စာ​တော်ဖတ်

စာ​တော်ဖတ်
ဆရာကြီး​ရွှေဥ​ဒေါင်း​သည် ' တစ်သက်တာမှတ်တမ်း​နှင့်​ အ​တွေး​အ​ခေါ်များ​ ' စာအုပ်တွင် မိမိ၏ မိခင်အ​ကြောင်း​ကို ​ဖော်ပြရာ၌ မိမိ၏အဘိုး​ (မိခင်၏ ဖခင်)မှာ မင်း​တုန်း​မင်း​၏ စား​တော်ကဲ ဖြစ်​ကြောင်း​နှင့်​ အစချီကာ ဤသို့​ ​ဖော်ပြဖူး​ပါသည်။
" ကျွန်ုပ်ဘိုး​၏ ရာထူး​ကို အ​ကြောင်း​ပြု၍ ကျွန်ုပ်၏ မိခင်မှာလည်း​ အရွယ်​ရောက်​သော အခါတွင် ' မင်း​နှစ်ပါး​ ' တို့​၏ ' စာ​တော် ဖတ် ' ဖြစ်လာရသည်။ အရွယ်ငယ်​သေး​သော​ကြောင့်​ (၁၈ နှစ်သမီး​) စာ​တော်ဖတ်ကြီး​များ​ ဖြစ်ကြသည့်​ ' သခင်ကြီး​ ' များ​ လက်​အောက် တွင် စာ​တော်ဖတ်က​လေး​မျှသာ ဖြစ်ခဲ့​ရ​သေး​သော်လည်း​ မိခင်မှာ အလွန်အသံ ​ကောင်း​လှသည်။ ကျွန်ုပ်ငယ်စဉ်က ပုခက်ထဲ၌ အိပ်မည်ပြုစဉ် မိခင်က ​တေး​သီချင်း​ဆို၍ ပုခက်လွှဲခြင်း​ကို ဖခင်၏ ဖိနပ်အလုပ်သမား​များ​က နား​ထောင်ကြရ​သော​ကြောင့်​ ကျွန်ုပ်အိပ်မည့်​ အချိန်ကို ​စောင့်​မျှော်​နေကြသည်ဟု အလုပ်သမား​များ​ ​ပြောကြသည်။ မိခင်သီဆိုတတ်ခြင်း​မှာ ပတ်ပျိုး​၊​ ယိုး​ဒယား​၊​ သီချင်း​ကြီး​၊​ သီချင်း​ခန့်​ မဟုတ်ဘဲ ရတု၊​ ပျို့​၊​ အဲအိုင် စသည်တို့​သာ ဖြစ်၍ ခံ့​ညား​လွန်း​လှ​သော်လည်း​ အသံ​ကောင်း​သည့်​ အတွက်​ကြောင့်​ နား​ထောင်၍ ​ကောင်း​ခြင်း​ကို ကျွန်ုပ်လည်း​ ကြား​ရဖူး​သည်။ "
ဤစာပိုဒ်ကို ဖတ်ရ​သောအခါ ဆရာကြီး​ ​ရွှေဥ​ဒေါင်း​၏ မိခင်ငယ်စဉ်က အမှုထမ်း​ခဲ့​ရ​သော ' မင်း​နှစ်ပါး​တို့​၏ စာ​တော်ဖတ် ' ဟူ​သော ရာထူး​အ​ကြောင်း​ကို စိတ်ဝင်စား​မိပါသည်။ မင်း​နှစ်ပါး​ဆိုသည်မှာ မင်း​တုန်း​မင်း​နှင့်​ သီ​ပေါမင်း​ကို ဆိုလို​ကြောင်း​ သိရပါသည်။ သို့​ဖြစ်လျှင် စာ​တော်ဖတ်ဟူသည် မည်သည့်​ အလုပ်မျိုး​ပါနည်း​။ မင်း​နှစ်ပါး​ထံတွင် စာ​တော်ဖတ်များ​သည် မည်သို့​ အမှုထမ်း​ရပါ သနည်း​။ ဤသို့​ဤနှယ် ​မေး​ခွန်း​များ​ စိတ်ထဲမှာ ​ပေါ်​ပေါက်လာရပါသည်။
စာ​တော်ဖတ်အ​ကြောင်း​ကို သိချင်သည့်​အတွက် ရှာ​ဖွေကြည့်​သောအခါ ' ပင်စင်အငြိမ်း​စား​ ဝန်​ထောက်မင်း​ ဦး​မောင်​မောင်တင် စီရင်​ရေး​သား​သည့်​ ​ရွှေနန်း​သုံး​ဝေါဟာရ အဘိဓာန်၊​ ပထမတွဲ ' တွင် စာ​တော်ဖတ်အ​ကြောင်း​ကို ဤသို့​တွေ့​ရပါသည်။
... ဖတ်ရွတ်မှု ကျွမ်း​ကျင်​သော ​လေး​နက်သာယာ နာ​ပျော်ဖွယ်အသံနှင့်​ ပြည့်​စုံ​သောသူကို ​ရွေး​ချယ်၍ စာ​တော်ဖတ် ခန့်​တော် မူသည်။
ယင်း​သည် စာ​တော်ဖတ်များ​မှာ မှန်နန်း​တော် အ​ရှေ့​စနု​ဆောင်တွင် အလှည့်​ကျဝင်၍ အိပ်ဖန်အိပ်ရသည်။ ညအခါ ဧကရာဇ် မင်း​မြတ် စက်​တော်​ခေါ်ရာ သလွန်​တော်သို့​ စံ​တော်မူလျှင် စက်ခန်း​တော်အပြင် ​ရွှေနား​တော် ကြား​တော်မူ​လောက်​သော ​နေရာက ဒူး​ပုဆစ်တုပ်ပျပ်လျက် ဇာတ်ဝတ္ထု၊​ ရာဇဝင် စသည်များ​ကို ဖတ်ရသည်။
ဖတ်ရွတ်မှု ကျွမ်း​ကျင်ခြင်း​ ဆိုရာ၌ ဗျဥ္စနဗုဒ္ဓိ ဆယ်ပါး​ခေါ် ' အက္ခရာ တို့​ကို ရွတ်ဆိုပုံ ဆယ်ပါး​ ' ကို ကျွမ်း​ကျင်ခြင်း​ပင် ဖြစ်ပါသည်။ အက္ခရာတို့​ကို ဆက်စပ်၍ ဖတ်ခြင်း​၊​ ပိုင်း​ဖြတ်ဖတ်ခြင်း​၊​ ပွင့်​၍ဖတ်ခြင်း​၊​ ပိတ်၍ဖတ်ခြင်း​၊​ ရှည်ရှည်ဖတ်ခြင်း​၊​ တိုတိုဖတ်ခြင်း​၊​ ​လေး​လေး​ဖတ်ခြင်း​၊​ ​ပေါ့​ပေါ့​ဖတ်ခြင်း​၊​ အသံတင်း​တင်း​ ဖတ်ခြင်း​၊​ အသံ​လျော့​လျော့​ ဖတ်ခြင်း​ ဟူ၍ သူ့​နေရာနှင့်​သူ ဌာန်ကရိုဏ်း​ကျကျ ရွတ်ဖတ်တတ်သူကို ​ရွေး​ချယ်၍ စာ​တော်ဖတ် ခန့်​ထား​မြဲဖြစ်​ကြောင်း​ သိရပါသည်။
မင်း​တုန်း​မင်း​ လက်ထက်တာင် စာ​တော်ဖတ်များ​ ဖတ်ရ​သော စာများ​အ​ကြောင်း​ကိုလည်း​ မှတ်သား​ဖွယ် ​ဖော်ပြထား​ပါ​သေး​ သည်။ ​တောင်​လေး​လုံး​ ဆရာ​တော်​ရေး​သား​သော အဇ္ဈာသယပါ​မောဇ္ဇကျမ်း​၊​ သမန္တပါ​မောဇ္ဇကျမ်း​၊​ သာသနာပိုင် ဆရာ​တော် ဦး​ေဥယျ ​ရေး​သား​သော သံ​ဝေဂ ဝတ္ထုဒီပနီစသည့်​ ​လောကုတ္တရာ ကျမ်း​များ​ကို ဖတ်​လျှောက်ရ​ကြောင်း​ သိရပါသည်။ စာ​တော်ဖတ် သုံး​ယောက်က ညဦး​လှည့်​၊​ အလယ်လှည့်​၊​ အလင်း​လှည့်​ ဟူ၍ တာဝန်ခွဲကာ ထိုကျမ်း​များ​ကို အလှည့်​ကျ ဖတ်​လျှောက်ရသည်။ စာ​တော်ဖတ် ​ခြောက်​ယောက်ရှိ၍ လစာ ၁ဂဝိ ရ​ကြောင်း​ ​ဖော်ပြထား​ပါသည်။
မင်း​နှစ်ပါး​လက်ထက်တွင် စာ​တော်ဖတ်အဖြစ် အမှုထမ်း​ရသူတစ်ဦး​မှာ ​နေမျိုး​မင်း​ထင်​ကျော်​ခေါင် ဘွဲ့​ရ အ​ဝေး​ရောက်မင်း​ ဦး​အောင်ကြီး​ ဖြစ်ပါသည်။
အ​ဝေး​ရောက်မင်း​သည် အသက်ရှစ်ဆယ်​ကျော်အရွယ် ၁၉၃၉ ခုနှစ်တွင် သိပ္ပံ​မောင်ဝနှင့်​ ​ရွှေဘိုတွင် ​တွေ့​ဆုံကြသည်။ သိပ္ပံ​မောင်ဝက အ​ဝေး​ရောက်မင်း​ကို အိမ်သို့​ပင့်​ပြီး​ သိလို​သော အ​ကြောင်း​များ​ကို ​မေး​မြန်း​သည်။ အ​ဝေး​ရောက်မင်း​ကလည်း​ စိတ်ရှည် လက်ရှည် ​ဖြေကြား​သည်။ အ​ဝေး​ရောက်မင်း​သည် ထိုရာထူး​မရမီ စာ​တော်ဖတ်အဖြစ် အမှုထမ်း​ခဲ့​ရသည်။ ငယ်စဉ်က စာ​ရေး​ စာ​မေး​ပွဲ ​အောင်မြင်ပြီး​နောက် ကင်း​ဝန်မင်း​ကြီး​၏ အစီအစဉ်အရ ပျို့​ကဗျာလင်္ကာများ​ ​လေ့​လာရသည်။ ထို့​နောက် ကင်း​ဝန်မင်း​ကြီး​က အပ်နှံ​ပေး​သဖြင့်​ နာခံ​တော်​ပြော့​ကြီး​မှူး​ ဦး​ဘို ထံတာင် ​လေး​ချိုး​ဧချင်း​ ရတုရကန် လူး​တား​များ​ ဆိုတတ်​အောင် သင်ရသည်။ ထိုစဉ် မင်း​တုန်း​မင်း​က စာ​တော်ဖတ်တစ်​ယောက် အလိုရှိသဖြင့်​ ကင်း​ဝန်မင်း​ကြီး​က ဦး​အောင်ကြီး​ကို မင်း​တုန်း​မင်း​ထံ အပ်သည်။ စာ​ရေး​တော် လခ ၃၀ ကျပ်၊​ စာ​တော်ဖတ်လခ ၃၀ ကျပ် ​ပေါင်း​ ၆၀ ကျပ် ရသည်ဟု ဆိုပါသည်။ သိပ္ပံ​မောင်ဝက ​မေး​သည့်​အတွက် အ​ဝေး​ရောက်မင်း​က ဤသို့​ပြောပြသည်။
" ည ၉ နာရီ အချိန်​လောက်မှာ ညီလာခံကွဲလို့​ မင်း​တရား​ကြီး​ အ​ဆောင်​တော် ဝင်လာတဲ့​အခါ စာ​တော်ဖတ်က မင်း​တရား​ကြီး​ အမိန့်​တော်ရှိတဲ့​ စာအုပ်ကို ဖတ်ပြရတယ်၊​ မင်း​တရား​ကြီး​နဲ့​ မိဖုရား​ကြီး​တို့​က သလွန်​ပေါ်က​နေပြီး​ နား​ထောင်​တော်မူကြတယ်။ စာ​တော်ဖတ်က ဘုရား​စင်အနား​ အပြင်က​နေပြီး​ ရပ်ကာ ဖတ်ရတယ်။ စာ​တော်ဖတ်က ဘုရား​စင်ဘက်ကို မျက်နှာ​ပေး​ပြီး​ မင်း​တရား​ကြီး​ နဲ့​ မိဖုရား​ကြီး​တို့​ ဘက်ကို​တော့​ ​ဘေး​ပေး​ပြီး​ ဖတ်ရတယ်။ မင်း​တရား​ကြီး​နဲ့​ မိဖုရား​ကြီး​တို့​ဟာ စာ​ပေကို​တော့​ ​တော်​တော် အရိုအ​သေ ​ပေး​ကြတာကလား​ "
" စာ​တော်ဖတ်တဲ့​အခါ ဘာစာ​တွေကို ဖတ်ပြရပါသလဲ "
" စာအုပ်​တွေက​တော့​ စုံလို့​နေတာပဲ၊​ လင်္ကာဘက်ကဆို ရတုရကန်၊​ ဧချင်း​၊​ ပျို့​၊​ လူး​တား​တို့​၊​ စကား​ပြင် ဘက်ကဆိုရင်လည်း​ ဇိနတ္ထ ပကာသနီကျမ်း​၊​ သံ​ဝေဂဝတ္ထု ဇာတ်ကြီး​ဆယ်ဘွဲ့​၊​ ငါး​ရာ့​ငါး​ဆယ် တို့​ကို ဖတ်ရတာပါပဲ။ ရတုရကန် ဧချင်း​တို့​ကို ဖတ်တဲ့​အခါမှာ အသံ​နေ အသံထား​နဲ့​ ဖတ်ရတယ်။ အဲ့​ဒါ​ကြောင့်​ စာ​တော်ဖတ်မလုပ်ခင် ရတုရကန် ဧချင်း​ ဆိုနည်း​ဖတ်နည်း​ ​တွေကို သင်ကြား​ရတာ​ပေါ့​ "
" စာဖတ်တဲ့​အခါ စာ​တော်ဖတ်က ကြိုက်တဲ့​စာကို ဖတ်ရသလား​၊​ မင်း​တရား​ကြီး​ အဖတ်ခိုင်း​တဲ့​ စာကို ဖတ်ရသလား​ "
" မင်း​တရား​ကြီး​က သည်ည ဘယ်စာကို ဖတ်လို့​ အမိန့်​ပေး​တယ်၊​ သူအဖတ်ခိုင်း​တဲ့​စာကို ဖတ်ရတာပါပဲ "
" မင်း​တုန်း​မင်း​ကြီး​က ဘယ်လိုစာမျိုး​ကို ပိုပြီး​ ကြိုက်နှစ်သက်ပါသလဲ "
" မင်း​တုန်း​မင်း​ တရား​ကြီး​က ပျို့​၊​ ကဗျာ၊​ လင်္ကာ​တွေကို တယ်မကြိုက်ဘူး​။ ဇိနတ္ထပကာသနီနဲ့​ သံ​ဝေဂဝတ္ထု​တွေကို အဖတ် ခိုင်း​တာများ​တယ်။ မဟာဝင်ကိုလည်း​ ကြိုက်ရဲ့​။ တစ်ခါတစ်ခါ​တော့​ ကိုး​ခန်း​ပျို့​ကို အဖတ်ခိုင်း​တယ်။ ကိုး​ခန်း​ပျို့​မှာလည်း​ မင်း​သား​ ​လေး​ပါး​ ​တောထွက်ခန်း​ကို အဖတ်ခိုင်း​လေ့​ ရှိတာပါပဲ "
အ​ဝေး​ရောက်မင်း​သည် သီ​ပေါမင်း​လက်ထက်တွင်း​လည်း​ စာ​တော်ဖတ်အဖြစ် ဆက်လက်ထမ်း​ရွက်ရသည်။ တစ်နှစ်ခန့်​ အကြာတွင် အ​ဝေး​ရောက်မင်း​ (အ​ဝေး​မှ ​နေပြည်​တော်သို့​ ​ရောက်လာ​သော စာများ​ကို ကြည့်​ရှုပြီး​ မင်း​တရား​ကြီး​ထံ ဆက်သင့်​သည်ကို ဆက်၊​ လွှတ်​တော်ပို့​သင့်​သည်ကိုပို့​ စသည်ဖြင့်​ စီမံခန့်​ခွဲ​ပေး​ရ​သော အရာရှိ) အဖြစ် ရာထူး​တိုး​မြှင့်​သွား​ကြောင်း​ အ​ဝေး​ရောက်မင်း​က မိန့်​ကြား​ပါသည်။
" သီ​ပေါမင်း​တရား​က​တော့​ ပျို့​ကိုသာ ကြိုက်နှစ်သက်တယ် " ဟုလည်း​ ဆိုပါသည်။ ဦး​အောင်ကြီး​နှင့်​အတူ စာ​တော်ဖတ်အဖြစ် အမှုထမ်း​သူများ​မှာ ' ​မောင်သံတိုင်၊​ ​မောင်​ကျော်မြ၊​ ​မောင်အို ' တို့​ဖြစ်​ကြောင်း​၊​ ​မောင်အိုမှာ နာခံ​တော် ​ဝေါကြီး​မှူး​ဦး​ခြံု၏ အစ်ကို ဖြစ်​ကြောင်း​၊​ အဆို​ကောင်း​ အ​ရေး​ကောင်း​သူ ဖြစ်​ကြောင်း​တို့​ကိုလည်း​ မိန့်​ကြား​ပါ​သေး​သည်။ ဤအ​ကြောင်း​များ​ကို သိပ္ပံ​မောင်ဝက ' အ​ဝေး​ရောက်မင်း​ ဦး​အောင်ကြီး​ ' ဟူ​သော ​ဆောင်း​ပါး​တွင် ​ဖော်ပြထား​ပါသည်။
ဤ​ရေး​သား​ချက်များ​ကို ဖတ်ရ​သောအခါ ' စာ​တော်ဖတ် ' ဟူ​သော ရာထူး​အ​ကြောင်း​ကို ကွဲကွဲပြား​ပြား​ သိမြင်လာရသည့်​ နည်း​တူ စာ​တော်ဖတ်၏ ဂုဏ်ကိုလည်း​ အ​လေး​အနက် သ​ဘော​ပေါက်လာရပါသည်။ စာ​တော်ဖတ်ဟူသည် သာမည အလုပ်မျိုး​မဟုတ်ပါ တကား​။ စာ​ပေ အဖတ်အရှု အရွတ်အဆိုနှင့်​ ပတ်သက်၍ ကျွမ်း​ကျင်လိမ္မာ​အောင် ပညာဖြည့်​ဆည်း​ပြီး​မှ တာဝန်ထမ်း​ဆောင်နိုင်​သော အလုပ်မျိုး​ပါတကား​ဟုလည်း​ နား​လည်လာရပါသည်။ ' စာ​တော်ဖတ် ' ဟူ​သော စကား​သည် မြန်မာ့​ယဉ်​ကျေး​မှု၏ အလှကွက်တစ်ကွက်ကို သိမ်​မွေ့​စွာ ​ဖော်ညွှန်း​နေသည်ဟု ဆိုရမည်သာ ဖြစ်ပါသည်။

စာကိုး​
၁။ ​ရွှေဥ​ဒေါင်း​၊​ တစ်သက်တာ မှတ်တမ်း​နှင့်​ အ​တွေး​အ​ခေါ်များ​။
၂။ ဦး​မောင်​မောင်တင်၊​ ​ရွှေနန်း​သုံး​ဝေါဟာရ အဘိဓာန် ပထမတွဲ။
၃။ သိပ္ပံ​မောင်ဝ၊​ ​ခေတ်စမ်း​ရာဇဝင်​ရေး​များ​

​ငွေတာရီမဂ္ဂဇင်း​
အမှတ် ၃၃၅ ၊​ ၁၉၈၈ ။

0 responses to “ စာ​တော်ဖတ် ”

Leave a Reply