ကျောက်ထက်အက္ခရာတင်ခဲ့သော သုတရသ စကားပြေအဖွဲ့များ
ကျောက်ထက်အက္ခရာတင်ခဲ့သော သုတရသ စကားပြေအဖွဲ့များ
ပုဂံသားတို့သည် ဗုဒ္ဓသာသနာကို အထူးသက်ဝင် ယုံကြည်ကြသည့်အလျောက် ကုသိုလ်ကောင်းမှု အမျိုးမျိုးပြုကြသည်။ ဘုရားတည်ကြသည်။ ကျောင်းဆောက်ကြသည်။ ကျွန်၊ လယ် စသည့် လှူဖွယ်ပစ္စည်းများ လှူကြသည်။ မိမိတို့၏ ကုသိုလ်ကောင်းမှုများ အရှည်တည်တံ့အောင် အစီအမံများ ပြုလုပ်ကြသည်။ ကျောက်ထက်တွင် အခိုင်အမာ အက္ခရာရေးထိုး၍ မှတ်တမ်းတင်ကြသည်။ ပင်းယ၊ အင်းဝ စသည့် နောက်ခေတ်များတွင်လည်း ထိုအစဉ်အလာအတိုင်း ဆက်လက်ကျင့်သုံးကြသည်။ ဤသို့ဖြင့် ရှေးခေတ်က ရေးထိုးခဲ့သော ကျောက်စာအများစုသည် အလှူမှတ်တမ်းများဖြစ်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပါသည်။
ထိုကုသိုလ်ရှင်တို့သည် အလှူမှတ်တမ်းတင်သည်ဆိုရာ၌ ကျွန်မည်မျှ၊ လယ်ပယ်မည်မျှ လှူသည်စသည်ဖြင့် အချက်အလက် သက်သက်ကိုမျှသာ မှတ်တမ်းတင်ခဲ့ခြင်းသာ မဟုတ်ပါ။ အလှူအကြောင်းဖော်ပြရင်း ရင်ထဲတွင် ပေါ်ပေါက်နိုးကြားနေသော စိတ်စေတနာများကိုပါ တစ်ပါတည်း ထင်ဟပ်ဖော်ပြ သွားတတ်ကြပါသည်။ နှစ်သက်လိုလားသော အကြောင်းအရာများကို နှစ်သက် လိုလားစိတ်ဖြင့် ပြောပြသည်။ မနှစ်သက် မလိုလားသော အကြောင်းအရာများကို မနှစ်သက်မလိုလားစိတ်ဖြင့် ပြောပြသည်။ ထိုအခါ အလှူမှတ်တမ်းဆိုင်ရာ အမည်နာမ ကိန်းဂဏန်း အချက်အလက်များနှင့်အတူ ကုသိုလ်ရှင်တို့၏ စေတနာထင်ဟပ်ချက်ကလေးများ ပြိုးခနဲ ပြက်ခနဲ ပေါ်လာတတ်ပါသည်။ ထိုစာမျိုးသည် အချက်အလက်သက်သက် မှတ်တမ်းတင်သော စာမျိုးထက်ပို၍ လှနေတတ်ပါသည်။ ပို၍ ဖတ်ချင်စဖွယ် ဖြစ်နေတတ်ပါသည်။ ထိုစာမျိုးကို ဖတ်ရသော စာဖတ်သူတွင်လည်း နှစ်သက်သာယာသော ရသနှင့်အတူ ဝမ်းမြောက်ကြည်နူးမှုစသည့် စိတ်စေတနာများ ပေါ်ပေါက်နိုးကြားလာရတတ်ပါသည်။ ထိုစကားပြေမျိုးသည် အလှူမှတ်တမ်းဆိုင်ရာ အချက်အလက်(သုတ) ကိုသာမက နှစ်သက်သာယာမှု (ရသ)ကိုပါ ပေးစွမ်းနိုင်သည့်အတွက် သုတရသ စကားပြေဟု ခေါ်ရခြင်းဖြစ်ပါသည်။
ပထမဆုံးတင်ပြလိုသော သုတရသ စကားပြေ အဖွဲ့မျိုးမှာ ဂုဏ်ထူးဝိဝေသများကို ဖော်ညွှန်းသည့် အဖွဲ့မျိုးဖြစ်ပါသည်။ ထိုဂုဏ်ထူးဝိသေသများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်အကြောင်းကို နှစ်သက်လိုလားသော စေတနာဖြင့် ဖော်ညွှန်းခြင်း ဖြစ်သည့်အတွက် ထိုအဖွဲ့မျိုးသည် သုတရော ရသပါ ပေးနိုင်စွမ်းရှိပါသည်။ ဖော်ညွှန်းသူ၏ စေတနာ ထင်ဟပ်ပြီးနေသည့်အတွက် အချက်အလက် သာမက နှစ်သက်သာယာမှုကိုပါ ပေးစွမ်းနိုင်ခြင်း ဖြစ်ပါသည်။ အောက်ပါအဖွဲ့ကိုကြည့်ပါ။ (သာဓကများတွင် ကျောက်စာရေးထုံး များကို ယခုခေတ်ရေးထုံးသို့ ပြောင်းလဲဖော်ပြသွားပါမည်။)
သခင် ကင်္ကသူ မယားကား အမိမျိုး အဖမျိုး ၇-ဆက် ကဲ့ရဲ့စရာ မရှိမြတ်စွာသော အမျိုးတည်း။ သခင်ညောင်ရမ်းကြီးသမီး မိမိအသက်နှင့်တူသော မျက်စိမျက်ဆန် နှင့်တူသော မိမိချစ်စွာသောလင် အတို့သခင် ကင်္ကသူ ပျံတော်မူရကား အတုမရှိသော တရားကိုသိ၍ ထိတ်လန့်၍ ရတနာ ၃ ပါးကို ရည်၍ အရပ် ၃ ပါး ပြုသတည်း။
ညောင်ရမ်းကြီးသမီးဆိုသူ ကုသိုလ်ရှင်၏ အလှူမှတ်တမ်းတင် ကျောက်စာဖြစ်ပါသည်။ ညောင်ရမ်းကြီးသမီးသည် ကင်္ကသူ၏ ဇနီးဖြစ်သည်။ မိမိခင်ပွန်း ပျံတော်မူ(ကွယ်လွန်) သောအခါ အတည်မရှိသော အနိစ္စတရားကို ဆင်ခြင်မိပြီး ထိတ်လန့်သည့်အတွက် ကုသိုလ်ကောင်းမှုပြုခြင်း ဖြစ်သည်။ ကင်္ကသူ့ဇနီးသည် အမိမျိုး အဖမျိုး ခုနှစ်ဆက် ကဲ့ရဲ့ဖွယ်မရှိသော အမျိုးမြတ်သူဖြစ်သည်။ သူ့ခင်ပွန်းကိုလည်း အလွန်ချစ်မြတ်နိုးသူ ဖြစ်သည်။ ခင်ပွန်းသည် မျက်ကွယ်ပြုသွားသောအခါ ခင်ပွန်းသည်၏ အကြောင်းကို ချစ်ခင်လေးစားစိတ်၊ နှမြောလွမ်းဆွတ်စိတ်နှင့် ပြောပြသည်။ ထိုသို့သော စိတ်စေတနာ ထင်ဟပ်နေကြောင်း သူ့စာက သက်သေခံနေပါသည်။ " မိမိအသက်နှင့်တူသော၊ မျက်စိမျက်ဆန် နှင့်တူသော၊ မိမိချစ်စွာသော လင် " ဟူသော ဝိသေသအဖွဲ့က ကုသိုလ်ရှင်၏ မေတ္တာသရုပ်ကို အလေးအနက် ထင်ဟပ်ဖော်ပြလျက် ရှိသည်။ အသက်တမျှ၊ မျက်စိမျက်ဆန်တမျှ မြတ်နိုးချစ်ခင်သော ကုသိုလ်ရှင်၏ အချစ်ကြီးပုံကို လေးစားစိတ်၊ စာနာစိတ်များ စာဖတ်သူရင်ထဲတွင် နိုးကြားလာစေနိုင်သော အဖွဲ့ပင်ဖြစ်ပါသည်။
နောက်ထပ်တင်ပြလိုသော အဖွဲ့မျိုးမှာ ဆုတောင်းစာ၊ ကျိန်စာအဖွဲ့မျိုး ဖြစ်သည်။ ကုသိုလရှင်တို့သည် မိမိတို့ ပြည့်လိုသောဆန္ဒကို ဖော်ထုတ်၍ ဆုတောင်းလေ့ရှိသည်။ မိမိတို့ကောင်းမှုများကို ထိပါးနှောက်ယှက်ခြင်း မပြုဝံ့အောင် ဟန့်တားသည့် အနေနှင့် ထိတ်လန့်ဖွယ် ကျိန်စာများလည်း ဆိုလေ့ရှိသည်။ ထိုဆုတောင်းကျိန်စာတို့သည် အဖြစ်အပျက် အချက်အလက် ဖော်ပြချက်များမဟုတ်ဘဲ ကုသိုလ်ရှင်၏ စေတနာဆန္ဒ သဘောထားများကို ထင်ဟပ်ဖော်ပြနေသော စာများ ဖြစ်သည့်အတွက် စာဖတ်သူကို နှစ်သက်ကြည်နူးမှု၊ ထိတ်လန့်ကြောက်ရွံ့မှုတို့နှင့် ယှဉ်သော ရသများ ပေးစွမ်းနိုင်သည့် စကားပြေ အဖွဲ့များဖြစ်ပါသည်။
သိင်္ဃသူ မည်သော မင်းသားတစ်ပါး၏ သမီး၊ နရသီဟပတေ့မင်း၏ မိဖုရားသည် ပုဂံအာမနာကျောင်းရှိ သံဃာတို့အား လယ်ဥယျာဉ်ကျွန်များ လှူဒါန်းပြီး ဤသို့ မျှဝေဆုတောင်းခဲ့ဖူးပါသည်။
" ဤငါတို့ပြုသော ကောင်းမှုအကျိုးအဘို့ ခပ်သိမ်းသောကို အစိုးရသော ရေမြေ့သခင်ဖြစ်သော မင်းကြီးလည်းရစေ၏။ ဤကောင်းမှုအာနုဘော်ဖြင့် ပြည်တိုင်းကား ခပ်သိမ်းသော၌နေသော လူခပ်သိမ်းသော၏ အစီးအပွားချမ်းသာကို ရှာပေလျက် သက်တော်ရှည်စွာနေ၍ ဤကောင်းမှုကို ထောက်ပင့်စေသတည်း။ မိဖုရားစသော မောင်းမတော် ခပ်သိမ်းလည်း ရစေ၏။ အချင်းချင်း အမျက်အဤ တစ်စေ့မရှိ၊ ချစ်သော မျက်စိဖြင့် ရှုကြရစေ၏ "
မိမိ၏ကောင်းမှုကို မိမိခင်ပွန်းဖြစ်သူ ဘုရင်မင်းမြတ်အား တလေးတစား ပထမဦးစွာ အမျှပေးဝေသည်။ ပြည်သူတို့၏ အကျိုးစီးပွားကို ဆောင်နိုင်ပါစေ ဟူ၍လည်း ဆုတောင်းသည်။ အသက်ရှည်စွာနေပြီး မိမိကောင်းမှုကို ထောက်ပင့်နိုင်ပါစေ ဟူ၍လည်း ဆုတောင်းသည်။ မိဖုရား မောင်းမတော်များသည်လည်း မိမိကောင်းမှုအကျိုးဖြင့် အချင်းချင်း အမျက်ဒေါသ မထားဘဲ ' ချစ်သောမျက်စိ ' ဖြင့် ကြည့်ကြပါစေဟူ၍လည်း မိမိဆန္ဒကို ဖော်ထုတ်ထားပါသည်။ အကျိုးတရားနှင့် ယှဉ်သော မေတ္တာသံ လွှမ်းသော ကုသိုလ်ရှင်၏ စိတ်ထားက လေးစားကြည်ညိုစရာပါပေ။ စာဖတ်သူအနေနှင့် တစိမ့်စိမ့် ကြည်နူးနှစ်သက်ရသော ရသမျိုး ပေါ်ပေါက်လာစေနိုင်သည့် အဖွဲ့ဖြစ်ပါသည်။
စောမင်းလတ်မည်သော ကုသိုလ်ရှင်ကမူ မိမိကုသိုလ်ကောင်းမှုများကို သူတစ်ပါး မထိပါးဝံ့အောင် ဤသို့ ကျိန်စာဆိုခဲ့ ပါသည်။
" ငါ့မြေကို စားသော ယောကျာ်းလည်းကောင်း၊ မိန်းမလည်းကောင်း၊ သေခဲ့သော် အထုလည်း အရက် ၆၀-သွား၊ အလျား အနံ အရက် ၆၀-သွားသော ကျောက်ဖျာကြီးတွင် ခါးရွေ့နစ်လျက် ရေလည်းမရ၊ အစာလည်းမရ၊ လျှာငါးလံထွက်လျက် ခံစေသတည်း။ "
မည်မျှကြောက်မက်ဖွယ် ကောင်းသော ကျိန်စာပါနည်း။ အလျားအနံအထု ရက်ပေါင်း ၆၀-သွားစာမျှ ကြီးမားလှသော ကျောက်ဖျာကြီးထဲတွင် ခါးအထိ နစ်မြုပ်နေပြီး လျှာငါးလံထွက်လျက် ဆင်းရဲခံနေရသည့်အသွင်ကို ထင်းခနဲ မြင်ယောင်လာနိုင်သည် နှင့်အမျှ ထိတ်လန့်ဖွယ်၊ ကြက်သီးမွေးညင်းထဖွယ် ရသမျိုး ပေါ်ပေါက်လာနိုင်စေသည့် အဖွဲ့ဖြစ်ပါသည်။
အလှူနှင့် ဆက်နွယ်နေသော ဖြစ်ရပ်များကို မှတ်တမ်းတင်ရာ၌ စေတနာ မေတ္တာအရင်းခံသော ဖြစ်ရပ်မျိုးကို မှတ်တမ်း တင်ရသောအခါ မှတ်တမ်းတင်သူ၏ စေတနာမေတ္တာ သဘောများသည် မှတ်တမ်းတွင် ထင်ဟပ်နေလေ့ ရှိပါသည်။ ယခုနောက်ဆုံး အနေနှင့် တင်ပြလိုသော အဖွဲ့မျိုးမှာ ဤသို့အဖွဲ့မျိုး ဖြစ်ပါသည်။ သာဓကအဖြစ် ' ကျစွာမင်း မိထွေးတော် ကျောက်စာ ' ကို ပြလို ပါသည်။ ထိုကျောက်စာတွင် ကျစွာမင်း မိထွေးတော်က မိမိနှင့် ကျစွာမင်းတို့ အတုံ့အပြန် ထားရှိသော မေတ္တာစေတနာသဘောကို ကြည်နူးဖွယ် မှတ်တမ်းတင်ထားပါသည်။ ကျစွာမင်း၏ မယ်တော်မှာ ကျစွာမင်း ငယ်စဉ်ကပင် ကံကုန်ခဲ့သည်။ ကျစွာမင်းပင် မယ်တော်ကို မသိလိုက်။ မိထွေးတော်က သားအရင်းကဲ့သို့မွေး၍ ကြီးပြင်းလာရသည်။ ကျစွာမင်းကလည်း မိထွေးတော်ကို မယ်တော် အရင်းကဲ့သို့ သဘောထားသည်။ ကျစွာမင်းနန်းတက်သောအခါ မိထွေးတော်ကို အိမ်ဆောက်ပေးသည်။ လယ်များ၊ ကျွန်များလည်း ပေးသည်။ မိထွေးတော်ကလည်း ထိုအိမ်ကို မိမိနေသည်ထက် သံဃာအား ကျောင်းအဖြစ်လှူဒါန်းရသည်က ပို၍မြတ်သည်ဟု ကြံစည် မိသဖြင့် ကျစွာမင်းကို လျှောက်ထားရာ ကျစွာမင်းက အသာတကြည်ခွင့်ပြုသည်။ မိထွေးတော်သည် ဂူဘုရားလည်းတည်ပြီး အိမ်ကိုလည်း ကျောင်းအဖြစ် လှူဒါန်းသည်။ ဤအကြောင်းကို ဤသို့မှတ်တမ်းတင်ထားပါသည်။
" ကျစွာမင်း ရွှေတောင်တက်ပြီ။ ငါ့မိကိုကား ငါမသိလိုက်။ ငါ့မိထွေးမွေး၍ ငါကြီး၏။ ငါ့မိထွေးလျှင်လည်း ငါ့မိဟူ၍ အိမ်ပြု နေပေ၏။ အိမ်ထောင် ကျွန်လယ်လည်း ပေးတော်မူ၏။ အိမ်လည်း ငါနေ၏။ ကျွန်လည်း ငါစေ၏။ လယ်လည်း ငါစား၏။ အိမ်ငါနေသောထက်ကား သီတင်းပညာရှိသော သံဃာတော်နေသော်မြတ်၏ ဟူ၍ ငါကြံမိရကား ဂူလည်းပြု၏။ ဂူပြီးရကား ဘုရားလောင်းကို ငါကြံ၏။ မြတ်စွာသော ငါ့သခင်အတို့ကျွန်ကို ပြုပေးသော အိမ်တည်းသာလည်း သာစွာ၏။ အတို့ကျွန်နေသော ထက်ကား သံဃာတော်နေသော်မြတ်၏ ဟူ၍ ဂူလည်းပြု၏။ အိမ်လည်းကျောင်းရည်၏။ ပေးတော်မူသော အိမ်တော်ကျွန်လယ်လည်း အတို့ကျွန်လှူ၏။ ငါကြားရကား မိထွေးတင့်အပ်နိုးသော သံဃာထားလင့်ဟု မိန့်တော်မူ၏။ "
မိထွေးတော်နှင့် သားတော်တို့ အပြန်အလှန် ပြောပုံကလေးများပါ ကြားယောင်လာအောင် မှတ်တမ်းတင်ထားပုံမှာ နှစ်သက်ဖွယ်ပင်။ ကျစွာမင်း၏ ကျေးဇူးသိတတ်သော သဘောထားနှင့် မိထွေးတော်၏ ရင့်ကျက်သော ဘာသာရေးခံယူချက်တို့ကို လေးစားဖွယ်တွေ့ရသည်။ ကျစွာမင်းက " ငါ့မိကိုကား ငါမသိလိုက်။ ငါ့မိထွေးမွေး၍ ငါကြီး၏။ ငါ့မိထွေးလျှင်တည်း ငါမိ၏ " ဟူ၍ မိထွေးတော်၏ ကျေးဇူးကို ထုတ်ဖော်မိန့်ကြားပုံ၊ မိထွေးတော်က သားတော်မင်းမြတ်ကို ဘုရားလောင်းဟု ရည်ညွှန်းကာ ' မြတ်စွာသော ငါ့သခင် ' ဟူ၍ ခေါ်ဝေါ်လျှောက်ထားပုံ၊ ' အိမ်လည်းငါနေ၏။ ကျွန်လည်း ငါစေ၏။ လယ်လည်း ငါစား၏ ' ဟူ၍ သားတော်က ချီးမြှင့်သည်ကို ဂုဏ်ယူလက်ခံသည့် လေသံပါအောင် ပြောဆိုပုံတို့က ဤမှတ်တမ်းကို အသက်ဝင်အောင် ထောက်ကူ ပေးလျက် ရှိပါသည်။ ကျေးဇူးသိတတ်ခြင်းသဘော၊ စွန့်လွှတ်လှူဒါန်းခြင်း သဘောတို့ကို လေးစားကြည်ညိုဖွယ် ရသပေါ်အောင် ရေးဖွဲ့ပြထားသော စကားပြေအဖွဲ့ တစ်ခုဖြစ်ပါသည်။
ဤသို့ဖြင့် ရှေးခေတ်က မြန်မာကြီးများ ကျောက်ထက်အက္ခရာ တင်ခဲ့ကြသော အလှူမှတ်တမ်းများတွင် ကုသိုလ်ရှင်တို့၏ စေတနာအရင်းခံသော အတွေးအမြင် ခံစားမှုများကို ယခုတိုင် လင်းခနဲလက်ခနဲ တွေ့နေမြင်နေရဆဲပါပေ။
ငွေတာရီမဂ္ဂဇင်း
အမှတ် ၂၉၈ ၊
မေလ ၊ ၁၉၈၅ ၊