လယ်ယာတစ်ခွင်မှာ
လယ်ယာတစ်ခွင်မှာ
[ ၁ ]ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် ဖြစ်သည်။
တစ်ခါသော် ရဟန်းတော် ရှင်ဒိသာပါမောက်သည် တရုတ်ပြည်သို့ ကြွရောက်ပြီး မွန်ဂိုဧကရာဇ်နှင့် တိုင်းရေးပြည်ရေး အတွက် အပြေအပြစ် စကားဆိုခဲ့ရသည်။ ထိုသို့စကားဆိုရာတွင် ရဟန်းတော်က တိုင်းပြည်တွင် စပါး၏ အရေးပါပုံကို ထောက်ပြသည့်အနေဖြင့် " စပါးကား ပြည်စည်းစိမ် အမြစ်မ (ဟုတ်) လော " ဟု ထည့်သွင်းမိန့်ဆိုခဲ့ပါသည်။
မှန်ပါသည်။ လယ်ယာစိုက်ပျိုးရေး နိုင်ငံဖြစ်သော မြန်မာနိုင်တွင် စပါးသည်လည်းကောင်း၊ အခြားအခြားသော ကောက်ပဲသီးနှံများသည် လည်းကောင်း အခြေအမြစ်ကျသော၊ အရေးပါသော လုပ်ငန်းဖြစ်ပါသည်။ ထို့အတူ ထိုလယ်ယာလုပ်ငန်းကို လက်တွေ့အကောင်အထည် ဖော်ပေးသော လယ်သမား၊ ယာသမားများသည်လည်း အခြေအမြစ်ကျသော၊ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်ပါသည်။
ထို့ကြောင့်လည်း လယ်ယာလုပ်ငန်းကို လည်းကောင်း၊ လယ်သမား၊ ယာသမားကိုလည်းကောင်း ခေတ်အဆက်ဆက် မြန်မာစာဆိုတို့က တမွန်တမြတ် တလေးတစား သဘောထားခဲ့ကြသည်။ လယ်ယာအကြောင်း၊ လယ်သမား ယာသမား အကြောင်း တို့ကို တမွန်တမြတ် တလေးတစား စာဖွဲ့ခဲ့ကြသည်။ ထိုစာပေအဖွဲ့များက လယ်သမား၊ ယာသမား တို့၏ ဘဝအထွေထွေနှင့် ဂုဏ်ရည်အမျိုးမျိုးကို လှစ်ပြနေသကဲ့သို့ ရှိပါသည်။
[ ၂ ]
မြန်မာစာပေခရီးကို နောက်ကြောင်းပြန်ကြည့်ပါဦးစို့။ ဓမ္မကြောင်း၊ ရာဇကြောင်း စာပေများထွန်းကားပြီး လောက အကြောင်း စာပေများကို အရေးတယူနေရာပေး၍ ရေးဖွဲ့လေ့မရှိသေးသော ခေတ်မျိုးမှာပင် ကဗျာစာဆိုတို့သည် လောကအကြောင်း ဟုဆိုရမည့် လယ်အကြောင်း၊ ယာအကြောင်းကို ခရီးသွားဟန်လွှဲပင်ဖြစ်စေ ထည့်သွင်းဖွဲ့ဆိုခဲ့ကြပါသည်။ လျစ်လျူမရှုခဲ့ကြပါ။
အုံ့ကာမည်း၊ ကြည်းကာ ရိုက်ကြိုး၊ ပျဉ်ထောင်မိုး၊ တောင်လေခတ်ဖြူး၊ မြူးကာသွေး၍၊ မြက်မွှေးလပွင့်၊ အခြင့်ရွာသည်၊ အခါလကြိုက်၊ စိုက်ကောက်ပျိုး။
မြန်မာသက္ကရာဇ် ၇၄၇ - ၇၅၁ ခန့်က ရေးဖွဲ့သော ပြည်မင်းမျက်နှာရှည်၏ ကာချင်းမှ ဖြစ်ပါသည်။ ရှေးခေတ်စစ်သည်များ ကာစွဲကိုင်လျက်ကပြ သီဆိုသော စစ်သီချင်းဖြစ်သည်။ ပျဉ်ထောင်ပေါ်မှ အရှိန်ပြင်းစွာ စီးဆင်းသည့်နှယ် ရေစီးအလွန်သန်သော ထိုပျဉ်ထောင်မိုးရွာချိန်တွင် တောင်လေဆော်မြူး တိုက်ခတ်ပုံ၊ မြက်မွေးများ ပွင့်ကြပုံတို့ကို ဖွဲ့ရင်း " မိုးသည်းထန်စွာ ရွာခိုက်အခါ သင့်တုန်း အင်တိုက်အားတိုက် ပျိုးနှုတ်ကောက်စိုက်ကြကုန်လော့ " ဟူ၍ တိုက်တွန်းထားခြင်း ဖြစ်ပါသည်။ လယ်ယာကိစ္စကို စစ်သီချင်းထဲမှာ လျစ်လျူမရှုဘဲ ထည့်သွင်းဖွဲ့နွဲ့ခြင်းပင် မဟုတ်ပါလော။
စာဆိုရှင်ဥတ္တမကျော်ကလည်း တောလားကဗျာကြီးထဲတွင် ' တောခွင်တောင်ထု၊ ပျော်ကြောင်းလုသည်၊ တောင်သူဓလေ့၊ ယာမီးကျွေ့သား၊ မျိုးစေ့ မြေနှံ ' ဟူ၍လည်းကောင်း၊ ' ဝသန်ကာလ၊ ရာသီစဝယ်၊ ထွန်ချမင်္ဂလာ၊ တောင်သူမှာလည်း၊ ဘာသာဓလေ့၊ ပျော်မွေ့စိုက်ပျိုး၊ ကောက်ပဲမျိုးကို ' ဟူ၍လည်းကောင်း သတိတရ ထည့်သွင်းရေးဖွဲ့ပါသေးသည်။ တောတောင်ထဲတွင် တောင်သူတို့ သဘာဝ မီးရှို့ထားသော ယာမြေ၌ မျိုးစေ့များ စိုက်ပျိုးကြပုံ၊ မိုးရာသီအစတွင် ထွန်ချမင်္ဂလာကျင်းပပြီး ကောက်ပဲများကို တပျော် တပါး စိုက်ပျိုးကြပုံတို့ကို ပုံဖော်ခြင်းဖြစ်ပါသည်။
ကောက်ပင်တို့၏ တင့်တယ်ပုံကို ဆရာကြီး ဦးပုည ကလည်း
နတ်ချောင်းရေယဉ်၊ မြကွင်းပြင်မှာ
ကောက်ပင်စိမ်းလဲ့၊ ယိမ်းနွဲ့နွဲ့နှင့်
တာဖွဲ့ကျယ်ဝန်း၊ လယ်မြေခင်းလည်း
နတ်မင်းမချို့၊ ဖန်၏သို့ပင်
ပျော်ဖို့မငြီး ဟူ၍ သရုပ်ဖော် ရေးဖွဲ့ခဲ့ဖူးပါသေးသည်။ စိမ်းလဲ့လဲ့ ကောက်ပင်ကလေးများ ယိမ်းနွဲ့လှုပ်ရှား နေသည်ကို မြင်ရသကဲ့သို့ ရှိပါသည်။
ဤအဖွဲ့များသည် လယ်ယာနှင့် လယ်သမားယာသမားကို ခပ်လှမ်းလှမ်းက ကြည့်ပြီး ဖွဲ့ပြသကဲ့သို့ ရှိပါသည်။ အနီးကပ် အလုံးအထည် ပုံမပေါ်ပါ။ သို့သော ရှေ့တွင်ဆိုခဲ့သည့်အတိုင်း ခရီးသွားဟန်လွှဲဖွဲ့ရသည်ပင် ဖြစ်စေ အရေးတယူ လေးလေးစားစား ဖွဲ့ခြင်းဖြစ်ကြောင်းကား ထင်ရှားပါသည်။
[ ၃ ]
အချို့စာဆိုများကမူ လယ်သမား ယာသမားဘဝကို အနီးကပ်ကြည့်ပြီး အနုစိတ်ခြယ်မှုန်းတတ်ကြပါသည်။ ထိုစာဆိုတို့၏ ရှေ့ဆောင်လမ်းပြကား ဝန်ကြီးပဒေသရာဇာပင် ဖြစ်ပါလိမ့်မည်။ ဝန်ကြီး၏ လယ်သမားဘွဲ့တျာချင်းကိုကြည့်ပါ။ လယ်သမားမိသားစု ကို အနီးကပ်ရှုမြင်ပြီး ရွှင်ရွှင်သွက်သွက် စာစာနာနာ ပုံဖော်ထားခြင်းပင် မဟုတ်ပါလော။ မိုးကျပြီဆိုသည်နှင့် လယ်သမား မိသားစုသည် တပျော်တပါး လယ်ထဲဆင်းကြတော့သည်။ လယ်သမားခမျာ ပုဆိုး၊ အင်္ကျီများ စုတ်ပြဲနေရှာသည်။ ခေါင်းမှာ ချည်တဘက် နီတွတ်တွတ်ကို ပေါင်းထားသည်။ တစ်ထွာလောက်ရှိသော ဆေးတံကိုခဲပြီး လယ်ထွန်နေသည်။ သားငယ်သမီးငယ် တို့က အဝတ်ဗလာနှင့် လယ်ထဲမှာ ဖားပေါင်စင်း၊ ခရု၊ ပီလော၊ ဆူးပုတ်၊ ကင်းပုံ၊ ကြက်ဟင်း၊ ကြွက်နားပေါင်း စသည်တို့ကို လိုက်ရှာကြ ခူးကြသည်။ အလုပ်သိမ်း၍ အိမ်ပြန်ရောက်သောအခါ တပျော်တပါး ချက်ပြုတ်စားကြသည်။ " ထမင်းကပူ၊ ဟင်းကပူ၊ ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေး " ဟူသည့်အတိုင်း တရှူးရှူးတရှဲရှဲနှင့် အားပါးတရ လွေးကြသည်။ ထမင်းလုတ်ကြီး တစ်လုတ် တစ်လုတ် နည်းနည်းနောနောမဟုတ်။ ဤသို့ စားသောက်ပြီး သားမြေးများကို ဘယ်ညာပိုက်ထွေးလျက် ကြည်နူးနေသော လယ်သမားဘဝကို ပဒေသရာဇာက အားတက်သရော ပုံဖော်လိုက်ခြင်းပင် ဖြစ်သည်။ အရေးတယူ နေရာပေး၍ ရေးဖွဲ့ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့အတူ
စိုက်ရေးငယ်မှ ကျင်းကျင်း၊ အမကြီးငယ်၊ မယ်သာစိုက်တဲ့ ကောက်ပင်ရင်းမှာ၊ ကင်းကို ဘယ်ကထားသလဲတော်၊ ညိုနွဲ့ငယ် မှ ကြော့ရှင်း၊ မောင်ကလေးငဲ့၊ မောင့်လည်ပင်းမှာ၊ ညှင်းကို ဘယ်ကပွားသလဲတော်
ဟူ၍ အိုင်ချင်းစာဆို တောင်တွင်းရှင်ငြိမ်းမယ်က လယ်ယာအရေးနှင့် အချစ်ရေးကို သမပြီး လှလှပပ စာဖွဲ့ခဲ့ပါသေးသည်။ ကောက်စိုက်ရာတွင် ကောက်ငန်းဖြောင့်စေရန် ရှေ့ဆောင်စိုက်ရသည့် ' ကင်း ' နှင့် ရှေးက အလေ့တစ်ခုဖြစ်သည့် ချစ်သူချင်း ပွားယူသည့် ' ညှင်း ' ကို ယှဉ်ကာတွဲကာ အရေးတယူ ဖွဲ့ကြခြင်းပင်။
ကုန်းဘောင်ခေတ် လွမ်းချင်းစာဆို ဦးကြီးကမူ လယ်သမား ဇနီးမောင်နှံ၏ ချမ်းမြေ့သော ဘဝကို ဇနီးသည်က ပြန်ပြော နေဟန်ဖြင့် ပုံဖော်ရေးဖွဲ့သည်။
' မင်ကော်ရစ်ကယ်နှင့်၊ ကြင်သစ်တဲ့ပျို့လူ၊
ထွန်ရေးငယ်ပူ၊ ကိုတောင်သူ နံနက်စော၊
ကြက်ရေးပြင်ဆင်လို့၊ ထွန်နှင်မောင်းတဲ့ ဖေကိုလေး '
ဟူ၍ ဂုဏ်တင်ပြောပြဟန်ဖြင့် စလိုက်သည်။ ခါးတောင်းကျိုက် ကျားကျားနှင့် ယောကျာ်းပီသလှသော ကြင်သစ်စ ပျို့လူသည် ကော်ရစ်ခေါ်မင်ကြောင်များနှင့် သားနားတင့်တယ်နေပုံ၊ နံနက်စောစော ကြက်တွန်သံကြားစဉ်ကပင် လုပ်ငန်းခွင်အတွက် ပြင်ဆင်ပြီး ထွန်ရေးငင်နေပုံတို့ကို ပြောပြသည်။ ထိုမျှ လုံ့လဝီရိယရှိသော ခင်ပွန်းကို လယ်ထွန်ပြန်လျှင် မြိန်မြိန်ယှက်ယှက် စားရန်အတွက် ဂုံညိုရွက်နှင့် ယုန်ဖိုသားကို ရောချက်ထားပုံ၊ တောပြည့်စင်သီးနှင့် လယ်ကန်စွန်းကိုလည်း အချဉ်ချက်ထားပုံ၊ ' လှော်ပြီးကင် ပုစွန်ထောင်း ' ကလေးလည်း ပါသေးပုံတို့ကို ပြောပြပြီး မြိန်မြိန်ယှက်ယှက် စားရပါစေ့မည်ဟူ၍ အာမခံလိုက်ပုံမှာ ရိုးရိုးကလေးနှင့် ချစ်စရာကောင်းလှပါသည်။ ခင်ပွန်းသည်၏ ဂုဏ်၏ တစ်ဖက်ကပြရင်း ခင်ပွန်းသည် ဖွယ်ဖွယ်ရာရာ စားရအောင် အိမ်ရှင်မအနေနှင့် အားထုတ်ထားပုံကို တစ်ဖက်က ပြထားသည်မှာ ပုံပေါ်ပါသည်။
လယ်သမား ယာသမားဘဝကို အနီးကပ်လေ့လာပြီး လုပ်ငန်းခွင်အမူအရာ၊ မိသားစုအမူအရာကို စာနာနားလည်စွာ ပုံဖော်ပြသော အဖွဲ့များဟု ဆိုရပါလိမ့်မည်။
[ ၄ ]
အချို့စာဆိုများကား လယ်သမား၊ ယာသမားတို့ ဘဝသွင်ပြင်များကိုသာမက အတွင်းစိတ်ကိုပါ ထိုးထွင်းရှုမြင်ပြီး စိတ်အလှ စေတနာအလှကို ဖော်ထုတ်ရေးဖွဲ့ပြတတ်ကြပါသည်။
တို့နန္ဒါလယ်တော်တိုက်မအေ့၊
ညည်းစိုက်တဲ့ ကောက်သွယ်ငယ်
မှန်း ဘယ်မျှကြီး။
ဟော ... ကြည့်စမ်းမွန်
တစ်နှံကို ဆယ်ပြည်ထွက်တယ်
ဖြိုးအက်လို့ သီး။
ဦးစီ၏ ဗုံကြီးသံမှ ကောက်စိုက်မကလေးများ အချီအချ ပြောသံကို နားဆင်ကြည့်ပါ။ ဖွံ့ထွားလှသော ကောက်နှံများကို ကြည့်ရင်း အားရဂုဏ်ယူနေသည့် အသံပေါ်လာသည် မဟုတ်ပါလော။ မိမိလုပ်အား၏ အသီးအပွင်အတွက် ဂုဏ်ယူတန်ဖိုးထား တတ်သည့် စိတ်ထားသည်လည်း ပေါ်လွင်နေသည် မဟုတ်ပါလော။
နေပူမိုးရွာမရှောင် ပင်ပန်းကြီးစွာ တစ်နေကုန် ကောက်စိုက်ရသည့် လုပ်ငန်းအတွက် ပင်ပန်းသည်မထင်ဘဲ စိတ်ဖြေဖျော်မှု ရစေရန် ရည်ရွယ်၍ ကောက်စိုက်သီချင်းများ၊ ဗုံကြီးသံများ ပေါ်ပေါက်လာရသည်။ သူတို့ခမျာ
ချစ်ပါတဲ့ ကြိုက်ပါ
လူပျိုတွေ လယ်ကန်သင်းက၊ ပျင်းနေ့တိုင်းလာ
မချစ်သာလို့ နေပါသေးတယ်
မကြိုက်သာလို့ နေပါသေးတယ်
နှမလေး ကိုယ်မအား၊ ရဲစားနှင့်လေး
ဟူ၍ အချင်းချင်း နောက်ပြောင်ကျီစယ် နေကြချိန်တွင် ပေါ့ပေါ့ပါးပါး ရှိသော်လည်း
လုပ်ရတယ်တဲ့ ကိုင်ရတယ်
မောင်ကြီး ထွန်ကိုဖြုတ်လျှင် ပျိုးနှုတ်ရတယ်။
လုပ်ငန်းရယ်တဲ့ မတွင်သာ
နွားပြာပိန်ချိုလိမ့်ကော့က၊ အားပျော့လို့ဗျာ
ဟူ၍ သူတို့၏ ဘဝအခြေအနေကိုလည်း အလေးအနက် ရင်ဖွင့်မိရှာပါသေးသည်။ ချဉ်ပေါင်းဟင်းနှင့် ထမင်းညံ့ညံ့ကို အားတင်းမျိုရပုံ၊ ' ထွာနံငယ် ခမောက်စုတ် ' နှင့် ဖြစ်သလိုနေရပုံ၊ မိုးမရွာ၍ ခနွှဲနှင့် အပန်းတကြီး ရေတင်နေရပုံ၊ ထိုမျှ ပင်ပန်းသော်လည်း စပါးအောင်လျှင် မယ်နှင့်မောင် အလှူပေးရန် ရည်ရွယ်ထားသဖြင့် ' မိုးကူပါ့လေး ' ဟု ဆုတောင်းမိပုံတို့ကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြရှာသည်။ ပင်ပန်းဆင်းရဲလှသည့် ဘဝကို ခံနိုင်ရည်ရှိစွာ ရယ်ရယ်မောမော ပြောပြနိုင်စွမ်းရှိသည့် စိတ်ထားကား လေးစားဖွယ်ပါပေ။ မိမိတို့၏ ဆင်းရဲလှသောဘဝကို အကောင်းဘက်ကကြည့်ပြီး ရယ်ရယ်မောမော ပြောနိုင်စွမ်းရှိသူများတွင် အောင်ပင်လယ်ရွာ ကောက်စိုက်မကလေးများကား စံပြုဖွယ်ပင်။ သူတို့၏ ဘဝကို ' ဟန်ချင်း ' ကလေးဖြင့် တစေ့တစောင်း လှစ်ပြကြ ရှာသည်။
သူတို့ခမျာသနပ်ခါးကိုပင် ဝယ်မလိမ်းနိုင်ရှာကြ။ လှည်းစာခေါက် (လှည်းဘီးမမြည်အောင် အစားထိုးရသော လှည်းစာပင် အခေါက်)ကို သနပ်ခါးအစား သွေးလိမ်းရသည်။ သူတို့ဝတ်ထားသည့် လက်ကောက်၊ လက်စွမ်းများကကော ' ပန်းထိမ်လက်ခ မပေးရသည့် ' ထန်းပင်ကြီးကဖြစ်သည့်ရွှေ ' များသာဖြစ်သည်။ ထန်းရွက်များကို လက်ကောက်လုပ်ဝတ်ရသည့် ဘဝကို ပန်းထိမ် လက်ခပင် သက်သာသေး ' ဟု ရယ်သွမ်းသွေးနိုင်ကြသည်။ ဆူးပန်းကုံးတွေကို ဘယက်လုပ်ဆွဲသည်။ ပေရွက်လိပ်ကို နားပေါက်ထဲ ထည့်ပြီး နားတောင်းပန်သည်။ " တို့အောင်ပင်လယ် ရွာသူတွေ တယ်ယဉ်ကျေးပါကလား " ဟုပင် ဟာသနှောလိုက်သေးသည်။
သူတို့အဝတ်အစားကို ကြည့်ပါဦး၊ ယက်ကန်းစင်တွင် တိုင်ချည်ငါးရာရှိမှ ပုံမှန်ဖြစ်သည်။ သူတို့ထမီက တိုင်ချည် လေးရာ့နှစ်ဆယ်တည်းနှင့် ရက်သောအနံတို ထဘီဖြစ်သည်။ အင်္ကျီက သစ်ခေါက်ဆိုး ဖျင်အင်္ကျီ။ အဖာဗရပျစ်နှင့်။ ဤသည်ကို ' ချုပ်ရိုးတွေ သီတတန်းမှာလည်း သန်းကိုက်လို့မယား ' ဟု အကောင်းဘက်က လှည့်တွေးသည်။
ဗျာပါဆံကလေးများ တခါခါနှင့် သူတို့ကနေကြပုံကို ' ကျွဲခတ်သည့်ဟန် ' ဟု ဟာသနှောလိုက်သေးသည်။ သူတို့ဟန်ချင်း ဆို၍ကနေစဉ် လာပြီးပိုးပန်းသူကို တွေ့သောအခါတွင်လည်း
ပုံးဖာမှောက်ဆင်
တို့လှတုန်းကို မြင်ပတဲ့အောင်
ငါးမျိုးဆင် ပဝါပြောက်မှာ
အဖာတွေ တစ်ရာလောက်ကို
ဟော မြှောက်လိုပြစမ်း
ဟူ၍ ဆိုလိုက်ကြသည်။ အိတ်သွန်ဖာမှောက် အလှပြင်လာသော သူတို့၏အလှကို ထိုသူမြင်သွားအောင် အဆင်ငါးမျိုး စပ်ချုပ်ထားသော အဖာတစ်ရာလောက်ပါသည့် စပ်ပဝါကလေးကို မြှောက်ပြနေပုံမှာ သနားစရာလည်းကောင်း၊ ရွှင်မြူးစရာလည်း ကောင်းလှပါသည်။
မိမိတို့ ထိုမျှဆင်းရဲသော်လည်း ဆင်းရဲလှပါကလားဟု ညည်းညူမနေဘဲ အကောင်းဘက်က လှည့်တွေးကာ ဆင်းရဲမှုကိုပင် ရယ်သွမ်းသွေးနိုင်စွမ်း ရှိသည်။ စိတ်အလှကို လင်းခနဲ လက်ခနဲ ပြနေသကဲ့သို့ ရှိပါသည်။
[ ၅ ]
လယ်ယာဘဝ။
လယ်သမား ယာသမားဘဝ။
ထိုဘဝကို စာဆိုအချို့က ခပ်လှမ်းလှမ်းက ကြည့်ပြီးပုံဖော်သည်။ စာဆိုအချို့က အနီးကပ်ကြည့်ပြီး အနုစိတ်မှုန်းသည်။ စာဆိုအချို့က ရုပ်ဆင်းသွင်ပြင် ကိုသာမက စိတ်စေတနာကိုပါ ထိုးထွင်းကြည့်ပြီး စိတ်အလှကို လှစ်ပြသည်။
မည်သို့ရေးဖွဲ့သည်ပင် ဖြစ်စေ။
ထိုစာဆိုအားလုံးတွင် တူညီသော အချက်တစ်ချက်ရှိသည်။ ယင်းကား လယ်သမား ယာသမား အကြောင်းကို လေးလေး စားစား အရေးတယူ ရေးဖွဲ့ခြင်းပင်ဖြစ်သည်။
ဤသို့လျှင် ' ပြည့်စည်းစိမ်အမြစ် ' ဖြစ်သော လယ်ယာဘွဲ့ကဗျာများသည် မြန်မာစာပေ ခရီးတစ်လျှောက်တွင် အင်နှင့် အားနှင့် ပေါ်ထွန်းခဲ့သည့်နည်းတူ ဆက်လက်၍လည်း အင်နှင့်အားနှင့် ပေါ်ထွန်းပြီး တင့်တင့်တယ်တယ် နေရာယူနေမည်သာ။
ငွေတာရီမဂ္ဂဇင်း ၊
အမှတ် ၃၁၉ ၊ မတ် ၊ ၁၉၈၆ ။
0
responses to “
လယ်ယာတစ်ခွင်မှာ
”