ခံစားမှုနှင့်ယှဉ်၍
ခံစားမှုနှင့်ယှဉ်၍
ဝေဿန္တရာ ဇာတ်တော်ကြီးတာင် ဝေဿန္တရာမင်းကြီးက သားနှင့်သမီးကို ဇူဇကာပုဏ္ဏားအား လှူလိုက်ပြီးနောက် မဒ္ဒီဒေဝီ သစ်သီးရှာရမှ ပြန်ရောက်လာသောအခါ သားနှင့်သမီးကို မမြင်ရသည့်အတွက် ပူပန်သောကရောက်ပြီး ဤသို့ မြည်တမ်းရှာ သည်။' နေ့တိုင်းမှာမူ သူတစ်ပါးမရှိသော်လည်း သားသမီးနှင့် နေရခြင်းကြောင့် ဤကျောင်းသင်္ခမ်းသည် ပွဲသဘင်ကဲ့သို့ ဖြစ်၏။ ယခုသားသမီးတို့ကို မမြင်ရသော ငါ့အား ဤကျောင်းသင်္ခမ်းသည် သုသာန်တစပြင်ကဲ့သို့ ခြောက်ခြောက်ကပ်ကပ် ဖြစ်ခဲ့၏တကား '
စင်စစ် မဒ္ဒီ၏ ပတ်ဝန်းကျင်သည် အပြောင်းအလဲမရှိပါ။ သားနှင့်သမီး ရှိစဉ်ကလည်း ဤပတ်ဝန်းကျင်ပင်ဖြစ်ပါသည်။ ယခု သားနှင့်သမီး မရှိတော့လည်း ဤပတ်ဝန်းကျင်ပင် ဖြစ်ပါသည်။ သို့သော် မဒ္ဒီဒေဝီ၏ စိတ်ကမူ ပြောင်းလဲသွားပြီ ဖြစ်သည်။ သားသမီး နှင့်နေရစဉ်က ပျော်ရွှင်ချမ်းမြေ့သည်။
ထို့ကြောင့် သူ့ပတ်ဝန်းကျင်ကို ပျော်ရွှင်ချမ်းမြေ့သည့်စိတ်ဖြင့် ရှုမြင်သောအခါ ပွဲသဘင်ကဲ့သို့ ထင်မိသည်။ ယခု သားနှင့် သမီး မရှိတော့သောအခါ သူ့စိတ်သည် မချမ်းမြေ့တော့။ သောကဖိစီးနေပြီ ဖြစ်သည်။ ထို့ကြောင့် ဤပတ်ဝန်းကျင်ကိုပင် သောက စိတ်ဖြင့် ရှုမြင်သောအခါ သုသာန်တစပြင်ကဲ့သို့ ထင်မိတော့သည်။ စိတ်ခံစားမှု ပြောင်းလဲသွားသည့်အတွက် ပတ်ဝန်းကျင်ကို အမြင် ပြောင်းသွားပုံဖြစ်ပါသည်။
မြန်မာစာဆိုများ သဘာဝဝန်းကျင်ကို ရှုမြင်ရေးဖွဲ့ပုံနှင့် စပ်လျဉ်း၍ ဤသာဓကကလေးကို သတိရမိခြင်းဖြစ်ပါသည်။
ဒဿနပညာရှင်များက ' အနောက်တိုင်း တွေးခေါ်ရှင်များသည် သဘာဝလောကကို ဗဟိုပြု၍ စဉ်းစားတွေးခေါ် တတ်ကြပြီး အရှေ့တိုင်း တွေးခေါ်ရှင်များမှာမူ လူကိုဗဟိုပြု၍ စဉ်းစားတွေးခေါ် တတ်ကြသည် ' ဟု နှိုင်းယှဉ်ဖော်ပြ ကြပါသည်။ အနောက်တိုင်း အတွေးအခေါ်များကို လေ့လာကြည့်လျှင် သက်မဲ့ သဘာဝလောကကို သဘာဝလောက သက်သက်အဖြစ် ရှုမြင်စူးစမ်းကြကြောင်း တွေ့နိုင်ပါသည်။ သဘာဝလောကကြီး၏ မူလအခြေခံသည် မည်သည့်အရာဖြစ်သနည်း။ သဘာဝလောကကြီး ကို မည်ကဲ့သို့ ဖွဲ့စည်းထားသနည်း စသည်ဖြင့် သိလိုမှုကိုအခြေခံ၍ စဉ်းစားတွေးခေါ်ကြပါသည်။ အရှေ့တိုင်း အတွေးအခေါ်တွင်မူ သဘာဝလောကကို သဘာဝလောက သက်သက်အဖြစ် မစဉ်းစားဘဲ လူနှင့်ဆက်စပ်၍ စဉ်းစားတတ်ကြသည်။ ခံစားလိုမှုကို အခြေခံ၍ လူ၏ခံစားမှုကို ဖြစ်ပေါ်စေသော ခံစားမှုဖြင့် ရှုမြင်သောလောကကြီးအဖြစ် ပုံဖော်တတ်ကြပါသည်။ အရှေ့တိုင်းသားများ ဖြစ်သော မြန်မာစာဆိုတို့၏ သဘာဝပတ်ဝန်းကျင် အဖွဲ့များကို လေ့လာကြည့်လျှင်လည်း ဤသဘောကို အထင်အရှား တွေ့ရပါလိမ့် မည်။ ဒဿနပညာရှင်များကလည်း မြန်မာစာပေတွင် လူ့ခံစားမှုမပါသော သဘာဝအဖွဲ့အနွဲ့ချည်း သက်သက်ကို တွေ့ရမြင်ရခဲသည် ဟု မိန့်ဆိုကြပါသည်။ မဒ္ဒီဒေဝီက ကျောင်းသင်္ခမ်းကို ရှုမြင်ပုံမျိုးကဲ့သို့ ခံစားမှုနှင့်ယှဉ်၍ ရှုမြင်ရေးဖွဲ့ကြသည်က များပါသည်။
ဤနေရာတွင် မြန်မာစာပေမှ ' တပေါင်းလ သဘာဝ ပတ်ဝန်းကျင်ဘွဲ့ ' အချို့ကို ကောက်ကာငင်ကာ သာဓက ဆောင်ပါ ရစေ။ မြန်မာစာဆိုတို့သည် နွေဦးဆန်းစ တပေါင်းလ၏ သရုပ်ကို စာဖွဲ့ရန် အလွန်မျက်စိကျတတ်ကြသည်ဟု ဆိုရမည်လား မသိပါ။ မြန်မာစာပေထဲတွင် တပေါင်းလဘွဲ့အမျိုးမျိုးကို ကဗျာပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ဝေဝေဆာဆာ တွေ့နိုင်ပါသည်။
အင်းဝခေတ်စာဆို ရှင်အုန်းညို၏ ' ဂါထာခြောက်ဆယ်ပျို့ ' ဆိုပါစို့။ ကာဠုဒါယီထေရ်က ဂါထာခြောက်ဆယ်ဖြင့် ပင့်လျှောက်ချက်အရ ရာဇဂြိုလ်ပြည်မှ ကပိလဝတ်ပြည်သို့ ဘုရားရှင်ကြွချီရာတွင် လမ်းခရီး၌ တွေ့ရသည့် တပေါင်းလ သဘာဝ ပတ်ဝန်းကျင် တစ်ကွက်ကို စာဆိုက ဤသို့ရေးဖွဲ့ ပြထားပါသည်။
' ပရမေဘုန်းဝှန့်၊ ရွှေစက်ဆန့်မူ၊ အခန့်သင့်လှ၊ မင်းလမ်းမတွင်၊ အေးမြပျံ့ပျံ့၊ ပန်းအနံ့တိ၊ အလွှံ့မခန်း၊ တောထက်ဝန်းထုံ၊ ငုံသွန်းရွှေသား၊ စကားထင်းရှူး၊ ဆိတ်ဖလူးနှင့်၊ ကွမ်းဖူးကံ့ကော်၊ စွယ်တော်ပရဝါ။ ရင်းမာဖက်ဆွတ်၊ ရင်ခတ်သရဖီ၊ ကတ္တရီမြစ်ကိုင်း၊ ရွှေနှိုင်းပိတောက်၊ လဲနှင့်ပေါက်လည်း၊ တောက်သည့်မီးရောင်၊ ပြောင်ပြောင်ညီးညီး၊ ပန်းတောင်ကြီးသို့၊ ခရီးတောဝယ်၊ မြိုင်အလယ်၌၊ အံ့ဖွယ်သရဲ၊မဖြစ်မြဲတည့် '
စာဆိုသည် ဘုရားရှင် ကြွချီရာလမ်းမတွင် ပန်းတောင်ကြီးပေါက်သကဲ့သို့ ပန်းမျိုးစုံ ဝေဝေဆာဆာ ပွင့်နေကြပုံကို ခန့်ခန့် ညားညား ဖွဲ့ထားခြင်း ဖြစ်ပါသည်။
ထို့အဖွဲ့၏ နောက်ကွယ်တွင် စာဆို၏ သဒ္ဓါကြည်ညိုစိတ်သည် ပေါ်ပေါ်လွင်လွင် ထင်ဟပ်လျက်ရှိပါသည်။ စာဆိုက သဒ္ဓါ ကြည်ညိုစိတ်ဖြင့် ပုံဖော်လိုက်သည့်အတွက် သဘာဝပတ်ဝန်းကျင် အဖွဲ့သည် အံ့ဩဖွယ် ကြည်နူးဖွယ် ပုံပေါ်လာသည်ကို တွေ့နိုင်ပါ သည်။
ညောင်ရမ်းခေတ်စာဆို ဆီသည်ရွာစား ဦးအောင်ကြီးကမူ ဆယ်နှစ်ရာသီဘွဲ့ လူးတားတွင် တပေါင်းလကို ဤသို့ သရုပ် ဖော်ထားပါသည်။
' သရဖီပိတောက်၊ ခိုင်မြောက်ညွန့်ညောင်း၊ ဝတ်မှံုလောင်းသည်၊ တပေါင်းလသာ၊ လတကာထက်၊ နှိုင်းရာဖက်ရှောင်၊ လများနောင်ကား၊ တောင်လည်းသာမော၊ တောလည်း သာထွေ၊ ရေလည်း သာလှ၊ ဖြူဆွ သောင်ပြင်၊ ငှက်ပေါင်းရွှင်၍ '
ဦးအောင်ကြီး၏ တပေါင်းလမြင်ကွင်းသည် ပျော်ရွှင်ကြည်နူးဖွယ် မြင်ကွင်းဖြစ်သည်။ စာဆိုက သဘာဝပတ်ဝန်းကျင်ကို ပျော်ရွှင်ကြည်နူးစိတ်ဖြင့် ရှုမြင်ရေးဖွဲ့ကြောင်း ထင်ရှားပါသည်။ သရဖီပိတောက်တို့ ပွင့်ဖူးကာ တောတောင်ရေမြေ သာယာလှပပြီး သဲသောင်ဖွေးဖွေးတွင် ငှက်အပေါင်း ပျော်ရွှင်နေပုံတို့ကား အမှန်ပင် ပျော်ရွင်စရာဖြစ်ပါသည်။
ကုန်းဘောင်ခေတ် စာဆိုမယ်ခွေကမူ ဆယ့်နှစ်ရာသီဘွဲ့ အဲချင်းတွင် တပေါင်းလကို ဤသို့ ရှုမြင်ရေးဖွဲ့ထားပါသည်။
' ကြက်ဆောင်းအလှန်း၊ ဆီးဖျန်းဖျန်းနှင့်၊ မိုးပန်းဆွတ်ခြွေ၊ မှိုင်းမှိုင်းဝေလို့၊ နေမတည်သည်၊ မျက်ရည်ကို ရွှေတဘက်နှင့်၊ သုတ်ရက်ပြီဘူး။ နွေဦးမှတိမ်ခ၊ တောတောင်တလီ၊ မည်သလီနှင့် ကတ္တီပါပေါင်း၊ ရွက်သစ်ကယ်လောင်း၊ ရွက်ဟောင်းပျံလို့၊ ခက်ရံမျှဝေဝေ၊ အင်ကြင်းသရဖီ၊ ပန်းပုံစီနှင့် သိင်္ဂီရောင်သွေး၊ ကြိုင်ကြိုင်ငယ်မွှေးလို့ ငှက်ကျေးငယ်ခြွေသည်၊ တောင်လေပြည် မုန်တိုင်းနှင့်၊ ရေလှိုင်းသံတိုး '
မယ်ခွေဖွဲ့သော တပေါင်းလမြင်ကွင်းမှာ လွမ်းဆွတ်ဖွယ်မြင်ကွင်း ဖြစ်သည်။ ' မျက်ရည်ကို ရွှေတဘက်နှင့် သုတ်ရက်ပြီဘူး ' ဟု လွမ်းသံနှောရလောက်အောင် အလွမ်းခံစားမှုဖြင့် ရှုမြင်ရေးဖွဲ့သည်။ ဆီးနှင်းအကြွင်းအကျန် ကလေးများ မှိုင်းမှိုင်းဝေဝေနှင့် ရှိနေသော ' ရာသီကြက်ဆောင်း လတပေါင်း ' ၏ မြင်ကွင်းသည် မယ်ခွေအဖို့ လွမ်းစရာ ဖြစ်နေပါလိမ့်မည်။ တောထဲတောင်ထဲတွင် ရွက်သစ်ပြောင်းပြီး ရွက်ဟောင်းများ လွင့်ပျံနေပုံ၊ ပန်းမျိုးစုံပွင့်နေပုံ၊ ငှက်များ ဝတ်ရည်သုံးနေပုံ၊ တောင်လေပြည် ခပ်ပြင်းပြင်း တိုက်ခတ်ပြီး မြစ်ထဲတွင် ရေလှိုင်းသံများ ကြားနေရပုံတို့ကို လွမ်းလွမ်းဆွေးဆွေး သရုပ်ဖော်ထားကြောင်း တွေ့နိုင်ပါသည်။
ထို့အတူ ကုန်းဘောင်ခေတ် စာဆိုဦးယာကလည်း တပေါင်းလဘွဲ့ အဲချင်းတစ်ပုဒ်တာင်
' နွေဦးငယ်မှရာသီ၊ သရဖီအင်ကြင်း၊ ပိတောက်ကယ်သင်းလို့၊ လေပြင်းငယ်သုန်သုန်နှင့်၊ မြူမှုန်ဆိုင်းလျသည်၊ မှိုင်းရီရီငယ် နှင့်လေး ' ဟူ၍ ပတ်ဝန်းကျင်မြင်ကွင်းကို သရုပ်ဖော်လိုက်ပြီး မြစ်ထဲတွင် လှိုင်းဖွေးဖွေး၌ ငါးများပျော်မြူးကြပုံ၊ သဲသောင်သာယာပုံ၊ ရေထဲမှာ ပန်းကလေးများ မျောနေပုံ၊ တောတောင်တစ်ခွင် စိမ်းမြနေပုံ၊ မိုးသားဆင်နေပုံ၊ ကျေးငှက်များ ပျော်ရွှင်မြူးထူးနေပုံတို့ကို ဖွဲ့ပြီးနောက်
' သို့သည်ကောဇာ၊ သည်အခါကို သမာပတ်ဝင်၊ မြတ်ချစ်ရှင်များမှာ ပျော်ရွှင်ပျံ့ပျူးလို့၊ ကြည်နူးတော်မူရသည်၊ တိမ်ဖြူကို လေနှူးတဲ့၊ နွေဦးပွဲလေ '
ဟူ၍ ဈာန်သမာပတ်ရထားသော ထေရ်ရဟန်များသော်မှ ပျော်ရွှင်ကြည်နူးရသည့် လရာသီအဖြစ် အလေးအမြတ် ဂုဏ်တင်ရေးဖွဲ့ထားပါသည်။ သာယာမှုကို မွေ့မွေ့လျော်လျော် ကြည်ကြည်နူးနူး ခံစားရှုမြင်ပြီး ရေးဖွဲ့ထားသည်ဟု ဆိုနိုင်ပါသည်။
ဤမျှဆိုလျှင် မြန်မာစာဆိုများက သဘာဝပတ်ဝန်းကျင်ကို မည်သို့မည်ပုံ ရှုမြင်ခံစားကာ ရေးဖွဲ့တတ်ကြကြောင်း အရိပ် အမြွက် ထင်ရှားလောက်ပါပြီ။
ရှေ့တွင်တင်ပြခဲ့သည့်အတိုင်း စာဆိုတို့သည် တပေါင်းလာ၏ သဘာဝပတ်ဝန်းကျင်ကို သဘာဝပတ်ဝန်းကျင် သက်သက် အဖြစ် မရှုမြင်ကြပါ။ မိမိတို့၏ ခံစားမှုများနှင့် ယှဉ်၍ရှုမြင်ကြပါသည်။ ထိုအခါ သဒ္ဓါကြည်ညိုဖွယ်ရာအဖြစ် မြင်သူကမြင်သည်။ ပျော်ရွှင်ကြည်နူးစရာအဖြစ် မြင်သူကမြင်သည်။ လွမ်းစရာအဖြစ် မြင်သူကမြင်သည်။ သာယာမွေ့ပျော်စရာအဖြစ် မြင်သူကမြင်သည်။ စာဆိုအသီးသီး ရှုမြင်သည့်အတိုင်း တပေါင်းလ မြင်ကွင်းသည် ပုံပေါ်လာရပါသည်။
ယခု မဖော်ပြရသေးသည့် အမြင်တစ်ခုဖြင့် ဤဆောင်းပါးကို အဆုံးသတ်လိုပါသည်။ အခြားမဟုတ်ပါ။ အိုင်ချင်းစာဆို တစ်ဦး၏ အမြင်ဖြစ်ပါသည်။
ရှေ့တွင်ဖော်ပြခဲ့သော အရေးအဖွဲ့များတွင် တပေါင်းလ၌ သရဖီပန်းကလေးများ ပွင့်နေပုံ၊ မွှေးပျံ့ပုံတို့ကို စာဆိုအသီးသီး ဖွဲ့ထားသည်ကို တွေ့နိုင်ပါသည်။ ထိုစာဆိုတို့သည် သရဖီပန်းကို သရဖီပန်းအဖြစ်သာ ရှုမြင်ရေးဖွဲ့ကြပါသည်။ ညောင်ရမ်းခေတ်စာဆို တောင်တွင်းရှင်ငြိမ်းမယ်ကမူ အိုင်ချင်းတစ်ပုဒ်တွင် မိန်းမပျိုကလေးက မိမိချစ်သူအား မိမိကို တောင်းရမ်းယူလှည့်ပါဟု ပရိယာယ်ဖြင့် မှာဟန်ဖွဲ့ရာတွင်
' နှမထွေး မယ့်ကိုလိုလျှင်
တပေါင်းငယ်မှ တန်ခူး၊ ရွှေဖီဦးကို
ခူးလှည့်ပါရှင် ' ဟု ဖွဲ့ထားပါသည်။ ဤအဖွဲ့တွင် စာဆိုသည် တပေါင်းလ သဘာဝပတ်ဝန်းကျင်တွင် တွေ့ရသော သရဖီပန်းကို သရဖီပန်းအဖြစ် မရှုမြင်ဘဲ မိမိနှင့်တစ်သားတည်း တစ်ထပ်တည်း ရှုမြင်ထားကြောင်း တွေ့နိုင်ပါသည်။ မိမိ ကိုယ်ကိုပင် သရဖီပန်းဦးကလေးအဖြစ် ရှုမြင်ပြီး လာခူးလှည့်ပါဟု သိမ်သိမ်မွေ့မွေ့ ဖိတ်ခေါ်မှာကြားထားပုံမှာ နှစ်သက်ဖွယ်ဖြစ်ပါ သည်။ သဘာဝပတ်ဝန်းကျင်ကို သီးခြားခံစားစရာအဖြစ် မရှုမြင်ဘဲ မိမိကိုယ်တိုင်အဖြစ် ရင်းရင်းနှီးနှီး တစ်သားတည်း ခံစားရှုမြင်သည့် သဘောပင်ဖြစ်ပါသည်။
မြန်မာစာဆိုတို့၏ သဘာဝပတ်ဝန်းကျင် အဖွဲ့များတွင် စာဆိုတို့၏ ခံစားမှုများက အသွင်အမျိုးမျိုးဖြင့် ထင်ဟပ်နေသည် သာဖြစ်ပါသည်။
စာကိုး
၁။ ဒေါ်ခင်ဆက်ရီ နှင့် ဒေါ်ခင်စန်း ။ မြန်မာ့ရိုးရာအတွေးအခေါ် ။
ပြည်ထောင်စုမြန်မာနိုင်ငံ စာပေနှင့် လူမှုရေးသိပ္ပံဂျာနယ်။ ၁၉၆၈၊ ၁။
၂။ ဦးချမ်းမြ (တည်းဖြတ်)၊ ဦးယာဆို အဲချင်းများ။
၃။ လှသမိန် (တည်းဖြတ်)၊ ဆယ့်နှစ်ရာသီဘွဲ့ပေါင်းချုပ်။
၄။ ဦးဧမောင် (တည်းဖြတ်)၊ အနုစာပေ ကောက်နှုတ်ချက်။
၅။ ရှင်ဘုန်းညို၊ ဂါထာခြောက်ဆယ်ပျို့။
စာပေဂျာနယ်
0
responses to “
ခံစားမှုနှင့်ယှဉ်၍
”