ဇင်းမယ်ပဏ္ဏာသ
ဇင်းမယ်ပဏ္ဏာသ
မြန်မာစာပေတွင် ငါးရာ့ငါးဆယ်၊ ဇာတ်ကြီးဆယ်ဘွဲ့ တို့ကဲ့သို့ပင် ထင်ရှားသော ဇာတ်ဝတ္ထု စာစုတစ်စုကား ' ဇင်းမယ် ပဏ္ဏာသ ' ခေါ် ဇင်းမယ်မြို့ထွက် ဇာတ်ဝတ္ထုငါးဆယ်ဖြစ်သည်။ ပဏ္ဏာသဟူသော ပါဠိစကားမှာ ငါးဆယ်ဟု အဓိပ္ပါယ်ရသည်။
ဤကျမ်းကို မူလပဏ္ဏာသ၊ မဇ္ဈိမပဏ္ဏာသ စသော သင်္ဂါယနာတင်ကျမ်းနှင့် ကွဲပြားစေရန် လောကီပဏ္ဏာသ ဟူ၍ လည်းကောင်း၊ ယွန်းနိုင်ငံထွက် ကျမ်းဖြစ်သောကြောင့် ယွန်းပဏ္ဏာသ ဟူ၍လည်းကောင်း၊ ဇင်းမယ်မြို့ထွက် ကျမ်းဖြစ်သောကြောင့် ဇင်းမယ်ပဏ္ဏာသ ဟူ၍လည်းကောင်း ပညာရှင်တို့ ခေါ်ဆိုခဲ့ကြသည်။
ဇင်းမယ်ပဏ္ဏာသသည် ပုဂံခေတ်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု ပညာရှင်အချို့က ယူဆကြသည်။ ပုဂံ အပယ်ရတနာ လိုဏ်ဂူဘုရား အတွင်းနံရံမှ ပန်းချီပုံများတွင် ဇင်းမယ်ပဏ္ဏာသ၊ သုဓနကုမာရဇာတ်မှ ရသေ့တစ်ပါးကို မုဆိုးတစ်ဦးက ဒူးတုပ်ရှိခိုးနေကာ အနီးတွင် ငှက်ဆင်စီးထားသော လူတစ်ယောက်ပုံ ပါဝင်နေသည်ကိုထောက်၍ ယင်းသုဓနုကုမာရဇာတ် ပါရှိသော ဇင်းမယ်ပဏ္ဏာသသည် ပုဂံခေတ်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု ယူဆခြင်းဖြစ်သည်။ သို့သော် အပယ်ရတနာ လိုဏ်ဂူ ဘုရားမှာ ခရစ်နှစ် ၁၁ ရာစုတာင် တည်ဆောက်ပြီး ဇင်းမယ်ပဏ္ဏာသမှာ ခရစ်နှစ် ၁၅ ရာစုတွင်မှ ပေါ်ပေါက်ခြင်း ဖြစ်သည့်အတွက် အပယ်ရတနာ ဘုရားတည်ချိန်က ဇင်းမယ်ပဏ္ဏာသ မြန်မာနိုင်ငံသို့ ရောက်နေပြီဟု မဆိုနိုင်ကြောင်း၊ ဇင်းမယ်မြို့ကိုပင် ခရစ်နှစ် ၁၂၉၀ မှ ၁၂၉၆ အတွင်းတွင်မှ တည်ဆောက်ခြင်းဖြစ်သည့်အတွက် နောက်ကျကြောင်း ပညာရှင်တို့ မိန့်ဆိုကြသည်။
ထို့အတူ ခရစ်နှစ် ၁၂၆၅ ခုတွင် ရေးထိုးသော ကုသသမုတိ ကျောက်စာ၌ ဇင်းမယ်ပဏ္ဏာသလာ သုမ္ဘမိတ္တဇာတ်မှာ မင်းသုမ္ဘမိတ် (မင်းသုံ ဖမိုက်) ကဲ့သို့ သားမယားနှင့်တကွ ကွေကွင်းပါစေဟု ကျိန်စာရေးထိုးထားသည်ကို ထောက်၍လည်း ဇင်းမယ် ပဏ္ဏာသသည် ပုဂံခေတ်တွင် မြန်မာနိုင်ငံသို့ ရောက်နေပြီဟု ယူဆကြသည်။ သို့သော် ကုသသမုတိ ကျောက်စာသည် ဇင်းမယ် ပဏ္ဏာသထက် အနည်းဆုံး နှစ် ၂၀၀ ခန့်စောနေပြီး ထိုကျောက်စာရေးထိုးချိန်တွင် ဇင်းမယ်မြို့တည်ရန်ပင် နှစ် ၃၀ လိုသေးကြောင်း ပညာရှင်တို့ ထောက်ပြကြသည်။
ဇင်းမယ်ပဏ္ဏာသတွင် ပါဝင်သော ဖော်ပြပါ သုမ္ဘမိတ္တဇာတ်ကဲ့သို့ ဇာတ်များသည် ပုဂံခေတ်တွင် မြန်မာနိုင်ငံ၌ စတင် ပေါ်ပေါက်ခဲ့ဖွယ်ရှိကြောင်း၊ ပုဂံခေတ်တွင် ဇင်းမယ်သည် အနော်ရထာမင်း၏ လက်အောက်ခံဖြစ်သည်အလျောက် ထိုဇာတ်ဝတ္ထုများ ဇင်းမယ်သို့ ရောက်ရှိသွားပြီး၊ ဇင်းမယ်ပဏ္ဏာသတွင် ယူငင်အသုံးပြုထားခြင်း ဖြစ်ဖွယ်ရှိကြောင်း ယူဆကြသည်။
ဇင်းမယ်ပဏ္ဏာသတွင် ပဏာမ၊ နိဒါန်း၊ နိဂုံး တို့မပါသည့်အတွက် ကျမ်းပြုသူ၏အမည်ကို တိတိကျကျ မသိရပေ။ ဦးယံ၏ ပိဋကတ်တော်သမိုင်း၌ ' အယုဒ္ဓယတိုင်းကား ယိုးဒယားမြို့အဝင် ဇင်းမယ်မြို့နေ လောကဓမ္မအရာ၌ လိမ္မာသော ရှင်သာမဏေ ပြုသည် ' ဟူ၍သာ ဖော်ပြထားသည်ကို တွေ့ရသည်။
ဇင်းမယ်ပဏ္ဏာသမှ ဇာတ်ဝတ္ထုများသည် ရှေးဟောင်းပါဠိစာပေ၊ သက္ကတစာပေများမှ ယူငင်စုစည်းထားခြင်း ဖြစ်ကြောင်း ငါးရာ့ငါးဆယ်နိပါတ်မှ အချို့ဇာတ်လမ်းများကို မှီငြမ်းပြုထားပြီး အချို့ဇာတ်လမ်းများတွင် ဇာတ်ဆောင်အမည်များ ပြောင်းလဲ သုံးစွဲထားကြောင်း၊ သုဓနုကုမာရဇာတ်ကိုမူ သက္ကတမှ ပါဠိသို့ ပြန်ဆိုထားခြင်းဖြစ်ကြောင်း၊ ဇင်းမယ်ပဏ္ဏာသကို မြန်မာပြန်သော စာပေပညာရှင် ဦးမြင့်ဆွေက သုံးသပ်ပြထားသည်။
ဇင်းမယ်ပဏ္ဏာသသည် မြန်မာနိုင်ငံသို့ ပုဂံခေတ်၊ ၁၁ ရာစုနှင့် ၁၃ ရာစုတအတွင်း ရောက်ရှိလာခြင်း မဟုတ်ဘဲ ၁၅ ရာစု နောက်ပိုင်း သို့မဟုတ် ၁၆ ရာစု အဦးပိုင်းတွင် ရောက်ရှိခြင်းဖြစ်သည်ဟု အချို့ပညာရှင်များက ယူဆကြသည်။ ဇင်းမယ်ပဏ္ဏာသ ဇာတ်လမ်းများမှာ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်များထက် ထူးခြားဆန်းကြယ်သည့် ဆွဲဆောင်မှုရှိသည်။ ထိုဇာတ်လမ်းများကို စာဖတ်သူများ စွဲမက်နှစ်သက်ကြသည်။
ဇင်းမယ်ပဏ္ဏာသနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးမှုများ၊ ပြဿနာများ ရှေးကပင်ရှိခဲ့သည်။ ဒုတိယ မုံရွေးဇေတဝန် ဆရာတော်က ထိုကျမ်းသည် သင်္ဂါယနတင် ကျမ်းမဟုတ်၊ ယွန်းတိုင်းပြည်မှ ဖြစ်သောကျမ်းဟူ၍ အစဉ်အဆက် ပြောဆိုကြသော ကြောင့်လည်းကောင်း၊ သဘောယုတ္တိ တန်, မတန် ချင့်ချိန်၍လည်းကောင်း၊ ပညာရှိတို့ အမြတ်တနိုး မပြုကြကြောင်း၊ အချို့ ဇာတ်လမ်းများကို ပျို့ကဗျာများ ရေးစပ်ကြသဖြင့် ယနေ့တိုင် ပေါ်ထင်နေပြီး အချို့က အခိုင်အခံ့ပင် ပြောဆိုမှတ်သားနေကြောင်း မိန့်ဆိုသည်။ သင်္ဂါယနာတင် ကျမ်းမဟုတ်သော်လည်း ဘုရားကျေးဇူးတော်၊ ဂုဏ်တော်တို့ကို အရိုအသေ အလေးအမြတ် ရေးထားသည့်အတွက် အရိုအသေ အလေးအမြတ် ပြုသင့်ကြောင်းလည်း မိန့်ဆိုသည်။
မင်းတုန်းမင်းလက်ထက် ပဥ္စမသင်္ဂါယနာတင်ရာတွင် ဇင်းမယ်ပဏ္ဏာသကို ဘုရားဟောမဟုတ်သည့်အတွက် ဆရာတော် အချို့က မီးရှို့ပစ်ရန် စီစဉ်ကြသည်။ သာသနာပိုင် ဒုတိယခေါင်းဆောင် ဆရာတော်က ဘုရားဟော ဟုတ်မဟုတ်ဟူသော အချက်ထက် ဇင်းမယ်ပဏ္ဏာသ ရှိခြင်းကြောင့် သာသနာတော် ဆုတ်ယုတ်သွားနိုင်သလား၊ တိုးတက်လာနိုင်သလားဟူသော အချက် များဖြင့် ကြည့်ရှုဖို့လိုကြောင်း မိန့်ကြားပြီး မီးမရှို့ရန် မေတ္တာရပ်ခံခဲ့သည်။
ဒုတိယ မုံရွေးဇေတဝန် ဆရာတော်က ဇင်းမယ်ပဏ္ဏာသကို ' ဇာတ်ငါးဆယ့်ငါး ' ဟု ဖော်ညွှန်းထားသည်ကို ထောက်၍ မုံရွေးဆရာတော်တို့ခေတ်က ဇာတ်ငါးဆယ့်ငါးဇာတ် ရှိလေမည်လားဟု တွေးဆရသည်။ အများနှစ်သက်သော ကုမ္မာဘယဇာတ် သည် ဇင်းမယ်ပဏ္ဏာသမှ လာသည်ဟု ထင်ရသော်လည်း ဇင်းမယ်ပဏ္ဏာသတွင် ထိုဇာတ်မပါသည့်အတွက် ဇာတ်ငါးဆယ်မှတစ်ပါး အခြားငါးဇာတ်ရှိနိုင်ကြောင်း၊ ထိုငါးဇာတ်တွင် ကုမ္မာဘယဇာတ် ပါမည်ထင်ကြောင်း၊ အတပ်မဆိုနိုင်ကြောင်း ဆရာကြီး ဦးဆန်းထွန်း က မှတ်ချက်ချသည်။
အင်းဝခေတ် ရှင်အဂ္ဂသမာဓိ၏ သုဝဏ္ဏသျှံ မြားပစ်ခန်းပျို့တွင် ယင်းကုမ္မာဘယဇာတ် နှင့်အတူ ဇင်းမယ်ပဏ္ဏာသမှ သတ္တဓနုဇာတ်၊ သုဓနုဇာတ် တို့ကို ထည့်သွင်းညွှန်းဆို ရေးဖွဲ့ထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ထိုပျို့ရေးဖွဲ့သော ခရစ်နှစ် ၁၆ ရာစုတွင် ဇင်းမယ်ပဏ္ဏာသ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု မှတ်ယူရသည်။
တောင်ငူခေတ်တွင် နဝေဒေးကြီးသည် ဇင်းမယ်ပဏ္ဏာသမှ သုဓနုကုမာရဇာတ်ကို မနော်ဟရီပျို့ အဖြစ်လည်းကောင်း၊ ညောင်ရမ်းခေတ်တွင် ဝန်ကြီးပဒေသရာဇာသည် ယင်းဇာတ်ကိုပင် မနော်ရီပျို့သစ်နှင့် သူဇာပျို့များ အဖြစ်လည်းကောင်း၊ ကုမ္မာဘယဇာတ်၊ သမုဒ္ဒဃောသဇာတ် တို့ကို ကုမ္မာဘယပျို့၊ သမုဒ္ဒဃောသပျို့ များအဖြစ်လည်းကောင်း ရေးဖွဲ့ခဲ့သည်။ ယခု တွေ့ရှိသမျှလည်း ဇင်းမယ်ပဏ္ဏာသ လာ သတ္တဓနုဇာတ်ကို ပြန်ဖွဲ့သော ပြဇာတ်ဖြစ်သည်။ ကုန်းဘောင်ခေတ်၊ တောင်ငူမြို့စား သတိုးဓမ္မရာဇာ ကလည်း ဇင်းမယ်ပဏ္ဏာသ လာ သင်္ခပတ္တရာဇာဇာတ်ကို သင်္ခပတ္တပြဇာတ်အဖြစ် ရေးဖွဲ့ခဲ့သည်။ ကိုလိုနီ ခေတ်ဦးပိုင်းတွင် ပေါ်ပေါက်သော ပြဇာတ်များတွင်လည်း ဇင်းမယ်ပဏ္ဏာသကို အခြေပြုသော ပြဇာတ်များပါဝင်သည်။ ကုန်းဘောင် ခေတ်တွင် ရွှေတောင်နန္ဒသူ ရေးဖွဲ့သော ငွေတောင်ရကန်မှာ သုဓနုကုမာရဇာတ်ကို ဖွဲ့သောရကန်ဖြစ်သည်။
ကုန်းဘောင်ခေတ်တွင် ဂူကြီးဆရာတော်သည် ဇင်းမယ်ပဏ္ဏာသကို ' လောကီပဏ္ဏာသဇာတ်နိဿယ ' အမည်ဖြင့် နိဿယ ပြန်ဆိုခဲ့သည်။ ကိုလိုနီခေတ် ၁၉၁၁ ခုနှစ်တွင် ဦးနတ်သား အမည်ခံ ဦးထွန်းထေ က ' ဇင်းမယ်ပဏ္ဏာသ စကားပြေကျမ်း ' ဟူ၍ စကားပြေသက်သက်ဖြင့် ပြန်ဆိုခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် မန္တလာ ဦးကေလာသ၏ ဇင်းမယ်ပဏ္ဏာသ နိပါတ်ဇာတ်တော်ကြီး ပထမတွဲပေါ်ထွက်ခဲ့ရာ ဇာတ်ဆယ်ဇာတ်ပါဝင်သည်။ ထိုဆရာတော်သည်ပင် သုဓနကုမာရဇာတ်ကို ' ဒွေးမယ်နော်ခေါ် သုဓန ဇာတ်တော်ကြီး ' အမည်ဖြင့် ပြန်ဆိုခဲ့သေးသည်။ လောကဓာတ်ဆရာကြီး ဦးမောင်မောင်ကလည်း သုဓနကုမာရ ဇာတ်ကို ' နန့်နောင်းခါရီ မန်းသူခနုတ်ခေါ် ဒွေးမယ်နော် သုဓနု နန်းတွင်းဇာတ်တော်ကြီး ဝတ္ထု ' ဟူ၍ ရေးသားခဲ့သည်။ ဆရာကြီး ဦးသော်ဇင် ကလည်း ဇာတ်ငါးဆယ်လုံးကို အကျဉ်းချုပ်၍ ' ဇင်းမယ်ပြန် ' အမည်ဖြင့် ပြန်ဆိုခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဦးကြီးခင် နှင့် ဦးမြင့်ဆွေ တို့ မြန်မာပြန်ဆိုသော ဇင်းမယ်ပဏ္ဏာသ နိပါတ်တော်ဝတ္ထုတော်ကြီးနှင့် ဇင်းမယ်ပဏ္ဏာသ စစ်တမ်း ပထမတွဲတွင် ဇာတ် ၂၀ ပါဝင်သည်။ ၁၉၈၁ ခုနှစ်တွင် ဓမ္မာစရိယ ဦးထွန်းသိန်း မြန်မာပြန်ဆိုသော ဇင်းမယ်ဝတ္ထုတော်ကြီး ပထမတွဲ၊ ဒုတိယတွဲ ပေါ်ထွက်လာရာ ဇာတ်ငါးဆယ်စလုံးကို ပြည့်ပြည့်စုံစုံ ပြန်ဆိုထားသည်ကို တွေ့ရသည်။
ဇင်းမယ်ပဏ္ဏာသကို အခြေပြု၍ ပျို့ ၊ ဝတ္ထု၊ ပြဇာတ် စသည်ဖြင့် စာပေအမျိုးမျိုး ပေါ်ထွန်းခဲ့ရာ သုဓနု ဒွေးမယ်နော် ဇာတ် သည် လူသိအများဆုံး၊ အထင်ရှားဆုံး ဇာတ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
စာကိုး
ဦးကြီးခင် နှင့် ဦးမြင့်ဆွေ - ဇင်းမယ်ပဏ္ဏာသ
နိပါတ်တော်ဝတ္ထုတော်ကြီးနှင့် ဇင်းမယ်ပဏ္ဏာသ စစ်တမ်း (ပထမတွဲ)၊
ငြိမ်းကျော် - ငွေတောင် ၊
ဆန်းထွန်း (မန်းတက္ကသိုလ်) - စာပေဘဏ် ၊
ဓမ္မာစရိယ ဦးထွန်းသိန်း - ဇင်းမယ်ဝတ္ထုတော်ကြီး
(ပထမတွဲ၊ ဒုတိယတွဲ)
ကလျာမဂ္ဂဇင်း
၂၀၀၂ ၊ နိုဝင်ဘာလ (၂၁၃)