အလင်္ကာ မြင်ကွင်း
အလင်္ကာ မြင်ကွင်း
မြန်မာစာပေသမိုင်းဝင် ကျမ်းအမျိုးမျိုးတွင် အလင်္ကာကျမ်းများလည်း အပါအဝင်ဖြစ်သည်။ မြန်မာတို့သည် စာပေဝေဖန် အကဲဖြတ်ရာတွင် အလင်္ကာကျမ်းလာ နည်းနာများကို လမ်းညွှန်အဖြစ် အသုံးပြု၍ ရေးဖွဲ့လေ့ရှိကြသည်။ သို့ဖြင် အလင်္ကာကျမ်းများ သည် မြန်မာစာပေ နယ်ပယ်ထဲတွင် အရေးပါသော လေးစားထိုက်သော နေရာကို ရယူလျက်ရှိသည်။စိတ်ဝင်စားဖွယ်ကောင်းသော အချက်ကား နေရာတစ်ခုတည်းမှ လှိုင်းဂယက်များ ဖြာထွက်သွားသကဲ့သို့ မြန်မာအလင်္ကာ ကျမ်းအများစုသည် အလင်္ကာကျမ်းတစ်ကျမ်းတည်းမှ ဖြာထွက်သွားခြင်း ဖြစ်သည်ဟူသော အချက်ပင်ဖြစ်ပါသည်။ ထိုကျမ်းသည် အခြားမဟုတ်ပါ။ ပါဠိဘာသာဖြင့် ပြုစုထားသော ' သုဗောဓာလင်္ကာရ ' ကျမ်းပင် ဖြစ်ပါသည်။
သုဗောဓာလင်္ကာရသည် မြန်မာနိုင်ငံဖြစ် ကျမ်းမဟုတ်။ သီရိလင်္ကာကျွန်းဖြစ် ကျမ်းဖြစ်သည်။ ကျမ်းပြုပုဂ္ဂိုလ်ကား သီရိလင်္ကာကျွန်း အနုရာဓမြို့၏တောင် မဟာဝိဟာရ ကျောင်းတိုက်နေ အရှင်သံဃရက္ခိတ မဟာသာမိ ဖြစ်သည်။ ထိုအရှင်သည် သာသနာသက္ကရာဇ် ၁၆၉၆ ခုတွင် သီရိလင်္ကာကျွန်း၌ မင်းပြုသော ပရက္ကမဗာဟုမင်း၏ဆရာ အရှင်သာရိပုတ္တရာ၏ တပည့်ဖြစ်သည် ဟု ဆိုပါသည်။
သုဗောဓာလင်္ကာရကျမ်း မပေါ်ပေါက်မီက ရှိနေသော အလင်္ကာကျမ်းများမှာ အိန္ဒိယနိုင်ငံဖြစ် သက္ကတအလင်္ကာကျမ်းများ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် အလင်္ကာပညာကို ခရစ်မပေါ်မီ နှစ်ပေါင်းများစွာကပင် လေ့လာခဲ့ကြကြောင်း၊ ဆရာဘာရတ၏ နာဋယသျှတ္တရ ကျမ်းသည် ပြဇာတ်နှင့် အလင်္ကာအကြောင်းကို ရေးသားထားသော ရှေးအကျဆုံး ကျမ်းတစ်စောင်ဖြစ်ကြောင်း၊ ထိုကျမ်းတွင် ပြဇာတ်အကပညာကို ဦးစားပေး၍ရေးထားသော်လည်း အလင်္ကာအကြောင်း ဂီတအကြောင်းများလည်း ပါဝင်ကြောင်း၊ ထို့နောက်တွင် ပညာရှင်အစဉ်အဆက် အလင်္ကာကျမ်းအမျိုးမျိုး ပြုစုခဲ့ကြကြောင်း သိရပါသည်။ ထိုအလင်္ကာကျမ်းများသည် သက္ကတ ဘာသာဖြင့် ပြုစုထားသော ကျမ်းများဖြစ်သည့်အတွက် ပါဠိဘာသာသက်သက်တတ်သူများ လေ့လာရန်မလွယ်ကူပါ။ ထို့ကြောင့် အရှင်သံဃရက္ခိမဟာသာမိ က ပါဠိဘာသာသက်သက် တတ်သူများအတွက် ရည်ရွယ်ပြီး သုဗောဓာလင်္ကာရကျမ်း ကိုပြုစုကြောင်း သိရပါသည်။ သုဗောဓာလင်္ကာရကား သိလွယ်နားလည်လွယ်သော အလင်္ကာကျမ်းဟူ၍ အဓိပ္ပါယ်ရပါသည်။
သုဗောဓာလင်္ကာရ ကိုပြုစုရာတွင် ရှေးဟောင်းသက္ကတ အလင်္ကာကျမ်းများကို အမှီပြု၍ ပြုစုထားခြင်းဖြစ်သည်။ အထူး သဖြင့် ' ကာဗျဒဿကျမ်း ' ကိုမူတည်၍ အခြားအလင်္ကာကျမ်းတို့မှလည်း ကောင်းနိုးရာရာ ထုတ်နုတ်ပြုစုထားခြင်း ဖြစ်ကြောင်း သိရပါသည်။ သုဗောဓာလင်္ကာရ တွင် ၃၆၇ ဂါထာပါဝင်ပြီး အပိုင်းငါးပိုင်းခွဲထားသည်။ စာရေးရာတွင် သင့်တတ်သော အပြစ်ဒေါသပိုင်း၊ ဒေါသအဖြေပိုင်း၊ ဂုဏ် ခေါ် စကားတန်ဆာပိုင်း၊ အလင်္ကာ ခေါ် အနက်တန်ဆာပိုင်း၊ ရသပိုင်း ဟူ၍ အလွယ်မှတ်ယူ နိုင်ပါသည်။
အရှင် သံဃရက္ခိတ မဟာသာမိ သည် သုဗောဓာလင်္ကာရကျမ်း၏ အဖွင့်ဖြစ်သော ' မဟာသာမိဋီကာ ' (ပေါရာဏဋီကာ၊ ဋီကာဟောင်းဟုလည်း ခေါ်သည်) နှင့် သုဗောဓာလင်္ကာရ၏ လေးနက်ခက်ခဲသော အဓိပ္ပါယ်တို့ကို ဖွင့်ပြသော အတ္တဗျာချာ ခေါ် သီရိလင်္ကာနိဿယ တစ်စောင်ကိုလည်း ပြုစုခဲ့သည်။ သုဗောဓာလင်္ကာရဋီကာဟောင်းကို အရှင်သံဃရက္ခိတ မဟာသာမိ ပြုစုသည် ဟူ၍ လည်းကောင်း၊ အရှင်ဝါစိဿရ ပြုစုသည်ဟူ၍ လည်းကောင်း၊ အရှင်သံဃရက္ခိတ မဟာသာမိ ကိုပင် အရှင်ဝါစိဿရ ဟုလည်း ခေါ်သည်ဟူ၍လည်းကောင်း အဆိုအမိန့်များ တွေ့ရပါသေးသည်။ ထို့ပြင် အနုရာဓမြို့နေ အမည်မသိ မထေရ်တစ်ပါး ပြုစုသော သုဗောဓာလင်္ကာရ ဋီကာသစ်နှင့် အလင်္ကာအဖွင့် သံဝဏ္ဏနာ ကျမ်းတစ်စောင်လည်း ရှိသေးကြောင်း သိရသည်။ ထိုကျမ်းများသည် မြန်မာနိုင်ငံသို့ ရောက်လာပြီးနောက် မြန်မာပညာရှင်တို့က သုဗောဓာလင်္ကာရကို နိဿယပြန်ခြင်း၊ ရှင်းလင်းဖွင့်ဆိုခြင်းများ ပြုလုပ်ကြရာမှ မြန်မာအလင်္ကာကျမ်းများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။
ဤတွင် မြန်မာနိုင်ငံသို့ သုဗောဓာလင်္ကာရကျမ်း ရောက်လာချိန်နှင့် ပတ်သက်၍ စူးစမ်းကြည့်ရန် လိုအပ်သည်။ ပုဂံ ပျက်ပြီးနောက် သက္ကရာဇ် ၈၁၄ ခု (ခရစ်နှစ် ၁၄၄၃ ခု)တွင် ပုဂံမြို့ဟောင်း၌ တောင်တွင်း မင်းဇေယျသူရမောင်နှံက ကျောင်းဆောက် လှူဒါန်းပြီး ကျောက်စာရေးထိုးခဲ့ရာ ပုဂံဝက်ကြီးအင်း တက်နွှဲကျောင်း ကျောက်စာဟု ထင်ရှားပါသည်။ အလှူရှင်တို့သည် ကျမ်းပေါင်း လေးရာကျော်ကို ပေထက်တင်လှူပြီး ထိုကျမ်းအမည်များကို ကျောက်စာတွင် မှတ်တမ်းတင်ထားရာ ထိုကျမ်းစာရင်းတွင် အလင်္ကာ ကျမ်းလည်း ပါဝင်သည်ကို တွေ့ရပါသည်။ ပုဂံခေတ်နောက်ပိုင်းတွင် နှစ်ပေါင်းအတော်ကြာမျှ အိန္ဒိယနှင့် အဆက်အသွယ် ပြတ်ခဲ့ဖူး သည်ကိုထောက်၍ ထိုကျမ်းများသည် အိန္ဒိယနှင့် အဆက်အသွယ်မပြတ်မီ ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ဖြစ်လိမ့်မည်ဟူသော အယူအဆလည်း ရှိပါသည်။ ထိုအယူအဆအရ သုဗောဓာလင်္ကာရသည် ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။
အရှင်သံဃရက္ခိတမဟာသာမိပင် ပြုစုသော ပုတ္တောဒယဆေးကျမ်းသည် ပုဂံခေတ်ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိ နေပြီဖြစ်သဖြင့် ထိုပုဂ္ဂိုလ်ပင်ပြုစုသော သုဗောဓာလင်္ကာရသည်လည်း ပုဂံခေတ်ကတည်းကပင် မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ဖြစ်မည် ဟူ၍လည်း မှန်းဆနိုင်ပါသည်။ ထို့ပြင် ပင်းယခေတ်တွင် သမန္တဂုဏသာဂရထေရ် ပြုစုသော မူလသိက္ခါဋီကာဟောင်း ၌ သုဗောဓာ လင်္ကာရစာကိုယ်နှင့် ဋီကာဟောင်းလာ စကားများပါဝင်နေသည်ကို ထောက်၍ ပင်းယခေတ်မပေါ်မီ ပုဂံခေတ်ကတည်းကပင် သုဗောဓာလင်္ကာရ မြန်မာနိုင်ငံသို့ ရောက်နေပြီဟူသော အယူအဆလည်း ရှိပါသည်။
အချို့ကမူ သုဗောဓာလင်္ကာရသည် အင်းဝခေတ်ထူပါရုံ ဒါယကာ နရပတိ လက်ထက်ကျမှ မြန်မာနိုင်ငံသို့ ရောက်လာ သည်ဟု ယူဆကြသည်။ ထိုမင်းလက်ထက်တွင် သီရိလင်္ကာရောက် ဆရာတော်ဟူ၍ နောင်အခါထင်ရှားလာသော သီရိသဒ္ဓမ္မကိတ္တိ ပဇ္ဇောတမထေရ် သည် သီရိလကင်ာကျွန်းသို့ ကြွရောက်ပညာသင်ပြီး သုဗောဓာလင်္ကာရ၌ အတ္ထဗျာချော (သီရိလင်္ကာနိဿယ) တို့ကို သီရိလင်္ကာအက္ခရာမှ မြန်မာအက္ခရာသို့ ပြန်ဆိုရေးသား၍ မြန်မာနိုင်ငံသို့ ယူဆောင်လာပြီး အတ္ထဗျာချာတွင် မိမိအယူအဆ များ ဖြည့်စွက်ကာ အလင်္ကာဋီကာသစ်ကို ပြုစုသည်ဟု သိရပါသည်။ ထိုအဆိုအရ သုဗောဓာလင်္ကာရသည် အင်းဝခေတ်တွင် မြန်မာ စာပေနယ်ထဲသို့ အထင်အရှား ရောက်နေပြီဟူ၍ ဆိုရပါလိမ့်မည်။ ထို့နောက်တွင်ကား သုဗောဓာလင်္ကာရကို အခြေပြုသော မြန်မာ နိုင်ငံအဖြစ် အလင်္ကာကျမ်းများ ပေါ်ထွက်လာပါတော့သည်။ အင်းဝ နရပတိမင်း လက်ထက်တွင် တောင်ငူရောက် ပရက္ကမဆရာတော် က သုဗောဓာလင်္ကာရကို နိဿယပြန်သည်။ ညောင်ရမ်းခေတ် ပြည်မင်းလက်ထက် ၁၀၃၂ ခုတွင် အောင်တပ်ကျောင်း ဆရာတော်က အလင်္ကာရ ဝိဘာဝနာကျမ်းကို ပြုစုသည်။ ထိုဆရာတော်ပင် ပြုစုသော အလင်္ကာဒေါသ အဓိပ္ပါယ်ကျမ်း ဟူ၍လည်း ရှိသေးသည်။ ထိုဆရာတော်သည်ပင် စနေမင်းလက်ထက်တွင် သုဗောဓာလင်္ကာရရာသီစုကို ပြုစုသည်ဟုလည်း အမှတ်အသားရှိပါသည်။
ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်တွင် သက္ကတအလင်္ကာကျမ်းများ မြန်မာနိုင်ငံသို့ ရောက်လာခြင်းသည် လည်း အလင်္ကာလေ့လာမှုအတွက် အားဖြည့်ချက်ကြီး တစ်ရပ်ပင်ဖြစ်သည်။ ၁၁၄၈ ခုတွင် ဗာရာဏသီကျေး၊ နဝဒီပမြို့မှ သက္ကတ အလင်္ကာကျမ်းများကို ဘိုးတော်ဘုရား အမိန့်အရ ယူဆောင်စေရာ ထိုကျမ်းများတွင် သက္ကတ အလင်္ကာကျမ်းများလည်း ပါဝင်သည်။ ထိုကျမ်းများကို ပထမ မောင်းထောင်ဆရာတော်က ဗာရာဏသီဘင်္ဂလိနာဂရီ အရေးအသားမှ မြန်မာသင်္သကရိုက် အရေးအသားဖြင့် နိဂုံးအသီးသီးနှင့် ပြန်ဆိုသည်။ ဗာရာဏသီ ဘင်္ဂလားမှ ယူလာသော သက္ကတကျမ်းများတွင် ပါဝင်သည့် အလင်္ကာကျမ်းများကိုလည်း မောင်းထောင်ဆရာတော်ပင် တစ်ချပ်တစ်ကြောင်းမျှမကျန် မြန်မာအက္ခရာနှင့် ပြန်ကြောင်းသိရသည်။ သုဗောဓာလင်္ကာရ မြစ်ဖျားခံ ရာဖြစ်သော သက္ကတအလင်္ကာကျမ်းများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခွင့်ရသည့်အတွက် များစွာအကျိုးရှိပါသည်။
ဘိုးတော်ဘုရားလက်ထက်တွင် ပထမရွှေတောင်ဆရာတော်နှင့် ပထမဗားကရာဆရာတော် တို့သည်လည်းကောင်း၊ ဘကြီးတော်ဘုရားလက်ထက်တာင် အုတ်ကျောင်းဆရာတော် ဦးပိုး သည်လည်းကောင်း သုဗောဓာလင်္ကာရကို နိဿယအသီးသီး ပြန်ဆိုကြပါသေးသည်။
သီပေါမင်းလက်ထက် ၁၂၄၂ ခုတွင် မြန်မာစာပေသမိုင်း၌ ထင်ရှားသော အလင်္ကာကျမ်းတစ်စောင် ပေါ်ထွက်လာပါသည်။ ယောအတွင်းဝန်ဦးဘိုးလှိုင်၏ ဖြစ်သည်။ ရှေးနိဿယဟောင်းတို့သည် စာသင်သားတို့အတွက် မလွယ်ကူသဖြင့် နိဿယ အသစ်ပြုစုရခြင်းဖြစ်ကြောင်း မိန့်ဆိုထားသည်။ မြန်မာပျို့ကဗျာများကို သာဓကဆောင်ကာ အကျယ်တဝင့် ဖွင့်ဆိုထားသော ကျမ်း ဖြစ်သည့်အပြင် ရေးသားပုံ ရှင်းလင်းပြတ်သားသဖြင့် ပညာရှင်အစဉ်အဆက် လေးစားရသော ကျမ်းတစ်စောင် ဖြစ်ပါသည်။
ဤတွင် ယောအတွင်းဝန် ရည်ညွှန်းသော စာသင်သားဆိုသည်မှာ အလင်္ကာကျမ်းကို ပါဠိစာပေ သင်ရိုးတစ်ခုအဖြစ် လေ့လာသင်ယူရသော စာသင်သားများကို ဆိုလိုခြင်းဖြစ်ပါသည်။ ပိဋကတ်စာပေကို အလင်္ကာနည်းနာများဖြင့် ချိန်ထိုးလေ့လာ နိုင်ရန်အတွက် အလင်္ကာကျမ်းကို ပါဠိစာပေ သင်ရိုးတစ်ခုအဖြစ် ပို့ချလေ့ရှိပါသည်။ ပို့ချသည့်ဆရာတော်များ လူပုဂ္ဂိုလ်များကိုယ်တိုင် စာသင်သား သံဃာတို့အတွက် ရည်ရွယ်ပြီး အလင်္ကာကျမ်းများ ပြုစုသည်လည်း ရှိပါသည်။ ပညာရပ်ဆိုင်ရာ ကျမ်းအဖြစ် ပြုစုသည် လည်း ရှိပါသည်။
ဆက်လက်ပေါ်ထွက်လာသည့် အလင်္ကာကျမ်းများကို စာရင်းထိုးကြည့်မည်ဆိုလျှင် မန္တလေးမြို့အနောက်ပြင် ချမ်းသာကြီး တိုက်ဆရာတော် ပြုစုသော အလင်္ကာရတ္ထဒီပနီကျမ်း (၁၂၇၄)၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ အလင်္ကာနိဿယချနက် (၁၂၈၅)၊ စစ်ကိုင်းတောင်ရိုး ရွှေဟင်္သာတိုက်သစ်ဆရာတော် အရှင်ပဏ္ဍိတ၏ မြန်မာအလင်္ကာကျမ်း (၁၂၉၀၊ ၁၃၁၇ တွင် ဖြည့်စွက်ရေး) ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက်၊ အဂ္ဂမဟာ ပဏ္ဍိတစံကျောင်း ဆရာတော်၏ အလင်္ကာနိဿယသစ် (၁၂၉၄)၊ လယ်တီ ဦးကောဝိဒ (ပုပ္ပါးဦးကျော်ရင်)၏ အလင်္ကာသည်းခြေခေါ် ကာဗျဘာရတီ (၁၃၀၁၊ ဒေါသပိုင်း ဂါထာ ၂၀ ထိသာပြီးသည်)။ ဦးစံထား၏ မြန်မာအလင်္ကာကျမ်း (၁၃၀၂)၊ ညောင်လေးပင်တောရ ဆရာတော် ဦးအရိယ၏ အလင်္ကာအရသာ (၁၃၀၃)၊ မန္တလေးမြို့ ဘုရားကြီး တိုက် စာချဆရာတော် အရှင်နာရဒ၏ အလင်္ကာအရကောက် (ဒုတိယကမ္ဘာစစ်အတွင်း ပြုစုသည်၊ ရသပိုင်းကို ရှင်းလင်းဖွင့်ဆိုသည်)။ မြောင်းမြ ပဇ္ဇောတာရုံ အရှင်ကုမာရ၏ အလင်္ကာပန်းကုံး (၁၃၁၆)၊ မန္တလေးချမ်းသာကြီးတိုက် ဆရာတော် အရှင်နန္ဒမဥ္စူ၏ အလင်္ကာ ရတ္ထ မေဒနီ (၁၃၁၉)၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ အလင်္ကာဘာသာဋီကာ (၁၃၂၁)၊ မန္တလေးမြို့ ဆူးခါးတိုက် အရှင်ဝိသုဒ္ဓမဟာထေရ်၏ မောဠိနိဿယ (၁၃၂၂) စသည်ဖြင့် ဝေဝေဆာဆာ တွေ့နိုင်ပါသည်။ ထိုအလင်္ကာကျမ်းများသည် မြန်မာ စာပေသမိုင်းဝင် ဖြစ်သော်လည်း ပါဠိစာပေ စာသင်သားများ (အထူးသဖြင့် စာသင်သား သံဃာများအတွက် အဓိကရည်ရွယ်သော ကျမ်းများဖြစ်ပါသည်)။
၁၉၆၆ ခုတွင် ဆရာကြီး ဦးသော်ဇင် ပြုစုသော စာပေရေးရာ အလင်္ကာ ထွက်လာပါသည်။ မန်လည်ဆရာတော်၏ မဃဒေဝ လင်္ကာသစ်၊ နယဒဿနိဂုံးလာ အလင်္ကာဆိုင်ရာ အရေးအဖွဲ့များကို ရှင်းလင်းဖွင့်ဆိုထားခြင်း ဖြစ်သည်။ ဆရာကြီးက " မြန်မာစာပေသည် မြန်မာဆန်းအလင်္ကာတို့ကို စတင်တောင်းဆိုစ ပြုနေပေပြီ " ဟုမိန့်ဆိုကာ မြန်မာအလင်္ကာကျမ်းစစ်စစ် ပေါ်ထွန်းလာရေးအတွက် သတိပေးထားသည်ကို မှတ်သားဖွယ်တွေ့ရပါသည်။
သုဗောဓာလင်္ကာရကိုပင် အခြေပြုသော်လည်း မြန်မာဆန်အောင် အားထုတ်ပြုစုထားသော ကျမ်းအချို့ကို ဤနေရာတွင် ဖော်ညွှန်းလိုပါသည်။ မာန်အောင်ပီယ၏ စာပေပညာ (၁၉၆၅)၊ ရန်ကုန်ဘဆွေ၏ သီကုံးပန်းသွင်ရေးဖွဲ့ချင်သော် (၁၉၆၆)၊ ပန်းသွင် သီကုံးရေးနည်းထုံးကား (၁၉၆၆) နှင့် စာရေးခြင်းအတတ် (၁၉၆၈) တို့ဖြစ်ပါသည်။ အထူးသဖြင့် သာဓကဆောင်ရာတွင် ရှေးမြန်မာ စာပေများမှာသာမကဘဲ မျက်မှောက်ခေတ် ဝတ္ထုပြဇာတ်စသည့် စာပေများမှ ကောင်းနိုးရာရာ ထုတ်နှုတ်သာဓကဆောင်ထားသော ရန်ကုန်ဘဆွေ၏ ကျမ်းများမှာ ထူးခြားသည်ဟု ဆိုနိုင်ပါသည်။ မြန်မာအလင်္ကာကျမ်း စစ်စစ်ပေါ်ထွန်းရေးအတွက် ရှေးရှုချက် ဖြစ်သည်ဟု ဆိုရပါလိမ့်မည်။
အလင်္ကာကျမ်း၏ ကဏ္ဍတစ်ရပ်ဖြစ်သော ရသသဘောကို သက္ကတအလင်္ကာကျမ်းများနှင့် ညှိနှိုင်းဖွင့်ဆိုသော ဆရာ ဦးရွှေအောင်၏ ရသစာပေ၏ရသ (၁၉၈၀) သည်လည်း လေးစားအပ်သော ကျမ်းတစ်စောင်ဖြစ်ပါသည်။ မြန်မာတို့နှင့် မရင်းနှီးသော သက္ကတ အလင်္ကာကျမ်းများကို အခြေပြု၍ ရသစာပေ၏ရသကို ဖွင့်ဆိုထားခြင်း ဖြစ်သည့်အတွက် ထူးခြားပါသည်။
သုဗောဓာလင်္ကာရကို ဗဟိုပြုကာ အရောင်အသွေး အမျိုးမျိုးဖြင့် ဖြာထွက်လာသော ' အလင်္ကာမြင်ကွင်း ' ကို ဖြန့်ကြက် ကြည့်ခြင်း ဖြစ်ပါသည်။ အနီးကပ် မီးမောင်းထိုးကြည့်သင့်သည် တို့ကိုလည်း ဆက်လက်၍ ကြည့်ရပါလိမ့်ဦးမည်။
ဧရာဝတီမဂ္ဂဇင်း
အမှတ် ၁ ၊ ၁၉၈၉ ။
0
responses to “
အလင်္ကာ မြင်ကွင်း
”