ပန်း​ချီကား​က​လေး​ သုံး​ချပ်

ပန်း​ချီကား​က​လေး​ သုံး​ချပ်
[၁]
ထူး​ခြား​သည်ဟု ဆိုရမည်လား​ မသိပါ။
သ​ဘောချင်း​တူပြီး​ အဆင်အ​သွေး​ အနုအရင့်​သာ ကွာခြား​သော ပန်း​ချီကား​က​လေး​ သုံး​ချပ်ကို ​နေရာတစ်ခုတည်း​တွင် လာ​တွေ့​နေရသည်။ ထို့​ပန်း​ချီကား​က​လေး​ သုံး​ချပ်ကို ​နေရာတစ်​နေရာတည်း​တွင် လာ​တွေ့​နေရသည်။ ထိုပန်း​ချီကား​က​လေး​ များ​သည် ပြံုး​စရာ သနား​စရာ ကြည်နူး​စရာ ဖြစ်ရပ်က​လေး​များ​ကို ​နောက်ခံပြုလျက် လူ့​စရိုက် လူ့​သ​ဘောကို တစ်​စေ့​တစ်​စောင်း​ လှစ်ပြ​နေ​သော ပန်း​ချီကား​က​လေး​များ​ ဖြစ်ပါသည်။ ​တွေ့​ရသည့်​ ​နေရာက​တော့​ ကျွန်​တော် အလွန်သ​ဘောကျပြီး​ အကြိမ်ကြိမ် အထပ်ထပ် ဖတ်ရ​သော ' ရာဇာဓိရာဇ် အ​ရေး​တော်ပုံကျမ်း​ ' ပင်ဖြစ်ပါသည်။

[၂]
ပထမပန်း​ချီကား​တွင် ပါဝင်သူက နှစ်ဦး​သာဖြစ်သည်။ တစ်ဦး​က ' ဆင်ဖြူရှင် ဗညား​ဦး​ ' ဟု အများ​သိကြ​သော ဟံသာဝတီ ဘုရင်မင်း​မြတ်။ ​နောက်တစ်ဦး​က ဘုရင်မင်း​မြတ်၏ ဆင်​တော်ကို ကြီး​ကြပ်ကွပ်ကဲရ​သော ' ဆင်ကဲ ' က​လေး​ဖြစ်သည်။ သူတို့​နှစ်ဦး​၏ ​နောက်ခံဖြစ်ရပ်က​လေး​က စိတ်ဝင်စား​ဖွယ်​ကောင်း​သည်။ တစ်ခါတွင် ဆင်ဖြူရှင် ဗညား​ဦး​သည် ရန်သူနှင့်​ ရုတ်တရက် ကြံုသည့်​အတွက် ဆင်မယဉ်သာကို စီး​ပြီး​ အမြန်​ရှောင်ထွက်ရသည်။ ​နောက်လိုက်​နောက်ပါများ​က ဘုရင်ကိုမိ​အောင် မလိုက်နိုင်။ ဆင်ကဲတစ်​ယောက်သာ လိုက်၍မီသည်။ ထိုစဉ် ဆင်မယဉ်သာသည် ရွှံ့​ညွန်ထဲ ကျွံနစ်သွား​တော့​သည်။ ဆက်သွား​၍မရ​တော့​။ ထို့​ကြောင့်​ ဆင်ကဲက ရှင်ဘုရင်ကို ​ကျောပိုး​ပြီး​ ​ခေါ်ခဲ့​ရသည်။ ဤဖြစ်ရပ်ကို ဝန်ကြီး​ဗညား​ဒကလ ရာဇာဓိရာဇ် အ​ရေး​တော်ပုံတွင် ဤသို့​ သရုပ်​ဖော်​ရေး​ဖွဲ့​သည်။
​ချောင်း​ငယ်တစ်ခုအကူး​တွင် ဆင်မ ညွန်ကျွံခဲ့​လေ​သော​ကြောင့်​ ဆင်ဖြူရှင်ကို ဆင်ကဲ​ကျောက်တွင် ကုန်း​ပိုး​လျက် နုသနာရံ ​တောသို့​ဝင်လာခဲ့​၏။ ဆင်ဖြူရှင်လည်း​ ထို​တောတွင် မြင်တိုင်း​သော သစ်သီး​သစ်ပွင့်​ကို ပဇာသစ်သီး​ သစ်ပွင့်​တို့​နည်း​ဟု ​မေး​၏။ ဆင်ကဲလည်း​ မည်သည့်​သစ်သီး​ မည်သည့်​သစ်ပွင့်​ဟု ​လျှောက်၏။ ​မေး​ဖန်များ​လတ်​သော် ဆင်ကဲပင်ပန်း​ နွမ်း​နယ်လှ​ပေပြီ ဖြစ်​သော​ကြောင့်​ အမျက်ဝင်သဖြင့်​ နှမလင်သည် ငါ့​ကျောက်တွင် စီး​လျက် မ​မေး​ရာသည်ကို ​မေး​လေသည်။ ငါဆိုခြင်း​ငှာ မနိုင်ပြီ။ စီး​သောဆင်မ ညွန်တွင်ကျွံခဲ့​သော​ကြောင့်​ ​ကျောက်ဖြင့်​ပိုး​လျက် ငါ​ပြေး​လေသဖြင့်​ ရန်သူ့​လက်မှထွက်လွတ်ခဲ့​သည်ဟု အမျက်နှင့်​ဆို၏။
အဘယ်မျှ ပြံုး​စရာ​ကောင်း​သော သရုပ်​ဖော်ကွက် က​လေး​ပါနည်း​။ ဆင်ကဲက ဘုရင်ကို ​ကျောပိုး​ပြီး​ ရန်သူ့​လက်မှ လွတ်​အောင်​ပြေး​ရသည်။ ​ကျော​ပေါ်က လိုက်ရ​သော ဘုရင်က မပင်ပန်း​။ မျက်စိလည်း​ အား​နေသည်။ လမ်း​မှာ မြင်မြင်သမျှ သစ်သီး​တွေ သစ်ပွင့်​တွေကို ' ဘာသီး​လဲ ဘာပွင့်​လဲ ' ဟု သိချင်သည်။
ထို့​ကြောင့်​ ဆင်ကဲကို မြင်မြင်သမျှ ​လျှောက်​မေး​သည်။ ပထမ​တော့​ ဆင်ကဲက ဘာသီး​ဘာပွင့်​ဟူ၍ စိတ်ရှည်လက်ရှည် ​ဖြေ​သေး​သည်။ ​နောက်ပိုင်း​ကျ​တော့​ ဆင်ကဲ စိတ်မရှည်ချင်​တော့​။ လူတစ်​ယောက်လုံး​ ​ကျောပိုး​ထား​၍ ​မောရသည့်​အထဲ ​မေး​သမျှ
​မေး​သမျှ ​ဖြေ​နေရ၍ ​ဒေါသထွက်သွား​သည်။ ထို့​ကြောင့်​ ဘုရင်ကို ပြန်ဆဲမိ​တော့​သည်။ ယခု​ခေတ်စကား​နှင့်​ ​ပြောသည်ဆိုလျှင် " နှမ လင်ကြီး​ရေ၊​ ​ကျောကုန်း​ပေါ်က​နေပြီး​ ​တွေ့​ကရာ​မေး​မ​နေနဲ့​။ မ​ဖြေနိုင်​တော့​ဘူး​။ စီး​တော်ဆင် ရွှံ့​ညွန်ထဲ ကျွံ​နေတာကို ကျုပ်က ခင်ဗျား​ကို ကုန်း​ပိုး​ပြေး​လို့​ ရန်သူ့​လက်က လွတ်တာဗျ " ဟူ​သော သ​ဘောမျိုး​ ဖြစ်ပါလိမ့်​မည်။
​နောက်လိုက် ​နောက်ပါများ​နှင့်​ ပြန်ဆုံမိပြီး​ ရန်သူ့​နယ်မှ လွတ်​မြောက်လာပြီး​နောက် ဆင်ဖြူရှင်ဗညား​ဦး​နှင့်​ နှမ​တော် မာယာ​ဒေဝီတို့​ ပြန်​တွေ့​ကြပြီး​ ​မောင်နှမနှစ်​ယောက် ဖက်ငိုကြသည်။ ဗညား​ဦး​က မှူး​မတ်အမှုထမ်း​များ​ကို စည်း​စိမ်မြို့​ပြများ​ ချီး​မြှင့်​ သည်။ အဆဲ​ကောင်း​သော ဆင်ကဲကိုမူ ဘာမျှမ​ပေး​။ တစ်​ယောက်တည်း​ ချန်ထား​သည်။ ဘာ​ကြောင့်​ မချီး​မြှင့်​သနည်း​ဟု မဟာ​ဒေဝီက ​မေး​သောအခါ ဗညား​ဦး​က ဤသို့​ဖြေသည်။
သင့်​ကျေး​ဇူး​သည် အထူး​ရှိ​လေ၏။ သို့​သော်လည်း​ နှမနှင့်​ငါ အဆမ​လျော်စွာဘဲကို အရှက်ကွဲ​အောင် ဆိုဖူး​လေသည်။ သင့်​ အသက်ကိုမမျက် လွှတ်သည်လည်း​ သင့်​ကျေး​ဇူး​ကို ဆပ်သည်မည်​တော့​သည်။
ဘုရင်ကို နှမနှင့်​ ကိုင်ဆဲမိ​သော ဆင်ကဲကို အသက်ချမ်း​သာ​ပေး​ခြင်း​ သည်ပင်လျှင် ​ကျေး​ဇူး​ဆပ်ခြင်း​မည်​ကြောင်း​ ဗညား​ဦး​ က ပြန်​ပြောခြင်း​ဖြစ်သည်။ ဆင်ကဲခမျာ အဆဲ​ကောင်း​မိသည့်​အတွက် အသက်​ဘေး​မှ သီသီက​လေး​ လွတ်ခဲ့​ရသည်။
ပင်ပန်း​နေစဉ် ​မေး​သမျှ ​ဖြေ​နေရသည့်​အတွက် ရုတ်တရက်​ဒေါသထွက်ပြီး​ ထဆဲမိ​သော ဆင်ကဲ၏ သ​ဘောစရိုက်ကို စုတ်ချက်က​လေး​ တစ်ချက်​ကောင်း​ နှစ်ချက်​ကောင်း​ တို့​လိုက်သလို လှစ်ခနဲ ပုံ​ဖော်ပြသည့်​ ဤပန်း​ချီကား​ချပ်က​လေး​ကို နှစ်သက် မိပါသည်။

[၃]
ဒုတိယ ပန်း​ချီကား​က​တော့​ အများ​ကြား​ဖူး​နေသည့်​ ' ဆင်ကဲဘိုး​မယ် ' ပန်း​ချီကား​ဖြစ်ပါသည်။ အင်း​ဝဘုရင်မင်း​ခေါင်နှင့်​ ဟံသာဝတီဘုရင် ရာဇာဓိရာဇ်တို့​ အင်အား​ပြိုင်ကြစဉ် မင်း​ခေါင်၏ မိဖုရား​ဘိုး​မယ်သည် တစ်ခါတွင် ဆင်​ပေါ်မှ ကျကျန်ခဲ့​သည်။ ​နောက်ကမီလာ​သော ဆင်ကဲက ဘိုး​မယ်ကို ဆင်နှင့်​တင်၍ ​ခေါ်သည်။ ဆင်ကဲနှင့်​ ဆင်ဦး​စီး​တို့​က တစ်လမ်း​လုံး​ ​စောင့်​ရှောက်ပြီး​ မိဖုရား​ကို ​ခေါ်ခဲ့​ခြင်း​ဖြစ်သည်။
​ချောင်း​အကူး​တွင် ဆက်ခက်ကြိုး​ပြတ်၍ ကလည်လျှင် ဆင်ကကျ၍ရှိတွင် ဆင်ကဲ​ရောက်မလာသည်ကို မြင်၍ ကျွန်​တော်မ ​ခေါ်​ပေသည်။ ကြား​လျှင် ဆင်ကဲနှင့်​ ဦး​စီး​တို့​ ချဉ်း​ပြီး​လျှင် ကုန်း​လည်စီး​ကို သက်​စေ၍ ဆင်ကတွင် တင်ခဲ့​ပါသည်။ ညအိပ်​သောအခါ သစ်ပင်ထက်တွင် လင့်​ဖွဲ့​၍ အိပ်​စေသည်။ ဆင်ကဲမူကား​ ဆင်ဦး​တွင်အိပ်သည်။ ထမင်း​သုံး​နပ်မစား​ရ။ မြန်မာအရပ်သို့​ ​ရောက်မှစား​ရ သည်။ မြင်း​တွေ့​လျှင်လည်း​ ဆင်ကဲမြင်း​စီး​သည်။ ရွာသို့​ရောက်လျှင်လည်း​ အိမ်ထက်မှာ အိပ်ရ​ပေသည်။ ဆင်ကဲနှင့်​ဦး​စီး​ ​မြေမှာ အိပ် ​ပေသည်။ ခရီး​အကြား​ အရက်နှစ်ဆယ်မှ သည်သို့​ရောက်သည်။
​နေပြည်​တော်ပြန်​ရောက်ပြီး​ မိဖုရား​ဘိုး​မယ်က ဘုရင်မင်း​ခေါင်ကို ​လျှောက်ထား​သော စကား​ဖြစ်သည်။ ဆင်ကဲနှင့်​ ဆင်ဦး​စီး​တို့​ကလည်း​ ထိုအတိုင်း​ပင် ​လျှောက်သည်။ သုံး​ဦး​စကား​ညီ၍ ဘုရင်မင်း​ခေါင် ​ကျေနပ်သွား​သည်။ ဆင်ကဲနှင့်​ ဆင်ဦး​စီး​တို့​ကို ဆု​တော်များ​စွာ​ပေး​သည်။
သို့​သော် ဘုရင်မင်း​ခေါင်စိတ်ထဲမှာ သင်္ကာမကင်း​ဖြစ်ပြန်သည့်​အတွက် ဆင်ကဲကို ထပ်​မေး​ပြန်သည်။ ဆင်ကဲကလည်း​ လမ်း​မှာ မိဖုရား​ကို ကယ်ရ​တော့​မည်ဟု သိသိချင်း​ ' ယခု​နေ့​ကသည် ငါ​သေ​ဘေး​ရောက်​တော့​သည်၊​ မင်း​မှတ်ပါ ' ဟု ဆင်ဦး​စီး​ကို ​ပြောမိ​ကြောင်း​၊​ အ​ကြောင်း​မူ မိဖုရား​ကို မိမိ​ခေါ်မလာဘဲ ထား​ခဲ့​လျှင် ရန်သူမင်း​က ရသွား​မည်ဖြစ်​ကြောင်း​၊​ မင်း​နှစ်ပါး​ အဆင်​ပြေသွား​ ၍ မိဖုရား​ပြန်​ရောက်လာလျှင် မိမိက မိဖုရား​ကို မ​ခေါ်ဘဲထား​ခဲ့​ကြောင်း​ ဘုရင်သိသွား​ရာက မိမိနှင့်​တကွ ​ဆွေမျိုး​များ​ အသတ်ခံရမည် ဖြစ်​ကြောင်း​၊​ ယခုကဲ့​သို့​ မိမိက မိဖုရား​ကို ​ခေါ်လာ​သောအခါတွင် ဘုရင်က သင်္ကာမကင်း​ဖြစ်လျှင် မိမိတစ်​ယောက်သာ ​သေရမည် ဖြစ်​ကြောင်း​၊​ ထို့​ကြောင့်​ မိမိ​သေ​ဘေး​ရောက်သည်ဟု ဆင်ဦး​စီး​ကို ​ပြောခဲ့​ကြောင်း​ ​လျှောက်ထား​သည်။ ဘုရင်မင်း​ခေါင် ​ကျေနပ်သွား​ ပြန်ပြီး​ " မင်း​ဆိုသည့်​ အ​ရေး​ဟုတ်လှ​ပေ၏။ အမှူး​အမတ် ပြီ​ပေ၏ " ဟုဆိုကာ လက်စွပ်ချွတ်၍ပင် ဆု​ပေး​ပြန်​သေး​သည်။ ထို့​နောက် မည်သို့​ ဖြစ်ပြန်ပါသနည်း​။ ရာဇာဓိရာဇ် အ​ရေး​တော်ပုံတွင် ဤသို့​တွေ့​ရပါသည်။
​နေ့​ရက်ရှည်လတ်​သော် မိဖုရား​ကို ချစ်မြတ်နိုး​သော​ကြောင့်​ ဆင်ကဲကိုမြင်တိုင်း​ နှလုံး​မ​ပြေ၊​ တုန်တုန်ဟိုက်ဟိုက် ရှိ​တော် မူ၏။ ​နောက်မိဖုရား​နှင့်​အတူ ​နေ​တော်မူစဉ် မိဖုရား​လက်၌ ကွမ်း​ခွက်လက်လွတ်၍ ကျ​လေသည်ကို ' အိုဆင်ကဲ ' ဟု လန့်​မိန့်​ကြား​တော်မူ​သော် ဆင်ကဲနှင့်​ ချစ်ခင်ဆက်ဆံ ဖူး​သော​ကြောင့်​သာတည်း​။ အမည်ကိုထုတ်၍ လန့်​တုံ့​၏ရှင့်​ ဟုဆို၍ ဆင်ကဲကို သတ်​လေ၏။
သနား​ဖွယ်၊​ ​ကြေကွဲဖွယ် သရုပ်​ဖော်ကွက်က​လေး​ ဖြစ်ပါသည်။ ဘုရင်က သံသယဝင်​နေရသည့်​ အထဲတွင် မိဖုရား​ကပါ ​ယောင်မိမှား​သည့်​အတွက် ' အို ဆင်ကဲ ' ဆို​သော စကား​က​လေး​ တစ်ခွန်း​ကြောင့်​ ဆင်ကဲခမျာ ဘဝဆုံး​ရရှာသည်။ ဤဆင်ကဲ ဘိုး​မယ် ပန်း​ချီကား​ချပ်က​လေး​ကို မြင်​ယောင်မိတိုင်း​ သနား​ရ၊​ ​ကြေကွဲရသည်နှင့်​အမျှ ပန်း​ချီကား​က​လေး​ကို နှစ်သက်မှုလည်း​ ဖြစ်ရပါသည်။

[၄]
တတိယပန်း​ချီကား​မှာ ' ဆင်လိမ္မာ ' ဗကမတ်နှင့်​ ဆင်ဦး​စီး​ပျံတို့​ကို ပုံ​ဖော်ထား​သော ပန်း​ချီကား​ဖြစ်သည်။ ဗကမတ်သည် ရာဇဓိရာဇ်တပ်မှ ဆင်လိမ္မာဖြစ်သည်။ တစ်ခါတွင် ဗကမတ်သည် ရန်သူ မင်း​ရဲ​ကျော်စွာတို့​လက်ထဲ ကျ​ရောက်သွား​သည်။ ဗကမတ်ကို ရန်သူတို့​ မသုံး​နိုင်​အောင်၊​ ဗကမတ် မလှုပ်ရှား​နိုင်​စေရန်အတွက် ဆင်ဖိနပ်​ခြေနှစ်ဖက်ကို မယ်န(သံချွန်)နှင့်​ နှက်ပြီး​ ဖျက်ဆီး​ထား​ရန် ရာဇာဓိရာဇ်က ဗကမတ်၏ ဦး​စီး​ငပျံကို တိတဆိတ် ​စေလွှတ်သည်။ ငပျံက ဗကမတ်ကို ​ကျွေး​ဖို့​ ကြံသုံး​ချောင်း​ ယူသွား​သည်။ ဗကမတ်နှင့်​ ငပျံတို့​ ​တွေ့​ဆုံခန်း​ကို ရာဇာဓိရာဇ် အ​ရေး​တော်ပုံတွင် ဤသို့​တွေ့​ရပါသည်။
ဗကမတ်ချည်သည့်​ တင်း​ကုပ်သို့​ ဝင်​လေ​သော် ဗကမတ်​လေနံ့​ယူ၍ လိုက်သည်တွင် အထိန်း​ဟောင်း​ အနံ့​ကို သိ၍ နား​မခတ်ဘဲ​နေ၏။ ငပျံလည်း​ ကြံသုံး​ချောင်း​ကို ဗကမတ်သို့​ပေး​၏။ ယင်း​သို့​မှ ငပျံဆိုသည်။ " ယခု ငါ​ရောက်လာသည့်​ အ​ကြောင်း​သည် မင်း​ဖိနပ်ကို မယ်နနှက်​ချေဟု ဘုရင်ရာဇာဓိရာဇ် ​စေ​တော်မူ၍ ​ရောက်သည်။ ယခုမင့်​ကို ငါမြင်လျှင် မှာ​တော်မူတိုင်း​ ငါမပြုနိုင်ပြီ။ မင်း​သည် ငါနှင့်​မင်း​ညီနှစ်​ယောက် မင်း​အမိတို့​ကို ချစ်လျှင် နက်ဖြန်ပြန်လာလို့​ ထွက်၍ တိုက်မည်ပြု​သောအခါ မင်း​ကို ကကြိုး​တန်ဆာတင်လျှင် အတင်မခံဘဲ တပ်တွင်း​မှာ ဆင်မြင်း​လူသူတို့​ကို လိုက်လံ​ဝှေ့​ဖျက်၍ ငါတို့​တပ်သို့​ လာခဲ့​ပါ။ မင်း​လာမှ ငါတို့​ အသက်ချမ်း​သာမည် " ဟု ငပျံဆိုလျှင် ဗကမတ် လည်ညိတ်၏။ မျက်ရည်လည်း​ယို၏။
မျက်ရည်ဝဲ​လောက်​အောင် ကြည်နူး​စရာ​ကောင်း​သော သရုပ်​ဖော်ကွက်က​လေး​ဖြစ်ပါသည်။ ဆင်လိမ္မာနှင့်​ ဆင်ဦး​စီး​တို့​၏ အတုံ့​အပြန် ​မေတ္တာသ​ဘောကို ​ဖော်ကျူး​နေ​သော ပန်း​ချီကား​က​လေး​ပါ​ပေ။ ငပျံ့​က သူ့​ဆင်ကို အလွန်ချစ်သည်။ ဆင်ဖိနပ်ကို မယ်န နှက်ပြီး​ ဖျက်ဆီး​ရမည့်​ အလုပ်ကိုမလုပ်ရက်။ သူ့​ဆင်နာမှာစိုး​သည်။ ထို့​ကြောင့်​ ညီငယ်တစ်​ယောက်ကို ​ပြောသလို​ပြောပြီး​ မှာသည်။ ဗကမတ်ကလည်း​ လိမ္မာလှသည်။ သူ့​ဦး​စီး​ပြောသည်ကို နား​လည်သည်။ ​ခေါင်း​ညိတ်ပြသည်။ မျက်ရည်လည်း​ကျသည်။ ငပျံက ရာဇာဓိရာဇ်၏ အလိုကို ဆန့်​ကျင်ပြီး​ ဤသို့​ပြုလုပ်ရခြင်း​ဖြစ်၍ အသက်​ဘေး​နှင့်​နီး​လှသည်။ ရာဇာဓိရာဇ်ကလည်း​ ဆင်ဖိနပ်ကို မဖျက်​ကောင်း​လား​ဟု စိတ်ဆိုး​ကာ ငပျံ၏ပါး​ကို ပုတ်သည်။ " နင်သည် အမိန့်​တော်အတိုင်း​ တည်​သော် ငါသူ​ကောင်း​ပြုမည် ကြံသည်။ နင့်​ဆင်သည် နင်ဆိုတိုင်း​ မလာလျှင် နင့်​ကို သား​မယား​နှင့်​တကွ မီး​တိုက်မည် " ဟုကြိမ်း​ဝါး​သည်။ သို့​သော် ငပျံအသက်စွန့်​ စီမံရကျိုး​ နပ်ပါသည်။ ဗကမတ်သည် ငပျံမှာသည့်​အတိုင်း​ မင်း​ရဲ​ကျော်စွာ တပ်ထဲမှာ ဆင်မြင်း​လူသူများ​ကို ​ဝှေ့​နင်း​ဖျက်ဆီး​ခဲ့​သော​ကြောင့်​ ဖြစ်သည်။ ဤပန်း​ချီကား​က​လေး​ကို မြင်​ယောင်မိ​သောအခါတွင် လူနှင့်​ဆင်တို့​ ညီအစ်ကိုရင်း​တမျှ ချစ်ကြပုံ၊​ အပြန်အလှန် ​ထောက်ထား​စာနာကြပုံတို့​ကို ကြည်နူး​စွာ ခံစား​ရပါသည်။
ထူး​ခြား​သည်ဟု ဆိုရမည်လား​မသိပါ။
ပန်း​ချီကား​က​လေး​ သုံး​ချပ်ဟူ၍ တင်စား​ဖော်ပြခဲ့​သော ဤအဖွဲ့​က​လေး​ သုံး​ခုစလုံး​သည် တိုက်တိုက်ဆိုင်ဆိုင်နှင့်​ ပတ်သက်သည့်​ အဖွဲ့​က​လေး​များ​ ဖြစ်​နေပါသည်။ ဆင်၊​ မြင်း​၊​ ​ခြေသည်၊​ ရထား​ဟူ​သော စစ်အင်္ဂါ​လေး​ပါး​တွင် အ​ရေး​ပါ​သော အင်္ဂါ တစ်ပါး​အဖြစ် ဆင်ကို အသုံး​ပြု​နေသည့်​ ထို​ခေတ်ထိုအခါတွင် ဆင်နှင့်​ပတ်သက်​နေ​သော အဖွဲ့​က​လေး​များ​ကို ​တွေ့​နေရသည်မှာ သဘာဝကျပါသည်။
ပြခဲ့​သော ပန်း​ချီကား​က​လေး​ သုံး​ချပ်တွင် ပထမ ပန်း​ချီကား​မှာ တစ်ချက်​ကောင်း​ တစ်ကွက်​ကောင်း​ တို့​လိုက်သည့်​ ပန်း​ချီ ကား​က​လေး​ဟု ဆိုရပါလိမ့်​မည်။ ဆင်ကဲ၏ အဆဲစကား​လေး​ တစ်ခွန်း​မျှ သူ့​စရိုက်ကို လှစ်ခနဲပြ​သော​ကြောင့်​ ဖြစ်ပါသည်။ ဒုတိယ ပန်း​ချီကား​မှာမူ ​ကြေကွဲဖွယ် ​နောက်ခံဖြစ်ရပ်က​လေး​နှင့်​ ဆက်စပ်​နေသည့်​အတွက် ပို၍စုတ်ချက်များ​သည်ဟု ဆိုနိုင်​ကောင်း​ပါသည်။ ဆင်ကဲ၏ စကား​၊​ ဘိုး​မယ်၏ စကား​တို့​ဖြင့်​ လူ့​သ​ဘော လူ့​သဘာဝကို ​ဖော်ပြ​သော​ကြောင့်​ ဖြစ်ပါသည်။ တတိယပန်း​ချီကား​မှာမူကား​ ဆင်နှင့်​လူသား​တို့​၏ အတုံ့​အပြန် ​မေတ္တာသ​ဘောကို ကိုယ်အမူအရာ နှုတ်အမူအရာဖြင့်​ ပုံ​ဖော်ခြင်း​ ဖြစ်သည့်​အတွက် ပို၍ အဆင်အ​သွေး​ ​ပေါ်ပါသည်။ သရုပ်​ဖော်ချက်ကိုလိုက်၍ အဆင်အ​သွေး​ အနုအရင့်​ ကွဲပြား​သော အဖွဲ့​ကောင်း​က​လေး​များ​ ဖြစ်ပါသည်။ လူ့​သ​ဘောလူ့​စရိုက်ကို ဂရုပြုပါ​စေ​သော ရသ​မြောက်အဖွဲ့​ ​ကောင်း​က​လေး​များ​ ဖြစ်သည်ဟူ၍သာ ဆိုနိုင်ပါ​တော့​သည်။

ပွင့်​စွယ်​တော်
အမှတ် ၅ ၊​
နိုဝင်ဘာ ၊​ ၁၉၈၉ ၊​

0 responses to “ ပန်း​ချီကား​က​လေး​ သုံး​ချပ် ”

Leave a Reply