ပသီပုံပြင် အ​ရေး​အသား​

ပသီပုံပြင်
' ပသီပုံပြင် ' ဟူ​သော ​ဝေါဟာရသည် မြန်မာစာ​ပေ ပရိသတ်နှင့်​ ရင်း​နှီး​ကျွမ်း​ဝင်ပြီး​ဖြစ်သည်။ တစ်​ထောင့်​နှင့်​တစ်ည ​ပြောရသည်ကို အ​ကြောင်း​ပြု၍ ' တစ်​ထောင့်​တစ်ည ပုံပြင် ' ဟုလည်း​ လူသိများ​သည်။ အင်္ဂလိပ်ဘာသာဖြင့်​ Arabian Nights. A Thousand and one nights ဟု ​ခေါ်သည်။
ပသီပုံပြင်များ​သည် မူလက အာ​ရေဗျကျွန်း​ဆွယ်ရှိ ပါရှန်လူမျိုး​တို့​၏ နှုတ်​ပြောပုံပြင်များ​ ဖြစ်​ကြောင်း​၊​ ​နောက်ပိုင်း​တွင် အိန္ဒိယပုံပြင်များ​နှင့်​ ဆက်နွယ်ကာ အခန်း​ဆက်​ပြောရ​သော ကမ္ဘာ​ကျော်ပုံပြင်ရှည်ကြီး​ ဖြစ်လာ​ကြောင်း​ ပညာရှင်တို့​ မိန့်​ဆိုကြသည်။ ထိုပသီပုံပြင်များ​သည် အင်္ဂလိပ်ဘာသာပြန်မှုများ​မှတစ်ဆင့်​ မြန်မာစာ​ပေထဲသို့​ ကိုလိုနီ​ခေတ်ဦး​ပိုင်း​ကပင် ​ရောက်ရှိလာခဲ့​သည်။
ထိုပုံပြင်များ​ကို ရှိတ်အပ္ပဒူရာမန်က ' တစ်​ထောင့်​တစ်ည ​ပြောရ​သော ပသီပုံပြင်ဝတ္ထုကြီး​ ' အမည်ဖြင့်​ မြန်မာဘာသာ ပြန်၍ ၁၉၀၆ ခုနှစ်တွင် စတင်ပုံနှိပ် ထုတ်​ဝေခဲ့​ကြောင်း​၊​ တစ်ဖန် ဆရာကြီး​ သခင်ဘ​သောင်း​ က ' တစ်​ထောင့်​တစ်ည ' အမည်ဖြင့်​ မြန်မာဘာသာပြန်ကာ ၁၉၅၀ ပြည့်​နှစ်မှ ၁၉၅၈ ခုနှစ်အတွင်း​ သုံး​တွဲခွဲ၍ ထုတ်​ဝေခဲ့​ကြောင်း​၊​ စီး​ပွား​ရေး​ မြင့်​ဦး​ ကလည်း​ ' တစ်​ထောင့်​ တစ်ည ​ခေါ် ပသီပုံပြင်များ​ ' အမည်ဖြင့်​ မြန်မာဘာသာပြန်၍ ၁၉၅၆ - ၁၉၅၇ ခုနှစ်အတွင်း​ ​လေး​တွဲခွဲကာ ထုတ်​ဝေခဲ့​ကြောင်း​၊​ ​ကျော်လှိုင်ဦး​ ကလည်း​ ၁၉၈၀ - ၁၉၈၂ ခုနှစ်အတွင်း​ ပထမညမှ ၁၄၆ ညအထိ ပုံပြင်များ​ကို ဘာသာပြန်၍ တစ်​ထောင့်​တစ်ည ပုံပြင်များ​ သုံး​တွဲ ထုတ်​ဝေခဲ့​ကြောင်း​ ဆရာမလိခ၏ မြန်မာစာ​ပေ အဘိဓာန်တွင် ​ဖော်ပြထား​ပါသည်။
၁၉၅၀ ပြည့်​နှစ်​ကျော်ပိုင်း​တွင် ရှုမဝမဂ္ဂဇင်း​မှာ လစဉ်ပါ​သော သခင်ဘ​သောင်း​၏ ' တစ်​ထောင့်​တစ်ည ' ကို ကျွန်​တော်တို့​ စွဲမက်ခဲ့​ရပါသည်။ အထူး​သဖြင့်​ ​အေး​အေး​ဆေး​ဆေး​ ပုံ​ပြော​နေသည့်​ ​လေသံဖြင့်​ ​ရေး​ထား​သော ဆရာကြီး​၏ ​ရေး​ဟန်​ကြောင့်​ ပို၍ စိတ်ဝင်စား​ရခြင်း​ ဖြစ်ပါသည်။ ' အဲသဟာနှင့်​ ' ဟူ​သော ​ပြောပုံမျိုး​၊​ ' ဒွန္နယာကြီး​မှာ ' ၊​ ' အလာဟု အရှင် ' စ​သော တစ်မျိုး​ဆန်း​သည့်​ အသုံး​အနှုန်း​မျိုး​တို့​ကြောင့်​ နှစ်သက်စွဲလမ်း​ရခြင်း​ ဖြစ်ပါသည်။ ဆရာ​ကျော်လှိုင်ဦး​၏ ' တစ်​ထောင့်​တစ်ည ' ပုံပြင်​တွေ ထွက်လာ​တော့​ ဟန်ကတစ်မျိုး​ ဖြစ်သည်။ ဆရာကြီး​ သခင်ဘ​သောင်း​၏ ပုံပြင်များ​ထဲမှာ မပါ​သေး​သော ပုံပြင်အသစ်များ​ကို ဖတ်ရသည့်​အတွက် တစ်မျိုး​ စိတ်ဝင်စား​ရပါသည်။
ယခု​ဖော်ပြခဲ့​သော ဆရာများ​ကဲ့​သို့​ ပသီပုံပြင်များ​ကို တစ်စုတစ်စည်း​တည်း​ မြန်မာပြန်ခြင်း​မျိုး​ မဟုတ်​သော်လည်း​ ​ကောင်း​နိုး​ရာရာ မြန်မာမှုပြုပြီး​ မြန်မာစာ​ပေထဲသို့​ သွတ်သွင်း​ကြသည့်​ လက်ရာများ​လည်း​ အတန်အသင့်​ရှိ​ကြောင်း​ သတိပြုမိပါသည်။ ကျွန်​တော်တို့​ငယ်စဉ်က ​ကျောင်း​မှာသင်ရ​သော ဆရာကြီး​ဦး​ဖေ​မောင်တင် ပြုစုသည့်​ ' ခြ​င်္သေ့​တံဆိပ် ' မြန်မာဖတ်စာများ​တွင် ' ​မောင်လူဒင် ' ၊​ ' ခိုး​သား​လေး​ဆယ် ' စသည့်​ ပုံပြင်များ​ကို ဖတ်ခဲ့​ရပါသည်။ ထိုပုံပြင်များ​သည် ပသီပုံပြင်ထဲက ' အာလာဒင် ' နှင့်​ ' အလီ ဘာဘာ ' တို့​ကို မြန်မာမှုပြုထား​ခြင်း​ ဖြစ်​ကြောင်း​ကို ကြီး​လာမှသိရပါသည်။
ပသီပုံပြင်၏ နိဒါန်း​ဖြစ်​သော ​ဖောက်ပြန်​သော မိန်း​မတို့​နှင့်​ ​တွေ့​ရ​သော မင်း​သား​ညီ​နောင် အ​ကြောင်း​ကိုလည်း​ မစ္စတာ ​မောင်မှိုင်း​၏ မှာ​တော်ပုံဝတ္ထုတွင် ဗား​ကရာလူထွက် ဆရာကြီး​ ဦး​ကျော်​ဒွေး​ကို ​မောင်ဘုန်း​ခင် ဆို​သော သူငယ်က​လေး​က မိန်း​မများ​ ​ဖောက်ပြန်တတ်ပုံကို သာဓက​ဆောင်သည့်​ အ​နေနှင့်​ ​ပြောပြဟန် ထည့်​သွင်း​ရေး​ဖွဲ့​ထား​သည်ကို ​တွေ့​ရပါသည်။
ရှိတ်အပ္ပဒူရာမန် မြန်မာပြန်​သော ပသီပုံပြင် ဝတ္ထုကြီး​ကို ၁၉၀၆ ခုနှစ်တွင် စတင်ပုံနှိပ်ထုတ်​ဝေသည်ဟု ဆရာမလိခက ဆို​သော်လည်း​ ကျွန်​တော်ဖတ်ရှု​လေ့​လာရ​သောမူမှာ ထို့​ထက်​စော​နေသည်ကို ​တွေ့​ရပါသည်။ စာအုပ်မျက်နှာဖုံး​တွင် The Arabian Nights Reader ဟု စာအုပ်အမည်ကို အင်္ဂလိပ်ဘာသာဖြင့်​ ​ဖော်ပြပြီး​ S.A.Rahman ဟု ဘာသာပြန်သူ အမည်ကိုပါ ​ဖော်ပြထား​ပါသည်။ ' ပသီပုံပြင်ဝတ္ထုကြီး​ ' ဟုလည်း​ မြန်မာဘာသာဖြင့်​ ​ဖော်ပြပါသည်။ အတွင်း​မျက်နှာဖုံး​တွင်မူ ' ဆဋ္ဌမ၊​ သတ္တမ၊​ အဋ္ဌမ နှင့်​ နဝမတန်း​များ​တွင် ဖတ်ရန် ​ကျောင်း​သုံး​စာအုပ် ​ကော်မတီတို့​ ပြဋ္ဌာန်း​ထား​သည့်​ ပသီပုံပြင်ဝတ္ထုကြီး​ ' ဟု​တွေ့​ရပါသည်။ အင်္ဂလိပ်ဘာသာဖြင့်​လည်း​ ​ဖော်ပြပါသည်။ ရန်ကုန်မြို့​ ဗြိတိသျှဘား​မား​ ပုံနှိပ်တိုက်က ရိုက်နှိပ်ပြီး​ပုံနှိပ်သည့်​ ခုနှစ်မှာ ၁၈၉၉ ခုနှစ် ဖြစ်​ကြောင်း​ ​တွေ့​ရပါသည်။
ဆရာကြီး​ ရာမန်၏ ပသီပုံပြင်ဝတ္ထုကြီး​ကို ၁၉၀၆ ခုနှစ်မှ ၁၉၀၉ ခုနှစ်အတွင်း​ ​လေး​တွဲခွဲ၍ ထုတ်​ဝေခဲ့​ပြီး​ ပုံပြင် ၃၈ ပုဒ် ပါ​ကြောင်း​၊​ ၁၉၇၇ ခုနှစ်တွင် စုစည်း​ပုံနှိပ်ထုတ်​ဝေ​ကြောင်း​ ဆရာမလိခ၏ မြန်မာစာ​ပေအဘိဓာန်အရ သိရပါသည်။ ကျွန်​တော်​တွေ့​ ရ​သော ပသီပုံပြင်ဝတ္ထုကြီး​မှာ ပုံပြင် (၈)ပုဒ်သာပါပါသည်။ ထို့​ကြောင့်​ ၁၈၉၉ ခုနှစ်တွင် ​ကျောင်း​သုံး​စာအုပ်အဖြစ် တစ်စိတ်တစ်ပိုင်း​ စတင်ထုတ်​ဝေပြီး​ ဆရာမလိခ ​ဖော်ပြသကဲ့​သို့​ ၁၉၀၆ ခုနှစ်ကျမ အပြည့်​အစုံ ထုတ်​ဝေခြင်း​ဖြစ်မည်ဟု ယူဆရပါသည်။
​ကျောင်း​သုံး​ပြဋ္ဌာန်း​သော ပသီပုံပြင်ဝတ္ထုကြီး​တွင် အလီဘာဘာနှင့်​ ဓား​ပြကြီး​ ​လေး​ကျိပ်တို့​အ​ကြောင်း​၊​ ကမာရက်ဇမန် မင်း​သား​နှင့်​ ပ​ဒေါင်း​ရာမင်း​သမီး​၏ အ​ကြောင်း​၊​ ဆင်း​တဘက်နှင့်​ သူဆင်း​ရဲကူလီ၏ အ​ကြောင်း​၊​ အာလာဒင် နှင့်​ ဣစ္ဆာသယမှန်အိမ် အ​ကြောင်း​၊​ ​ကြေး​ဝါမြို့​ကြီး​၏ အ​ကြောင်း​၊​ ညီမငယ်အား​ မနာလိုဝန်တိုခြင်း​ ဖြစ်ကြ​သော ညီအစ်မတို့​၏ အ​ကြောင်း​၊​ မဟာမက် မင်း​သား​နှင့်​ ဘရီတ​နောင်နတ်သမီး​၏ အ​ကြောင်း​ဟူ​သော ပုံပြင် ၈ ပုဒ် ​တွေ့​ရပါသည်။
စိတ်ဝင်စား​ဖွယ်​ကောင်း​သည်မှာ ပသီပုံပြင် အ​ရေး​အသား​ပင် ဖြစ်သည်။ ပဠိစာ​ပေကို မြန်မာဘာသာပြန်ဆိုသည့်​ ​ရေး​ဟန် မျိုး​ဖြင့်​ ခံ့​ခံ့​ညား​ညား​ ​ရေး​သား​ထား​သည့်​အပြင် ဆီ​လျောရာရာ မြန်မာမှုများ​ ထည့်​သွင်း​ထား​သည်ကိုလည်း​ စိတ်ဝင်စား​ဖွယ် ​တွေ့​ရပါ သည်။ ' အလီဘာဘာ နှင့်​ ဓား​ပြကြီး​လေး​ကျိပ် တို့​အ​ကြောင်း​ ' တွင်
​ရှေး​လွန်​လေပြီး​သောအခါ ပြအိုး​၊​ တန်​ဆောင်း​၊​ ကျံုး​၊​ ​မြောင်း​၊​ ပစ္စင်၊​ ရင်တား​၊​ တံခါး​၊​ တုရိုဏ် စ​သောမြို့​၏ ကျက်သ​ရေ လူ​နေလူထိုင် ​ဈေး​ဆိုင်ကနား​ လမ်း​မများ​တို့​ဖြင့်​ တင့်​တယ်​လျှောက်ပတ်​သော ပိရ်သျှပြည်ကြီး​တွင် အစ်ကိုကာဆင်၊​ ညီအာလီဘာဘာ ဟူ​သော အမျိုး​သား​နှစ်​ယောက်တို့​သည် အမိအဖ မရှိသည့်​နောက် ကျန်အ​မွေရပ် ဥစ္စာပစ္စည်း​များ​ကို အညီအမျှ တစ်​ယောက်ထက် တစ်​ယောက် မပိုသာ​စေဘဲ သင့်​တင့်​စွာ ခွဲခြမ်း​ဝေဖန်ပြီး​လျှင် ခံယူသုံး​ဆောင်ကြ​လေ၏။
ဟူ၍​ရေး​ထား​ပုံကိုကြည့်​လျှင် ​ရှေး​ခေတ်ဇာတ်​တော်ကြီး​များ​ ​ရေး​ဖွဲသည့်​ ဟန်မျိုး​ဖြစ်​ကြောင်း​ ​တွေ့​နိုင်ပါသည်။ မြန်မာ မင်း​များ​လက်ထက် မြို့​ပြ၊​ ကျံုး​၊​ ​မြောင်း​ စ​သော မြို့​အင်္ဂါရပ်များ​ကိုပါ ထည့်​သွင်း​ရေး​ဖွဲထား​ပုံကိုလည်း​ ​တွေ့​နိုင်ပါသည်။
' အာလာဒင် နှင့်​ ဣစ္ဆာသယ မှန်အိမ်အ​ကြောင်း​ ' တွင် အာလာဒင်၏ ဖခင်က အာလာဒင်အား​ ဆုံး​မပုံကို ဤသို့​ရေး​ဖွဲ့​ ထား​ပါသည်။
ချစ်သား​၊​ ဖခင်​ပြောမည် နား​ထောင်​လော့​။ အကြင်သူတို့​သည် အတတ်အလိမ္မာ ဉာဏ်မရှိ​ချေက သူများ​၏​လှေ​လှော် ဝန်ထမ်း​ အခိုင်း​အ​စေကိုသာ ခံယူ​လေသည်။ မိဘ၌ ကြွယ်ဝချမ်း​သာ၍ ​ရွှေအိမ်ဘုံမြင့်​ ခုနစ်ဆင့်​၌ ထား​ငြား​သော်လည်း​ ပြာဿဒ်ဖျား​၌ နား​သောကျီး​ကဲ့​သို့​ ထိုထိုပစ္စည်း​ဥစ္စာတို့​ကို ​ဆောင်ရွက်သုံး​စား​ခြင်း​ မပြုနိုင်​ချေ။ အဆင်း​သဏ္ဌာန်၏ လှပတင့်​တယ် ရှုချင်ဖွယ် ​ကောင်း​ငြား​သော်လည်း​ ပညာတည်း​ဟူ​သော အနှစ်သာရမရှိပါက ​ပေါက်ပွင့်​ပေါက်ပန်း​ကဲ့​သို့​ ဖြစ်လတ္တံ့​။ အကြင်​ပေါက်ပွင့်​ ​ပေါက်ပန်း​သည် အဆင်း​သဏ္ဌာန်သာရှိ၍ အနံ့​အရသာ မရှိပါက ​မွှေး​ကြိုင် ထုံသင်း​ခြင်း​ငှာ မစွမ်း​နိုင်​ချေ။ ထို့​အတူ အကြင်အဆင်း​ သဏ္ဌာန်ရူပကာယ၌ ရှုချင်ဖွယ်ရှိ​သော်လည်း​ ပညာတည်း​ဟူ​သော အနှစ်သာရမရှိက ထို​ပေါက်ပန်း​ကဲ့​သို့​ ဖြစ်လိမ့်​မည်။
ဤဆုံး​မစကား​ကိုကြည့်​လျှင် အင်း​ဝ​ခေတ်စာဆို ရှင်မဟာရဋ္ဌသာရ၏ ကိုး​ခန်း​ပျို့​တွင် ဟတ္ထိပါလပုဏ္ဏား​က ဟတ္ထိပါလ သတို့​သား​အား​ ပညာသင်ရန် တိုက်တွန်း​သည့်​ စကား​များ​မှ " ဘိုး​ဘွား​မိဘ၊​ သူကြီး​မ၍၊​ မလျမညှိုး​၊​ မစိုး​မရိမ်၊​ နတ်စည်း​စိမ်သို့​၊​ ​ရွှေအိမ်ဘုံမြင့်​၊​ ခုနစ်ဆင့်​ထက်၊​ ​နေလင့်​ကစား​၊​ ပြာသာဒ်ဖျား​ဝယ်၊​ နား​သည့်​ကျီး​မျှ၊​ ပမာကျလိမ့်​၊​ အင်္ဂပစ္စင်၊​ သွင်ပြင်ရုပ်ဝါ၊​ ပြည့်​စုံပါလည်း​၊​ နံ့​သာလှိုင်ခြင်း​၊​ ဂုဏ်နံ့​ကင်း​မူ၊​ အဆင်း​လှဆန်း​၊​ လူ့​ပေါက်ပန်း​ဟု၊​ သွမ်း​မှန်း​သိ​ထွေ၊​ ကဲ့​ရဲ့​လေအံ့​ " ဟူ​သော အဖွဲ့​ကို စကား​ပြေဖြင့်​ ပြန်လည်ရှင်း​လင်း​ထား​ခြင်း​ဖြစ်​ကြောင်း​ ​တွေ့​နိုင်ပါသည်။ မြန်မာစာ​ပေနှံ့​စပ် ကျွမ်း​ကျင်​သော ပုဂ္ဂိုလ်၏ လက်ရာဖြစ် ​ကြောင်း​ သိသာပါသည်။
ပသီပုံပြင်ဝတ္ထုကြီး​ကို ၁၈၉၉ ခုနှစ်တွင် ရိုက်နှိပ်ထုတ်​ဝေခြင်း​ဖြစ်ရာ ယခုဆိုလျှင် နှစ် ၁၀၀ ပြည့်​ခါနီး​ပါပြီ။ လွန်ခဲ့​သော နှစ် ၁၀၀ ခန့်​က မြန်မာစကား​ပြေ အ​ရေး​အသား​အဖြစ် တန်ဖိုး​ရှိလှသည့်​အပြင် မြန်မာမှုများ​ ထင်ဟပ်​နေ​သော စာ​ပေလက်ရာ အဖြစ်လည်း​ စိတ်ဝင်စား​ဖွယ် ​ကောင်း​လှပါသည်။

​ငွေတာရီမဂ္ဂဇင်း​

0 responses to “ ပသီပုံပြင် အ​ရေး​အသား​ ”

Leave a Reply