဂဇင်း​
အမှတ် ၃၄၆ ၊​ ​မေ ၊​ ၁၉၈၉ ။

0 responses to “ ရှစ်လုံး​ဘွဲ့​ကို ​ခြေရာခံခြင်း​ ”

Leave a Reply