ငါး​ရာ့​ငါး​ဆယ်

ငါး​ရာ့​ငါး​ဆယ်

ငါး​ရာ့​ငါး​ဆယ်သည် ​ဂေါတမဘုရား​ရှင် ဘုရား​မဖြစ်မီ အတိတ်ဘဝ ဖြစ်​တော်စဉ် ဇာတ်ဝတ္ထုများ​ကို ရည်ညွှန်း​ ​ခေါ်​ဝေါ်​သော ​ဝေါဟာရဖြစ်သည်။ ပါဠိစာ​ပေတွင် ထိုဖြစ်​တော်စဉ်များ​ကို ဇာတက ဟု​ခေါ်သည်။ ​ထေရဝါဒ ဗုဒ္ဓစာ​ပေ ဖြစ်​သော ပိဋကတ် သုံး​ပုံကို ဝိနယပိဋက (ဝိနည်း​)၊​ သုတ္တန္တပိဋက (သုတ်)၊​ အဘိဓမ္မ ပိဋက (အဘိဓမ္မာ)ဟု သုံး​ပိုင်း​ပိုင်း​ခြား​ထား​ပြီး​ သုတ္တန္တ ပိဋကကို ဒီဃနိကာယ၊​ မဇ္ဈိမနိကာယ၊​ သံယုတ္တနိကာယ၊​ အင်္ဂုတ္တရနိကာယ၊​ ခုဒ္ဒကနိကာယ ဟူ၍ နိကာယ(နိကာယ်)​ခေါ် အစုငါး​စု ထပ်မံပိုင်း​ခြား​ထား​ရာ ဇာတကသည် ခုဒ္ဒက နိကာယ အပါအဝင် ကျမ်း​ (၁၅)ကျမ်း​အနက် (၁၀)ခု​မြောက် ကျမ်း​ဖြစ်သည်။
ဇာတကတွင် ဘုရား​ရှင်ဖြစ်​တော်စဉ် ဇာတ်ဝတ္ထု​ပေါင်း​ (၅၄၇)ဇာတ်ပါသည်။ မှတ်သား​ရလွယ်​အောင် (၃)ဇာတ်ဖြည့်​၍ ငါး​ရာ့​ငါး​ဆယ်ဟု အစဉ်အဆက် ​ခေါ်ခဲ့​ကြခြင်း​ဖြစ်​ကြောင်း​ အဆိုရှိသည်။ ထိုဇာတ်ဝတ္ထုများ​ကို ပါဝင်သည့်​ ဂါထာအ​ရေအတွက်အရ တစ်ဂါထာပါဝင်​သော ဇာတ်များ​ကို ဧကနိပါတ၊​ နှစ်ဂါထာပါဝင်​သော ဇာတ်များ​ကို ဒုကနိပါတ၊​ သုံး​ဂါထာပါဝင်​သော ဇာတ်များ​ကို တိကနိပါတ စသည်ဖြင့်​ နိပါတ (နိပါတ်)​ခေါ် အစု​ပေါင်း​ ၂၂ စု ထပ်မံခွဲခြား​ထား​သည်။ ထို (၅၄၇)ဇာတ်မှ ​နောက်ဆုံး​ (၁၀)ဇာတ်မှာမူ ဂါထာ​ရေတွက်များ​ပြား​ပြီး​ ဇာတ်လည်း​ရှည်လျား​သည်။ ထိုဇာတ်များ​ကို မဟာနိပါတ (မဟာနိပါတ်)ဟု သတ်မှတ်စုစည်း​ထား​သည်။ ဇာတ်ကြီး​ဆယ်ဘွဲ့​ဟု ထင်ရှား​သော ဇာတ်များ​ဖြစ်သည်။ (ဇာတ်ကြီး​ဆယ်ဘွဲ့​သည် ငါး​ရာ့​ငါး​ဆယ်နှင့်​ သီး​ခြား​မဟုတ်ဘဲ ငါး​ရာ့​ငါး​ဆယ် ထဲတွင် အကျံုး​ဝင်​ကြောင်း​ သိနိုင်သည်။)
ဇာတကသည် မူလက ဂါထာသက်သက်မျှသာဖြစ်ပြီး​ ဂါထာ ၉၀၀၀ ​ကျော်ပါဝင်သည်။ ဘုရား​ရှင်၏ ​ရှေး​ဖြစ် ​နောက်​ကြောင်း​ ဇာတ်လမ်း​များ​ မပါဝင်​ပေ။ ​နောက်ပိုင်း​တွင် ထိုဂါထာများ​ကို အ​ခြေပြု၍ သင့်​လျော်​သော ​နောက်ခံဇာတ်လမ်း​ဖွဲ့​ ထား​သော ကျမ်း​ပေါ်​ပေါက်လာသည်။ ထိုကျမ်း​ကို ဇာတကဋ္ဌကထာ (ဇာတ်​တော်တို့​ကို ဖွင့်​ဆို​သောကျမ်း​) ဟူ၍လည်း​ကောင်း​၊​ ဇာတကဋ္ဌဝဏ္ဏနာ (ဇာတ်​တော်၏ အနက်အဓိပ္ပါယ်ကို ​ဖော်လှစ်ပြ​သောကျမ်း​) ဟူ၍လည်း​ကောင်း​ ​ခေါ်သည်။ ထိုကျမ်း​ကို ပြုစုသူမှာ သီဟိုဠ်ကျွန်း​မှ အမည်မသိ ရဟန်း​တော်တစ်ပါး​ ဖြစ်သည်ဟူ၍ လည်း​ကောင်း​၊​ ရှင်မဟာ ဗုဒ္ဓ​ဃောသ ဖြစ်သည်ဟူ၍ လည်း​ကောင်း​ ပညာရှင်တို့​ ဆိုကြသည်။ ရှင်မဟာ ဗုဒ္ဓ​ဃောသသည် ခရစ်ငါး​ရာစုတွင် ထိုကျမ်း​ကို ပြုစုဖွယ်ရှိသည်ဟု အချို့​ကဆိုကြပြီး​ ရှင်မဟာ ဗုဒ္ဓ​ဃောသသည် ထိုကျမ်း​ကို သီဟိုဠ်ဘာသာမှ ပါဠိဘာသာသို့​ ပြန်ဆိုသူသာဖြစ်သည်ဟု အချို့​က ဆိုကြသည်။
ဖြစ်​တော်စဉ် ဝတ္ထုတစ်ပုဒ်စီတွင် ပစ္စုပ္ပန်ဝတ္ထု (ဇာတ်​တော်ကို ဘုရား​ရှင် ​ဟောရခြင်း​အ​ကြောင်း​)၊​ အတိတ်ဝတ္ထု (ဘုရား​လောင်း​ဘဝ အတိတ်ဖြစ်ရပ်)၊​ နိဂုံး​ (အတိတ်ဝတ္ထုနှင့်​ ပစ္စုပ္ပန်ဝတ္ထု ဆက်စပ်၍ ဇာတ်​ပေါင်း​ခြင်း​) ဟူ​သောအပိုင်း​များ​ ပါဝင်သည်။
ဇာတကဟူ​သော ပါဠိ​ဝေါဟာရကို မြန်မာမှုပြု​သောအခါ ' ဇာတ် ' ဟူ၍ ဖြစ်လာသည်။ ဘုရား​ရှင်၏ ဖြစ်​တော်စဉ်များ​ကို ရည်ညွှန်း​လျက် ' ငါး​ရာ့​ငါး​ဆယ်ဇာတ် ' ၊​ ' ငါး​ရာ့​ငါး​ဆယ်နိပါတ် ' ၊​ ' ငါး​ရာ့​ငါး​ဆယ်ဇာတ်နိပါတ် ' ၊​ ' ငါး​ရာ့​ငါး​ဆယ်ဇာတ်​တော် ' ၊​ ' ငါး​ရာ့​ငါး​ဆယ် နိပါတ်​တော် ' စသည်ဖြင့်​ အမျိုး​မျိုး​ ရည်ညွှန်း​လေ့​ရှိသည်။ ငါး​ရာ့​ငါး​ဆယ်ဇာတ်များ​နှင့်​ ပတ်သက်၍ ​ရှေး​အကျဆုံး​ အ​ထောက်အထား​များ​မှာ အိန္ဒိယနိုင်ငံ ဆန်ချီ၊​ ဗရဟုတ်နှင့်​ အမရဝတီ ဘုရား​များ​တွင် ​တွေ့​ရ​သော ပန်း​တ​မော့​ ​ကျောက်ဆစ် လက်ရာများ​ဖြစ်​ကြောင်း​ ပညာရှင်တို့​ မိန့်​ဆိုကြသည်။ ဗရဟုတ်ဘုရား​တွင် ဗြဟ္မီအက္ခရာဖြင့်​ ​ရေး​ထိုး​ထား​သော ငါး​ရာ့​ငါး​ဆယ် ဇာတ်အမည်များ​သည် ​ရှေး​အကျဆုံး​ဖြစ်၍ ၂၅၀ ဘီစီခန့်​က ​ရေး​ထိုး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ မှတ်သား​ရသည်။ မြန်မာနိုင်ငံတွင်မူ သထုံရှိ ပဏ္ဍိတ်မွန်​ကျောက်စာတွင် ​ရေး​ထိုး​ထား​သော ဇာတ်​တော်အမည်များ​၊​ သထုံကလျဏီသိမ်နှင့်​ ​ရွှေစာရံဘုရား​အကြား​ သိကြား​ဘုရား​ ၏ ပစ္စယာအဆင့်​ရှိ ဇာတ်​တော် သရုပ်​ဖော်စဉ့်​ချပ်များ​နှင့်​ ကလျာဏီသိမ်၊​ သိမ်နိမိတ် ​ကျောက်တိုင်များ​ရှိ ဇာတ်​တော် ​ကျောက်ဆစ် ရုပ်ကြွင်း​များ​ကို အ​စောဆုံး​ အ​ထောက်အထား​များ​အဖြစ် ​တွေ့​ရ​ကြောင်း​၊​ ခရစ်နှစ် ၁၁ ရာစု လက်ရာများ​ဖြစ်​ကြောင်း​ သိရသည်။
၁၁ ရာစုတွင် ပုဂံသို့​ ​ထေရဝါဒ ဗုဒ္ဓသာသနာ ​ရောက်ပြီး​ချိန်တွင်ကား​ ငါး​ရာ့​ငါး​ဆယ် ဇာတ်နိပါတ် သရုပ်​ဖော်မှုများ​ကို ကျယ်ကျယ်ပြန့်​ပြန့်​ ​တွေ့​လာရသည်။ ပုဂံဘုရား​ အတွင်း​နံရံများ​တွင် ဇာတ်နိပါတ် သရုပ်​ဖော်ပန်း​ချီပုံများ​နှင့်​အတူ ဇာတ်နိပါတ် အမည်များ​၊​ ပုံအညွှန်း​စာများ​ကို မင်ဖြင့်​ရေး​ထိုး​ကြသည်။ အပြင်နံရံများ​တွင်လည်း​ စဉ့်​ရည်သုတ်ထား​သော စဉ့်​ကွင်း​များ​၊​ စဉ့်​ရည် မသုတ်​သော အုပ်ချပ်များ​၌ ဇာတ်နိပါတ်များ​ကို သရုပ်​ဖော်ကြသည်။ ​ကျောက်ဆစ်ရုပ်များ​လည်း​ ထွင်း​ထုကြသည်။ မြန်မာစာ အ​ရေး​အသား​ မ​ပေါ်​ပေါက်မီကပင် ငါး​ရာ့​ငါး​ဆယ် ဇာတ်နိပါတ် ပုံညွှန်း​စာများ​ကို ပါဠိဘာသာ၊​ မွန်ဘာသာ တို့​ဖြင့်​ ​ရေး​သား​ညွှန်း​ဆို ​နေကြပြီဖြစ်သည်။
ဇာတ်​တော်​ပေါင်း​ ၅၄၇ ဇာတ်ကို ငါး​ရာ့​ငါး​ဆယ်ဟု ဖြည့်​၍​ခေါ်ခြင်း​ ဖြစ်သည်ဟု ဆို​သော်လည်း​ ပုဂံသီရိပစ္စယာရှိ ဖက်လိပ်ဘုရား​ နှစ်ဆူရှိအုပ်ချပ် ရုပ်ကြွများ​တွင် ဇာတ်​တော် ငါး​ရာ့​ငါး​ဆယ်အပြည့်​ ပုံ​ဖော်ထား​ကြောင်း​ ​တွေ့​ရသည်။ ပကိဏ္ဏကနိပါတ်၊​ ဇာတ်အမှတ်စဉ် ၄၉၆၊​ ဘိက္ခါပရမ္ပရဇာတ်၏ ​နောက်တွင်ကပ်လျက် ၄၉၇ ​ဝေလာမဇာတ်၊​ ၄၉၈ မဟာ​ဂေါဝိန္ဒဇာတ်၊​ ၄၉၈ သု​မေဓပဏ္ဍိတဇာတ် ဟူ​သော ဇာတ်သုံး​ဇာတ်ကို ဖြည့်​ထား​ခြင်း​ဖြစ်သည်။ ဖက်လိပ်ဘုရား​များ​မှာ အ​နော်ရထာမင်း​ ပြုပြင်မွမ်း​မံသည့်​ ဘုရား​များ​ဖြစ်သည်ဟု ယူဆရပြီး​ ဖက်လိပ်မှ ငါး​ရာ့​ငါး​ဆယ် ရုပ်ကြွများ​မှာ ပုဂံတွင် အ​စောဆုံး​တွေ့​ရ​သော အ​ထောက်အထား​များ​ဖြစ်ရာ ဇာတ်​တော် ငါး​ရာ့​ငါး​ဆယ် ရှိသည်ဟူ​သော အယူအဆသည် အ​နော်ရထာမင်း​ လက်ထက်တွင် လက်ခံ ယုံကြည်​နေကြ​သော အယူအဆဖြစ်သည်ဟု သိရသည်။ ပုဂံ​ခေတ်တွင် ဇာတ်​တော် ငါး​ရာ့​ငါး​ဆယ် ပါ​သောမူနှင့်​ ငါး​ရာ့​လေး​ဆယ့်​ ခုနှစ်ဇာတ် ပါ​သောမူဟူ၍ (၂)မျိုး​ရှိခဲ့​ကြောင်း​၊​ အ​စောပိုင်း​ကာလတွင် ပထမမူကိုလက်ခံကြ​ကြောင်း​၊​ ​နောက်ပိုင်း​တွင် ဒုတိယမူကိုသာ လက်ခံကြသည်အတာက် ပုဂံရှိ​ရွှေဆံ​တော်၊​ ဂူ​ပြောက်ကြီး​၊​ အာနန္ဒာ၊​ မင်္ဂလာ​စေတီစသည့်​ ဘုရား​များ​တွင် (၅၄၇)ဇာတ်သာ ​ရေး​ထိုး​သည်ကို ​တွေ့​ရ​ကြောင်း​ ပညာရှင်တို့​ စူး​စမ်း​ဖော်ထုတ်ပြကြသည်။
ဖြည့်​စွက်​သော ဇာတ်သုံး​ဇာတ်တွင် ​ဝေလာမဇာတ်မှာ အင်္ဂုတ္တရနိကာယ်၊​ ​ဝေလာမသုတ်လာ ဘုရား​လောင်း​ ​ဝေလာမ ပုဏ္ဏား​အ​ကြောင်း​ ဖြစ်သည်။ မဟာ​ဂေါဝိန္ဒဇာတ်မှာ ဒီဃနိကာယ်၊​ မဟာ​ဂေါဝိန္ဒသုတ်လာ ဘုရား​လောင်း​ မဟာ​ဂေါဝိန္ဒပုဏ္ဏား​ အ​ကြောင်း​ဖြစ်သည်။ ဇာတကတွင်မူ ထိုဇာတ်များ​ မပါဝင်​ကြောင်း​ ​တွေ့​ရသည်။
မြန်မာစာ အ​ရေး​အသား​ ​ပေါ်​ပေါက်ပြီး​နောက် ငါး​ရာ့​ငါး​ဆယ် ဇာတ်​တော်များ​သည် မြန်မာစာ​ပေနယ်ပယ်တွင် ကျယ်ပြန့်​စာ ​နေရာယူလာသည်။ စာဆိုတို့​သည် ​ကောင်း​နိုး​ရာရာ ဇာတ်​တော်များ​ကို အ​ခြေပြု၍ ကဗျာအမျိုး​မျိုး​၊​ စကား​ပြေ အမျိုး​မျိုး​ ​ရေး​ဖွဲ့​ကြသည့်​အတွက် အင်း​ဝ​ခေတ်မှစ၍ မြန်မာဇာတက စာ​ပေများ​ ထွန်း​ကား​လာခြ့​သည်။ သာဓက​ဆောင်ရလျှင် အင်း​ဝ​ခေတ်တွင် ဟတ္ထိပါလဇာတ်ကို အ​ခြေပြု၍ ရှင်မဟာရဋ္ဌသာရ ​ရေး​ဖွဲ့​သော စတုဓမ္မသာရ ကိုး​ခန်း​ပျို့​၊​ ​ညောင်ရမ်း​ခေတ်တွင် ​ဝေဿန္တရာဇာတ်ကို အ​ခြေပြု၍ ​တောင်ဘီလာဆရာ​တော် ​ရေး​ဖွဲ့​သော ​ဝေဿန္တာရာပျို့​၊​ ကုန်း​ဘောင်​ခေတ်တွင် စန္ဒကိန္ဒရီဇာတ်ကို အ​ခြေပြု၍ ဦး​ရွှေခြည်​ရေး​ဖွဲ့​သော စန္ဒကိန္ဒရီပျို့​၊​ မ​ဟောသဓဇာတ်ကို အ​ခြေပြု၍ ဦး​ကြင်ဥ ​ရေး​ဖွဲ့​သော မ​ဟော်ပြဇာတ်၊​ ​နေမိဇာတ်ကို အ​ခြေပြု၍ ကင်း​ဝန်မင်း​ကြီး​ ​ရေး​ဖွဲ့​သော ​နေမိရကန၊​ ကိုလိုနီ​ခေတ်ဦး​ပိုင်း​တွင် ​အောက်မြန်မာနိုင်ငံ၌ မဟာဇနကဇာတ်ကို အ​ခြေပြု၍ ဦး​ခို ​ရေး​ဖွဲ့​သော မဟာဇနကပြဇာတ် စသည်တို့​ကို ကြည့်​ရုံဖြင့်​ ငါး​ရာ့​ငါး​ဆယ် ဇာတ်​တော်များ​ ပျံ့​နှံ့​မှုကို သိနိုင်သည်။ သာချင်း​၊​ ​ဟောစာ၊​ သျှိုး​လိုက်ရတု စသည်ဖြင့်​ ကဗျာ အမျိုး​မျိုး​ ​ပေါ်ထွက်ခဲ့​သည်။
စကား​ပြေဘက်ကဆိုလျှင် ငါး​ရာ့​ငါး​ဆယ် ဇာတ်အဋ္ဌကထာများ​ကို ပါဠိတစ်ချက် မြန်မာတစ်ချက် ပြန်ဆို​သော နိဿယ စကား​ပြေများ​ အစဉ်အဆက် ​ပေါ်​ပေါက်ခဲ့​သည်။ ကုန်း​ဘောင်​ခေတ်တွင် ဆရာ​တော်များ​က နိပါတ်အလိုက် တာဝန်ခွဲ၍ နိဿယ ပြန်ခဲ့​ကြသည်။ စကား​ပြေ သန့်​သန့်​အ​နေဖြင့်​ဆိုလျှင် ကုန်း​ဘောင်​ခေတ်တွင် ​ညောင်ကန်ဆရာ​တော် မြန်မာပြန်​သော ငါး​ရာ့​ငါး​ဆယ် ဇာတ်ဝတ္ထုများ​ ထင်ရှား​သည်။ မုန်တိုင်ပင်ဆရာ​တော်ကလည်း​ ငါး​ရာ့​ငါး​ဆယ်ဇာတ်ဝတ္ထုများ​ကို မြန်မာပြန်သည်။ ကိုလိုနီ​ခေတ်တွင် အမျိုး​သား​ပညာဝန် ဦး​ဖိုး​ကျား​က ဇာတ်​တော် ၂၄၉ ဇာတ်တွင် ငါး​ရာ့​ငါး​ဆယ် ​ကောက်နှုတ်ချက်များ​ စသည်ဖြင့်​ ရှင်း​ရှင်း​လွယ်လွယ် ပြန်​ရေး​ခဲ့​သည်။ လွတ်လပ်​ရေး​ရပြီး​နောက် ​ပေါ်ထွက်လာ​သော ငါး​ရာ့​ငါး​ဆယ် ဇာတ်ဝတ္ထုများ​တွင် ပထမ​ကျော် ဦး​ကြီး​ဖေ၏ ငါး​ရာ့​ငါး​ဆယ် နိပါတ်​တော် စကား​ပြေ၊​ ဦး​မြင့်​ဆွေ၏ ဇာတ်​တော် ငါး​ရာ့​ငါး​ဆယ်နှင့်​ ငါး​ရာ့​ငါး​ဆယ် အဘိဓာန်၊​ ငါး​ရာ့​ငါး​ဆယ် စာရင်း​ကျယ်၊​ မာဏဝ၏ နိပါတ်​တော်လာဇာတ်​တော် ငါး​ရာ့​ငါး​ဆယ်၊​ မင်း​သုဝဏ်၏ ငါး​ရာ့​ငါး​ဆယ် ဇာတ်ပင်လယ် စသည်တို့​ ထင်ရှား​သည်။ ဦး​အေး​ချို (မဟာဝိဇ္ဇာ)၏ ငါး​ရာ့​ငါး​ဆယ် သိမှတ်ဖွယ်ကဲ့​သို့​သော သုံး​သပ်​သော ကျမ်း​များ​လည်း​ ​ပေါ်ထွက်သည်။
ငါး​ရာ့​ငါး​ဆယ်မှ မဟာနိပါတ် အပါအဝင် ဇာတ်​တော်ကြီး​ဆယ်ဘွဲ့​ကို ကုန်း​ဘောင်​ခေတ်တွင် ဒန့်​တိုင်ဆရာ​တော်က နိဿယ ပြန်ခဲ့​သည်။ ဦး​ဩဘာသက ​တေမိယ၊​ ဇနက၊​ ​နေမိ၊​ မ​ဟောသဓ၊​ စန္ဒကုမာရ၊​ နာရဒ၊​ ဝိဓူရ၊​ ​ဝေဿန္တရာ ဟူ​သော ဇာတ်​တော်ကြီး​ ရှစ်​စောင်၊​ ရှင်ပညာတိက္ခက သုဝဏ္ဏသာမ၊​ ရှင်နန္ဒ​မေဓာက ဘူရိဒတ် ဇာတ်​တော်များ​ကို မြန်မာပြန်ခဲ့​ကြသည်။ ဒဂုန်ဦး​ထွန်း​မြင့်​၊​ လှသမိန် စသည့်​ ပုဂ္ဂိုလ်များ​ ​ရေး​သား​သော ဇာတ်​တော်ကြီး​ဆယ်ဘွဲ့​ ဝတ္ထုများ​လည်း​ ​ပေါ်ထွက်ခဲ့​သည်။
ငါး​ရာ့​ငါး​ဆယ် ဝတ္ထုများ​သည် အများ​စိတ်ဝင်စား​သည့်​ ဝတ္ထုများ​ ဖြစ်သည့်​အတွက် ပျို့​၊​ ရကန် စသည့်​ကဗျာများ​တွင် ဆီ​လျော်ရာရာ ဝတ္ထုများ​ကို ထည့်​သွင်း​ကိုး​ကား​ ​ရေး​ဖွဲ့​သကဲ့​သို့​ စကား​ပြေ ကျမ်း​များ​တွင်လည်း​ ထည့်​သွင်း​ကိုး​ကား​ကြသည်။ ​ညောင်ရမ်း​ခေတ်တွင် ဝရာဘိသင်္ဃနာထ ဆရာ​တော် ​ရေး​သား​သော မဏိကုဏ္ဍလ ဝတ္ထုဆိုလျှင် ငါး​ရာ့​ငါး​ဆယ်လာ မဟာသုတ ​သောမဇာတ်ကို မူတည်ပြီး​ ကျန်ဇာတ်​တော်အား​လုံး​လိုလို ပါဝင်​အောင် ထည့်​သွင်း​ကိုး​ကား​ ​ရေး​ဖွဲ့​ထား​သည့်​အတွက် တစ်မူ ထူး​ခြား​သည်။
ငါး​ရာ့​ငါး​ဆယ် ဝတ္ထုများ​တွင် စိတ်ဝင်စား​ဖွယ် ဇာတ်လမ်း​ဇာတ်ကွက် အမျိုး​မျိုး​၊​ စရိုက်သဘာဝကွဲပြား​သော ဇာတ်​ဆောင်အမျိုး​မျိုး​ ပါဝင်ပြီး​ ​မေတ္တာ၊​ ကရုဏာ၊​ သစ္စာ၊​ ဝီရိယ၊​ ပညာ၊​ သတ္တိ၊​ စွန့်​လွှတ်မှု၊​ အနစ်နာခံမှု၊​ ရက်​ရောမှု၊​ ကိုယ်ကျင့်​တရား​ရှိမှု၊​ သည်း​ခံမှု စသည့်​ ဂုဏ်ရည်အမျိုး​မျိုး​ကို ​ဖော်ကျူး​ထား​သည့်​အတွက် ​ခေတ်အဆက်ဆက် မရိုး​နိုင်ဘဲ အများ​ နှစ်သက်စွဲမက်​သော ဇာတ်ဝတ္ထုများ​အဖြစ် မြန်မာစာ​ပေသမိုင်း​ တစ်​လျှောက်တွင် တင့်​တယ်စွာ ရပ်တည်လျက်ရှိ​သော မြန်မာ့​ ယဉ်​ကျေး​မှု အ​မွေအနှစ်များ​ ဖြစ်​ပေသည်။
(စာကိုး​ - ဦး​ကျော်ငြိမ်း​ ပုဂံမြို့​ဟောင်း​ မြင်း​ကပါ ဂူ​ပြောက်ကြီး​ဘုရား​။ ဦး​ဖေ​မောင်တင် - မြန်မာစာ​ပေသမိုင်း​။ ဦး​မြင့်​ဆွေ - ဇာတ်​တော်ငါး​ရာ့​ငါး​ဆယ်။ ဦး​လေး​မြင့်​ - ပါဠိစာ​ပေသမိုင်း​။ B.C.Law: A History of Pali Literature , G.H.Luce: Old Burma Early Pagan. )

ကလျာမဂ္ဂဇင်း​
ဇူလိုင် ၊​ ၂၀၀၂ ၊​

0 responses to “ ငါး​ရာ့​ငါး​ဆယ် ”

Leave a Reply