ရုပ်ပုံလွှာ အတို့အထိများ
ရုပ်ပုံလွှာ အတို့အထိများ
[ ၁ ]
ပန်းချီကားတစ်ချပ် ရေးဆွဲသည် ဆိုပါစို့။ပန်းချီဆရာက တစ်ချက်ကောင်း နှစ်ချက်ကောင်း တို့လိုက်ထိလိုက်သော စုတ်ချက်ကလေးများကြောင့် ပန်းချီကားမှာ ပို၍ ရုပ်လုံးကြွလာခြင်းမျိုး၊ ပို၍ အသက်ဝင်ခြင်းမျိုး ရှိတတ်ပါသည်။ ထို့အတူ အကြောင်းအရာ တစ်ခုခုကို စာဖြင့်ရေးဖွဲ့ ပုံဖော်ရာတွင်လည်း အဆိုပါ စုတ်ချက်ကလေးများ ကဲ့သို့ပင် တစ်ကွက်ကောင်း နှစ်ကွက်ကောင်း တို့လိုက်ထိလိုက်သော အတို့အထိ ကလေးများသည် အရေးပါတတ်သည်။
[ ၂ ]
" ဟယ် ... အမတ်တို့၊ နင်တို့ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါမအိုသေး "ဤစကားသည် စိတ်ဝင်စားဖွယ် ကောင်းသကဲ့သို့ ဤစကားနှင့် ဆက်နွယ်နေသော ဖြစ်ရပ်ကလေးသည်လည်း စိတ်ဝင်စားဖွယ် လေး ဖြစ်ပါသည်။ ဤစကားကို မိန့်မြွက်သူကား အခြားမဟုတ်။ ပုဂံခေတ်က ဘုန်းတန်ခိုးကြီးမားသော ဘုရင်တစ်ပါးအဖြစ် ထင်ရှားသော အလောင်းစည်သူမင်းကြီး ဖြစ်သည်။
မိန့်မြွက်ရသည့် အကြောင်းမှာလည်း ဇာတ်လမ်းကလေး တစ်ခုသဖွယ် ဖြစ်ကြောင်း အများကြားဖူးကြပါသည်။ အလောင်း စည်သူ မင်းကြီးသည် ညီလာခံတစ်ခုတွင် လက်ရုံးဆန့်တန်း၍ ကြံုးဝါးမိသည်။ သို့သော် အိုမင်းနေပြီ ဖြစ်သည့်အတွက် လက်မောင်းမှ အရေခွံ အောက်သို့တွဲကျ (လက်ပျဉ်းကျ) နေသည်ကို အမတ်တို့ မြင်သည့်အတွက် တိတ်တခိုး ရယ်ကြသည်။
ဤသို့ ပမာမခန့်ရယ်သော ပြောင်လှောင်သော အမတ်တို့ကို မင်းကြီးက သင်ခန်းစာပေးလိုသည်။
ထို့ကြောင့် ' တူရွင်းတောင်ခြေတွင် ဦးပေါင်းကျားနှင့် မြင်းကျားစီးကာ လုယက်ရမ်းကားသော လူဆိုးတစ်ယောက် ရှိသည်။ ထိုလူဆိုးကို မိအောင်ဖမ်းရမည် ' ဟု အမတ်တို့ကို အမိန့်ပေးသည်။
ထို့နောက် မင်းကြီးတို့ မိမိစီးတော်မြင်းကို ဝမ်းဗိုက်တွင် ဝတ်လဲပုဆိုးဖြူပတ်ပြီး မြင်းကျားသဏ္ဌာန် ပြုသည်။ မိမိကိုယ်တိုင်လည်း ဦးပေါင်းကျားကို ပေါင်းသည်။ ထို့နောက် မြင်းစီးပြီး တူရွင်းတောင်ခြေသို့ ထွက်သွားသည်။
မိမိကိုဖမ်းရန် မြင်းစီးနှင်လာသော အမတ်ကြီး စစ်သူကြီး လေးယောက်ကို ရင်ဆိုင်သည်။ မြင်းလေးစီး ဝိုင်းရံနေသည့်ကြားက လွတ်အောင်တိုက်ဖောက်ပြီး မြင်းရေးပင် အမျိုးမျိုး ကစားပြလိုက်သေးသည်။ အမတ်တို့မှာ လွန်စွာ ကြောက်ရွံ့သွားကြသည်။
နောက်နေ့ညီလာခံတွင် မင်းကြီးက မေးသဖြင့် အမတ်တို့က ထိုဦးပေါင်းကျားနှင့် မြင်းကျားရှင်မှာ တန်ခိုးရှင်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ မြင်းသည်တော်များ ဝိုင်းဖမ်း၍ပင် ရမည်မဟုတ်ကြောင်း လျှောက်ထားကြသည်။ ထိုအခါ မင်းကြီးက အထွေအထူး ရှင်းမပြ တော့ဘဲ ရှေ့တွင်ပြခဲ့သည့် အတိုင်း " ဟယ် ... အမတ်တို့၊ နင်တို့ ငါ့ကို အိုပြီဟူ၍ မှတ်ကြသည်။ ငါမအိုသေး " ဟူ၍ မိန့်ကြားလိုက်ခြင်း ဖြစ်သည်။ ထိုအခါကျမှ ထိုသူမှာ မင်းကြီးကိုယ်တိုင် ဖြစ်ကြောင်း သိသွားကြပြီး အလွန်ကြောက်ရွံ့ သွားကြတော့သည်။
ဤဖြစ်ရပ်ကလေးကို ဦးကုလား မဟာရာဇဝင် စသော ရာဇဝင်များတွင် တွေ့နိုင်ပါသည်။ အလောင်းစည်သူ မင်းကြီး၏ ကြီးကျယ်လေးနက်သော အခြားလုပ်ဆောင်ချက် များနှင့် ယှဉ်ကြည့်လျှင် ဤဖြစ်ရပ် ကလေးသည် ဘာမှမကြီးကျယ်သော သာမန် ဖြစ်ရပ် ကလေးမျှသာဟု ဆိုချင်ဆိုနိုင်ပါသည်။
သို့သော် မိမိ၏ ဘုန်းတန်ခိုးအစွမ်းအစကို တစ်သက်လုံးပြလာခဲ့သော အလောင်းစည်သူ၏ အခြားဆောင်ရွက်ချက်များနှင့် လိုက်လျောညီထွေ ရှိသော ဖြစ်ရပ်ကလေးဟူ၍မူ ဆိုနိုင်ပါလိမ့်မည်။ ထိုမျှမက လူအိုသော်လည်း အစွမ်းသတ္တိမအိုသော ရာဇပရိယာယ် ကြွယ်ဝသော အလောင်းစည်သူ မင်းကြီး၏ သဘောစရိုက်ကို ထင်းခနဲ ပေါ်လွင်စေသော အတို့အထိကလေး တစ်ခုဖြစ်သည် ဟူ၍ ဆိုရပါ လိမ့်မည်။
[ ၃ ]
' ရာဇာဓိရာဇ် ' ဆိုလျှင် တစ်ချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော မွန်ဘုရင်တစ်ပါးဟူ၍ အများသိကြပါသည်။ ရာဇာဓိရာဇ်သည် တစ်သက်လုံး စစ်တိုက်သွားသည့် ဘုရင်ဖြစ်သည်။ လက်ရုံးရည် နှလုံးရည်နှင့် ပြည့်ဝသည့် အစီအမံ အကွပ်အကဲ ကောင်းသည်။ မိမိကိုယ်တိုင် သူရဲကောင်းတစ်ဦး ဖြစ်သည်နှင့်အညီ သူရဲကောင်းကိုလည်း မြတ်နိုးလေးစားသူ ဖြစ်သည်။ရက်စက်ပြတ်သားရမည့် နေရာတွင် သားအရင်း ညီအရင်းကိုပင် ကွပ်မျက်သုတ်သင်သည်အထိ ရက်စက်ပြတ်သားသည်။ ထိုသို့သော သူရဲကောင်း ဘုရင်တစ်ပါး၏ ရုပ်ပုံလွှာကို မွန်ဝန်ကြီး ဗညားဒလက မွန်ဘာသာမှ မြန်မာပြန်သော ' ရာဇာဓိရာဇ် အရေးတော်ပုံ ' ကျမ်းတွင် အထင်အရှား တွေ့နိုင်ပါသည်။ ရာဇာဓိရာဇ်ကို ပုံဖော်ရာ၌လည်း စိတ်ဝင်စားဖွယ် အတို့အထိကလေး တစ်ကွက်ကို တွေ့ရပါသည်။ ရာဇာဓိရာဇ် ငယ်စဉ်ကပင် မိခင်ပမာ ထိန်းယ ပြုစုပေးသည့် ' မိုးအဲလော ' ခေါ် အထိန်းတော်ကြီး ရှိသည်။ ရာဇာဓိရာဇ်သည် မိုးအဲလောကို ချစ်ခင်လေးစားသည်။
အရွယ်ရောက်ပြီး မင်းသားရင့်မကြီး ဖြစ်သည့်အချိန်အထိ မိုးအဲလော၏ ရင်ခွင်မှာ အိပ်စက်ဆဲဖြစ်သည်။ တစ်ခါတစ်ရံတွင် ' အမယ့်ရင်ခွင်မှာ မအိပ်ရသည်မှာ ကြာပြီ ' ဟူ၍ တမ်းတမ်းတတ ပြောပြီး မိုးအဲလော၏ ရင်ခွင်ထဲ ခေါင်းတိုးဝင်ပြီး အိပ်တတ်သည့် အကျင့် ရှိသည်။
ရာဇာဓိရာဇ် အရေးတော်ပုံ ကျမ်းတွင် ဤအကွက်ကလေးကို တွေ့ရသောအခါ တစ်ဖက်တွင် စစ်သွေးစစ်ဟန် အပြည့်အဝဖြင့် ခက်ထန်တင်းမာသလောက် တစ်ဖက်တွင် ချစ်မူချစ်ရာ ကလေးများဖြင့် သိမ်မွေ့နူးညံ့သော ရာဇာဓိရာဇ်၏ သဘောစရိုက်ကို နားလည် လာရပါသည်။ မိမိမြတ်နိုးရသော သူရဲကောင်းများ ကျဆုံးသောအခါ ဝမ်းပန်းတနည်း ငိုတတ်သော ရာဇာဓိရာဇ်၏ အပြုအမူကလည်း ထိုသိမ်မွေ့နူးညံ့သော စရိုက်ကို ဖော်ပြနေပါသည်။ စစ်သည် သူရဲကောင်းကြီးက အထိန်းတော်၏ ရင်ခွင်မှာ ခေါင်းဝှေ့ပြီး ကလေးငယ်ပမာ ကနွဲ့ကလျ ပြုမူနေသည့်အသွင်ကို သရုပ်ဖော်သော ထိုအကွက်ကလေးသည်လည်း အတို့အထိကောင်းကလေး တစ်ခုဖြစ်သည်ဟု ဆိုချင်ပါသည်။
[ ၄ ]
အလောင်းမင်းတရား၏ သားတော်ကြီးဖြစ်သော ' နောင်တော်ကြီးမင်း 'ကို ပုံဖော်ရာတွင်လည်း ထူးခြားသော အကွက်ကလေး တစ်ကွက် ပါပါသည်။ နောင်တော်ကြီးမင်းသည် ဘုရင်ဖြစ်သည့်တိုင်အောင် မိမိနောက်လိုက် နောက်ပါများနှင့် မန်ကျည်းတော မန်ကျည်းပင်များ အောက်၌ မန်ကျည်းသီးများကို ထောင်းထုပြီး ဆား ငါးပိ စသည်တို့နှင့် စားသောက်နေတတ်သည့် အလေ့ကို ဖောပြခြင်း ဖြစ်ပါသည်။မှူးမတ်များက ထိုအလေ့ကို ရှောင်ကြဉ်ရန် လျှောက်ထားသောအခါ နောင်တော်ကြီးမင်းက ' တိုင်းပြည်၌ ဝန်လေးမည့် ကိစ္စကို ငါရှောင်ပါအံ့၊ ဝန်မလေးသည့် ကိစ္စကိုကား မတားမြစ်လို ကြပါနှင့်၊ ငါကြိုက်တတ်သည်ကို စားပါရစေ ' ဟု ပြန်ပြောကြောင်း ဦးဖိုးကျား၏ ' မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ ' တွင် တွေ့ရပါသည်။ နောင်တော်ကြီးကို အေးချမ်းသိမ်မွေ့သော မာန်မာနကင်းသော မင်းတစ်ပါးအဖြစ် အများသိကြပါသည်။
ထိုအကွက်ကလေးသည်လည်း နောင်တော်ကြီး၏ စရိုက်ကို ပြနေသော အတို့အထိကလေး တစ်ခုပါပေ။
[ ၅ ]
ကုန်းဘောင်ခေတ်တွင် ထင်ရှားသော မင်းတစ်ပါးဖြစ်သည့် ဘကြီးတော်ဘုရား၏ စရိုက်ကို ဖော်ပြရာတွင် အလားတူ စိတ်ဝင်စားဖွယ် အကွက်ကလေးတစ်ကွက်ကို မှော်ပီဆရာသိန်းကြီး၏ ' ပါးစပ်ရာဇဝင်ကျမ်း ' တွင်တွေ့ရပါသည်။ ဘကြီးတော်ဘုရားသည် မြို့တော် အရပ်လေးမျက်နှာရှိ အသက်ငါးဆယ်ကျော် အမယ်အိုများကို နေ့စဉ်ခေါ်ပြီး မြေနန်းတော်အောက်တွင် ဖျာခင်းပေးကာ ချည်ချ ဗိုင်းငင်သည့် အလုပ်ကို လုပ်ကိုင်စေသည်ဟု ဆိုပါသည်။ဘုရင်မင်းမြတ်သည် အမယ်အိုများ အနားမှာထိုင်ပြိး ရှေးဟောင်းနှောင်းဖြစ်များကို မေးမြန်ပြောဆိုသည်။ ဗိုင်းငင်သည့် အလုပ်ကိုပင် ကူလုပ်ပေးသေးသည်။ ဘုရင်မင်းမြတ်က သူသိလိုသည့် သတင်းများကို အမယ်အိုများအား မေးမြန်းသည်။ အမယ်အိုများ ငယ်စဉ်က နေထိုင်ကြပုံ၊ သမီးရည်းစား ထားကြပုံ၊ အပျိုလူပျို စကားပြောကြပုံ များကိုလည်း မေးမြန်းပြီး ရယ်မောကြသည်။ တစ်ခါတစ်ရံ ချည်ချရင်း အမယ်အိုတစ်ယောက်၏ ရစ်ကြိုးပြတ်သွားသောအခါ ' မှောက်တော်ရေ ရစ်ကြိုးပြတ်သွားလို့ ဆက်ပေးလှည့်ပါ ' ဟု အမယ်အိုက ဘုရင်ကို လှမ်းခေါ်သည်။ (မှောက်တော် ဆိုသည်မှာ ဘုရင်ကို ခေါ်သော စကားဖြစ်သည်) ဘုရင်ကလည်း အမြန်လာရောက် ဆက်ပေးသည်။
အမယ်အိုများ ငယ်စဉ်က ပွဲကြည့်ကြပုံ၊ မင်းသားမင်းသမီးများ ဆိုပုံကပုံများကိုလည်း ပြောပြခိုင်းသည်။ အချို့အမယ်အိုများက ထပြီး ကပြဆိုပြ သောအခါ ဘုရင်မင်းမြတ်က ဝမ်းမြောက်သည်။ ဤသို့ တစ်နေကုန်နေပြီးနောက် ညနေစောင်းလျှင် အမယ်အိုများကို ထမင်းဟင်း အချိုအချဉ်များ ကျွေးမွေးစေပြီး ဗိုင်ငင်ချည်ချ သည့် အလုပ်ပြီးသလောက် ဆုတော်ငွေများ ပေးပြီးမှ အမှုထမ်းများကို လိုက်ပို့စေသည်ဟု ဆိုပါသည်။
သက်ကြီးရွယ်အိုများနှင့် စကားဝိုင်းဖွဲ့ကာ သိုက်သိုက်ဝန်းဝန်း နေတတ်သော ဘကြီးတော်ဘုရား၏ စရိုက်ကို ဤအကွက် ကလေးက ဖော်ပြနေပါသည်။ လူကြီးများထံမှ ရှေးဟောင်းနှောင်းဖြစ်များကို မှတ်သားနားထောင်ပြီး ပျော်မွေ့အေးချမ်းစွာ နေထိုင်တတ်သော ဘကြီးတော်ဘုရား၏ အမူအရာကို မြင်ယောင်လာအောင်လည်း ဖော်ပြနိုင်စွမ်း ရှိပါသည်။ ဘကြီးတော်ဘုရားကို စိတ်ထားသိမ်မွေ့ အေးချမ်းသော မင်းတစ်ပါးအဖြစ် အများသိကြပါသည်။ ထိုစရိုက် ထိုစိတ်ထားကို အဆိုပါအကွက်ကလေးက ဖော်ပြနေသည်ဟု ဆိုရပါလိမ့်မည်။
[ ၆ ]
' တိုင်တားမင်းကြီး ' ဆိုလျှင် မင်းတုန်းမင်း၊ သီပေါမင်း လက်ထက်တို့တွင် ထင်ရှားသော မှူးကြီးမတ်ကြီး တစ်ဦးအဖြစ်သာမက အလွန်ခက်ထန် တင်းမာသော ပုဂ္ဂိုလ်ကြီးအဖြစ် အများသိကြပါသည်။ နယ်ချဲ့ကို ခုခံတိုက်ခိုက်ရမည် ဟူသောဘက်က တင်းတင်းမာမာ ရပ်တည်ခဲ့သူဖြစ်ကြောင်း မြန်မာရာဇဝင်များတွင် ဖော်ပြလျက်ရှိပါသည်။ ဦးမောင်မောင်တင် ပြုစုသော အမှတ်တရ ပုဂ္ဂိုလ်များ စာအုပ်တွင် တိုင်တားမင်းကြီး အကြောင်းကို ဖော်ပြရာ၌ ထိုတင်းမာခက်ထန်သူကို ဖြေလျှော့ပေးသော အကွက်ကလေး တစ်ကွက် ပါပါသည်။
တိုင်တားမင်းကြီး ကလေးချစ်တတ်ပုံကို ဖော်ပြခြင်းဖြစ်သည်။ သီပေါ်မင်း၏ သမီးတော်ဝန်အဖြစ်လည်း အမှုထမ်းရသော တိုင်တားမင်းကြီးသည် ' သိုရင်း အင်္ကျီ ခေါင်းပေါင်းဖြူကြီးများနှင့်ပင် မြေနန်းတော်ပေါ်၌ ဘုရင့်သမီးတော်ကလေးများကို ချီပိုးကာ သွားလာလေ့ရှိကြောင်း ' ပြောစမှတ်ပြုကြလေသည်ကို ဖော်ပြထားပါသည်။ မင်းကြီးသည် ကလေးများနှင့်အတူ ပွဲကြည့်ဆောင်တွင် ဝါးကွပ်ပျစ်ခင်း၍ ပွဲ့ကြည့်တတ်ကြောင်း၊ အချို့က မင်းကြီးတန်မဲ့ အနေအထိုင် မတတ်ဟုပင် ဆိုကြကြောင်း၊ မင်းကြီးကမူ ကလေးများကို သီချင်းဆိုက ချော့ကာပြောသည့်အပြင် တစ်ခါတစ်ရံ ပါးစပ်ဆိုင်းပင် တီးသေးကြောင်း ဖော်ပြထားပါသည်။
အမြဲတမ်း ခက်ထန်တင်းမာ မနေဘဲ နူးညံ့သိမ်မွေ့သော အမူအရာကလေးများလည်း ရောစွက်နေသည့် တိုင်တားမင်းကြီး၏ စရိုက်ကို ဤအကွက်ကလေးက တို့ကာထိကာ ဖော်ပြလျက်ရှိပါသည်။
[ ၇ ]
အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိမှ အကွက်ကလေး တစ်ကွက်ကိုလည်း ဖော်ပြလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အမူအကျင့်ကလေးတစ်ခု အကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (အမျိုးသားပုံနှိပ်တိုက် ၊ ၁၉၅၁) ၌ ဤသို့ ဖော်ပြထားပါသည်။လက်နှစ်ဖက်နှင့် စားပွဲစောင်းကို ဆိုင်းဝိုင်းတီးသည့်ပမာ တီးလေ့တီးထ ရှိပေသည်။ တီးဖန်များလတ်၍ အကျင့်သားရလာသည့် အချိန်၌ သီချင်းများကဲ့သို့ နားထောင်ကောင်းလာသည် အထိသို့ပင် ဆိုက်ခဲ့ရောက်ခဲ့လေသည်။ တခြားသူများ အိပ်နေသည် စာကြည့် နေသည်ဟု အမှတ်မထားဘဲ သူတီးလိုသည့် ဆန္ဒရှိသည့်အတိုင်း အနည်းငယ်ဖြစ်ဖြစ် တီးလိုက်ပြီးမှ ရယ်မောကာ ရပ်သွားလေတော့၏။
တစ်ခါတစ်ရံ တစ်ယောက်တည်း ထိုင်လျက် တကယ့်ဆိုင်းဆရာကြီး၏ မျက်နှာပေးအမူအရာနှင့် သဲသဲမဲမဲ ဖြစ်နေသည်မှာ မြင်ရသူများအဖို့ မည်သည့်နည်းနှင့်မျှ ဣနြေ္ဒဆည်နိုင်ဖွယ်ရာ မရှိအောင်ပင် ဖြစ်ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်ကျောင်းသားဘဝက အမူအကျင့်ကို ဖော်ပြခြင်းဖြစ်ပါသည်။
ထိုဖော်ပြချက်သည် အသေးအဖွဲ ကလေးမျှသာဟု ဆိုချင်ဆိုနိုင်ပါသည်။ သို့သော် ကိစ္စတစ်ခုကို ဆောင်ရွက်ရာတွင် စူးစူးစိုက်စိုက် အာရုံထားပြိး ဆောင်ရွက်တတ်သည့် ဗိုလ်ချုပ်၏စရိုက်ကို ထိုဖြစ်ရပ်ကလေးက ဖော်ပြနိုင်သည်ဟု ဆိုချင်ပါသည်။ စားပွဲစောင်းကို ဆိုင်းတီးသလို တီးသည့် သာမန်အသေးအဖွဲ ကိစ္စကလေးကိုပင် သဲသဲမဲမဲ အာရုံစိုက်ပြီး ပြုလုပ်တတ်သည့် ဗိုလ်ချုပ်သည် နောင်ကြီးပြင်းလာသောအခါ နိုင်ငံအတွက် ဆောင်ရွက်ရသည့် ကြီးမားလေးနက်သော ကိစ္စများကို မည်မျှ စူးစူးစိုက်စိုက် အာရုံထားပြီး ဆောင်ရွက်သွားကြောင်း အများသိပြီး ဖြစ်ပါသည်။ ဗိုလ်ချုပ်၏ စူးစိုက်မှုကို ဖော်ညွှန်းသော အတို့အထိကလေး တစ်ခုဟု ဆိုရပါလိမ့်မည်။
[ ၈ ]
အမျိုးသား ပညာဝန်ဦးဖိုးကြား အကြောင်း ဆရာတိုက်စိုး၏ ရေးသားချက်မှ အကွက်ကလေးတစ်ကွက်ကို နောက်ဆုံးတင်ပြ လိုပါသည်။ ရေဒီယိုမှ အသံလွှင့်သော သီချင်းကြီးများကို ဦးဖိုးကျား နားထောင်ပုံ ဖြစ်ပါသည်။ဆရာတိုက်စိုးက ...
" စာရေးစာဖတ် မလုပ်လိုလျှင် ရေဒီယိုမှ သီချင်းကြီးကို သူနားထောင်လေ့ရှိသည်။ သူနားတွေ့သည့် သီချင်းလာလျှင် ကောက်ခနဲထ လုံချည်အောက်ပိုးကျိုက်ကာ အခန်းထဲတွင်ခေါက်တုံ့ခေါက်ပြန်လျှောက်၍ နားထောင်တတ်သည် " ဟုဖော်ပြထားပါသည်။ တစ်စုံတစ်ခုကို လေ့လာလိုက်စားတတ်သော ဦးဖိုးကျား၏ စရိုက်ကို သူပြုစုခဲ့သည့် စာအုပ်စာတမ်းများက အထင်အရှား သက်သေပြနေ ပါသည်။ ဤဖော်ပြချက် ကလေးသည်လည်း ဆရာကြီး ဦးဖိုးကျား၏ စူးစိုက်မှုကို လှစ်ခနဲပြလိုက်သည့် အတို့အထိကလေး တစ်ခုပင် ဖြစ်ပါသည်။
[ ၉ ]
ပုဂ္ဂိုလ်တစ်ဦး၏ ရုပ်ပုံလွှာကို စာပန်းချီရေးခြယ်ရာတွင် တစ်ကွက်ကောင်း တစ်ချက်ကောင်းတို့လိုက်ထိလိုက်သော အတို့အထိကလေးများ ပါတတ်သည့် သဘောကို ယခုသာဓက ဆောင်ခဲ့ပြီးဖြစ်ပါသည်။ ဖော်ပြခဲ့သော အကွက်ကလေးများသည် ကြီးကြီး ကျယ်ကျယ် မဟုတ်သော အသေးအဖွဲအချက်ကလေးများ ဖြစ်သည်မှာလည်း မှန်ပါသည်။ သို့သော် ထိုအသေးအဖွဲ အချက်ကလေးများဖြင့် တို့လိုက်ထိလိုက်သည့်အတွက် သက်ဆိုင်ရာပုဂ္ဂိုလ်၏ စရိုက်သဘာဝသည် ပို၍အသက်ဝင် ထင်ရှားလာအောင် အထောက်အကူပြုပြီး အားဖြည့်ပေးပါလိမ့်မည်။ ထို့ကြောင့်လည်း အတို့အထိကလေးများသည် စိတ်ဝင်စားစရာ ကောင်းခြင်းဖြစ်သည်ဟု ဆိုချင်ပါသည်။သဘင့်အောင်လံမဂ္ဂဇင်း
0
responses to “
ရုပ်ပုံလွှာ အတို့အထိများ
”