ချစ်၍အလှကိုဖော်ကျူးခြင်း
ချစ်၍အလှကိုဖော်ကျူးခြင်း
[ ၁ ]ချစ်သည်။
ရွာကိုချစ်သည်။ မြို့ကိုချစ်သည်။ နိုင်ငံကို ချစ်သည်။
ကိုယ့်ရွာ ကိုယ့်မြို့ ကိုယ့်နိုင်ငံ ချစ်သော စိတ်သည် သူသူငါငါ၏ ရင်ထဲနှလုံးထဲတွင် ကိန်းအောင်းနေတတ်သော ဗီဇစိတ်ဖြစ်သည်။
ချစ်လျှင်လှသည်။ ချစ်စိတ်ဖြင့် ကြည့်လျှင် အလှကို မြင်စမြဲဖြစ်သည်။ ကိုယ့်ရွာကိုယ့်မြို့ ကိုယ့်နိုင်ငံကို ချစ်စိတ်ဖြင့် ကြည့်သောအခါ ရွာအလှ၊ မြို့အလှ၊ နိုင်ငံအလှကို မြင်ရသည်။
ချစ်စိတ်ဖြင့် ကြည့်၍မြင်လာသော အလှကို စာနှင့်ပေနှင့် ရေးဖွဲ့လေသောအခါ ...
[ ၂ ]
ပုဂံခေတ်ကဖြစ်သည်။
' နှလုံးမွေ့လျော်ဖွယ်ရှိသော အရိမဒ္ဒနပူရ် မည်သော ပြည်၌ကား အကြင်မင်းကား မြတ်စွာသော တရားမင်းတည်း။ ထိုမင်း၏ အမတျာကား အသဝတ်မည်၏တည်း '။
အသဝတ် အမည်ရှိသောအမတ်ကြီး ကွယ်လွန်သောအခါ အမတ်ကြီး၏ ဇနီးသည် ခင်ပွန်း၏ သင်္ချိုင်းဂူဝယ် ကောင်းမှုပြုပြီး ကျောက်စာရေးထိုးသည်။
ထိုကျောက်စာတွင် မိမိ၏ မြို့ကို ' နှလုံးမွေ့လျော်ဖွယ်ရှိသော အရိမဒ္ဒနပူရ် ' ဟု ချစ်သောစိတ်ဖြင့် မှတ်တမ်းတင်ခဲ့သည်။ အမတ်ကြီး၏ဇနီး ပုဂံမြို့သူသည် အရိမဒ္ဒနပူရ် မည်သော ပုဂံမြို့ကို ချစ်သည်။ ချစ်သည့်အတွက် ပုဂံ၏အလှကို မြင်သည်။ မြင်သည့် အတွက် ' နှလုံးမွေ့လျော်ဖွယ်ရှိသော ' ဟု နှစ်နှစ်သက်သက် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။
' နှလုံးမွေ့လျော်ဖွယ်ရှိသော ' ဟူသည့် ကျောက်ထက်အက္ခရာများသည်ကား အမတ်ကြီး၏ဇနီး ချစ်မေတ္တာရောင်ဖြင့် ယခုတိုင် ဝင်းပြောင်ရွှန်းလက် နေပေတော့သည်။
[ ၃ ]
ပင်းယခေတ်ဆီကို ရှုပါဦး။
တာဝတိံသာ နတ်ရွာလော၊ နတ်ရွာလော။
ဟုတ်တည်း ရှင်ချင်း ရှင်ချင်း
ဟုတ်တည်း ဆွေရင်း ဆွေရင်း
ဟုတ်တည်း သည်ရင်း သည်ရင်း
မြင်စိုင်းဟူသည် ရွှေပြည် ရွှေပြည်
မြင်စိုင်း ရွှေမြေ ပန်းသင်းခွေ
ပင်ခြေချံုထက်နွယ် ချံုထက်နွယ်။
ပင်းယမင်း ငါးစီးရှင်ကျော်စွာ၏ ' ကာချင်း ' တွင် မြင်စိုင်းရွှေမြေ၏ အလှကို နှစ်သက်စဖွယ် ဖွဲ့ထားသည်။ စစ်သည်တို့၏ ရဲစိတ်ရဲမာန် တက်ကြွစွာ ' ကာက ' ကြရာတွင် ဤကာချင်းကို ဆိုကြသည်ဟု မှတ်သားရသည်။ ကာချင်းတွင် တာဝတိံသာ နတ်ပြည် ကဲ့သို့ သာယာသော မြင်စိုင်း၏အလှကို ဖွဲ့သည်။ ' ရွှေပြည် ' ဟူ၍ တမြတ်တနိုး တင်စားသည်။ သင်းခွေပန်းများ နွယ်တက်နေသော မြင်စိုင်း၏အလှ။ ကိုယ့်မြို့ကိုယ့်နိုင်ငံဖြစ်သော မြင်စိုင်းရွှေမြေကို ချစ်သော ငါးစီးရှင်ကျော်စွာသည် မြင်စိုင်း၏အလှကို မြင်သည်၊ မြင်သည့်အလှကို ကာချင်းဖြင့် ပုံဖော်ပြသည်။ ဤမြင်စိုင်းမြို့ဘွဲ့ ကာချင်းတွင် ငါးစီးရှင်၏ နိုင်ငံချစ်စိတ်သည် တစ်သားတည်း ကိန်းဝပ်လျက် ရှိနေပေသည်။
[ ၄ ]
အင်းဝခေတ်။
နေဝင်မြင်သည်၊ ဝရွှေပြည်ကား၊ ဆင်းရည် ပတ်ချုပ်။ မှိုင်းအုပ်ပျပျ၊ ပုညတောင်ဆီ၊ ရီလျက် မလင်း၊ မဝင်းအုပ်မှိုင်း၊ စစ်ကိုင်း တစ်ဖက်၊ သန်လျက်ပေါ်ထွန်း၊ ကျွန်းများတံခွန်၊ နန်းဗိမာန်မှာ၊ လေသွန်ဖြည်းလှည့် လိမ့်တကား။
စာဆိုရှင်ထွေးနာသိန်၏ အင်းဝမြို့ ဘွဲ့ရတုဖြစ်သည်။ ရှင်ထွေးနာသိန်သည် ရွှေနန်းကြော့ရှင် လက်ထက်တွင် ရာဇဝတ် ဘေးကြောင့် အင်းဝမှတောင်ငူသို့ ထွတ်ပြေးတိမ်းရှောင်ရသည်။ တောင်ငူတွင် ခိုလှံုနေသော်လည်း ရှင်ထွေးနာသိန်ခမျာ အင်းဝကို မမေ့နိုင်ရှာ။ ရော်ရမ်းလွမ်းဆွတ် နေမိရှာသည်။ နေဝင်ကာနီး ဆည်းဆာရောင် ရီတမှောင်တွင် ပုညတောင်၊ စစ်ကိုင်းတစ်ဖက် သန်လျက်ခုံပေါ်တွင် တည်ထားသော အင်းဝရွှေပြည်၊ လေသွန်ပြတင်းမှ လေတညှင်းညှင်း ဆော်မွေ့နေမည့် ရွှေနန်းတော်တို့ကို မြင်ယောင်လာသည်။ လွမ်းဆွတ်လာသည်။ ကိုယ့်ရပ်ကိုယ့်မြေ အင်းဝပြည်ကို ချစ်သောစိတ်ဖြင့် မြင်ယောင်လွမ်းဆွတ်ကာ အင်းဝ၏ အလှကို စာဖွဲ့ခြင်းဖြစ်သည်။ ဤသို့ ကြိတ်မှိတ် လွမ်းဆွတ်ရင်းနှင့်ပင် ရှင်ထွေးနာသိန်ခမျာ တောင်ငူတာင် ကွယ်လွန်ရှာသည်။ ကွယ်လွန်ပြီးမှ သူ့ခေါင်းအုံးအောက်တွင် ဤရတုကို တွေ့ရတော့သည်။ ကြေကွဲဖွယ်ပင်။ အင်းဝရွှေပြည်ကို ချစ်သော လွမ်းသော ရှင်ထွေးနာသိန်၏ စိတ်အစဉ်ကား သူ့ရတုထဲတွင် စွဲထင်လျက် ရှိနေပေတော့သည်။
[ ၅ ]
တောင်ငူခေတ်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မင်းရာဇာကြီး မင်းပြုလျက်ရှိသည်။ ဟံသာဝတီမင်း ငါးဆူဒါယကာနှင့် တစ်ခေတ်တည်း လည်း ဖြစ်သည်။ မင်းရာဇာကြီး၏ သားတော် အိမ်ရှေ့ဥပရာဇာ မင်းခမောင်း၏ အကြေီးတော်ကား စာဆို ' ဥက္ကာပျံ ' ပင်တည်း။ ဥက္ကာပျံသည် အိမ်ရှေ့ဥပရာဇာနှင့်အတူ ဟံသာဝတီသို့ စစ်ချီရသည်။ ဟံသာဝတီတွင် လေးနှစ်မျှကြာသောအခါ ဥက္ကာပျံသည် ဇာတိဌာနေ ' မြောက်ဦး ' မြေကို လွမ်းဆွတ်သတိရလာသည်။ ပြန်ချင်လာသည်။ သို့သော် သူ့သခင် အိမ်ရှေ့ဥပရာဇာ ပြန်ပါမှ သူလည်း ပြန်ရတော့မည်။
ဥက္ကာပျံကား ပရိယာယ် သုံးတော့သည်။ အိမ်ရှေ့မင်း၏ ချစ်သူမင်းသမီးက အိမ်ရှေ့မင်းအား မြောက်ဦးမြို့တော်၏ အလှကို ဖွဲ့နွဲ့လျှောက်ထားဟန် ရတုများ ဖွဲ့လေတော့သည်။ ဥက္ကာပျံ၏ ရတုများတွင် မြောက်ဦးရွှေမြို့တော်၏ အလှသည် ပေါ်လွင်နေ သကဲ့သို့ ဥက္ကာပျံ၏ ကိုယ့်မြို့ကိုယ့်ပြည်ကိုချစ်သော စိတ်ဓာတ်သည်လည်း ထင်ရှားလျက်ရှိသည်။
ယက္ခမှန်ဖူး မြောက်ဦးရွှေပြည်သာ၌
များစွာသည် ရွှေလှေပေါင်း
သိင်္ဃနဒီ နန်းတောင်ဆီဝယ်
ရွှေလှေ မင်းဆိပ်ချောင်း၌
တထောင်းထောင်း ပျော်စည်တွင်
တူစုံ ရှုကြည့်ချစ်သည်။
သင်္ကြန်အခါတည့်လေ။
မြောက်ဦးနေပြည်တော် သိင်္ဃနဒီချောင်း၌ လှေများနှင့် သင်္ကြန်ပွဲနွှဲချင်သည့် ဆန္ဒကို ဖွဲ့နွဲ့လိုက်ခြင်း ဖြစ်သည်။ ဆယ့်နှစ်ရာသီလုံးတွင် မြင်နိုင်တွေ့နိုင်သော မြောက်ဦး၏ အလှကွက်အမျိုးမျိုးကို ရေးဖွဲ့ကာ အလွမ်းဖြေရရှာခြင်း ဖြစ်သည်။ ဥက္ကာပျံ ကား မြောက်ဦး၏ အလှကို လက်ရာမြောက်စွာ ပုံဖော်ရေးဖွဲ့နိုင်သူပေတည်း။
[ ၆ ]
ရတနာပူရ၊ ရွှေအင်းဝဟု၊ ပေါက်ပြဖြန့်ကျော်၊ ရွှေပြည်တော်ကား၊
ရေသော်ကျယ်မျှ၊ ဆယ့်နှစ်လ၌၊ ဆုံးစမမြင်၊ သဘာင်နှင့်သာ၊
ဆက်ကာကာတည်၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေ။
ဆယ့်နှစ်ရာသီစလုံး ပွဲတော်များဖြင့် စည်ကားနေသော အင်းဝနေပြည်တော်၏ အလှကို ညောင်ရမ်းခေတ် (ဒုတိယ အင်းဝ ခေတ်) စာဆိုဦးအောင်ကြီးက လူးတားဖြင့် ပုံဖော်လိုက်ခြင်းဖြစ်သည်။ လစဉ်ရာသီပွဲများ ဆင်နွှဲကြပုံကို မြင်ယောင်လာအောင် တစ်ရာသီလျှင် လူးတားတစ်ပုဒ်စီဖြင့် အလှခြယ်ပြထားသည်မှာလည်း နှစ်သက်ဖွယ်ကောင်းလှသည်။ ကိုယ့်မြို့ကိုယ့်ပြည်၏ အလှကို မြင်လည်းမြင်၍ ပြလည်းပြတတ်သူဖြစ်သည်။ အရင်းအမြစ်ကား ကိုယ့်မြို့ကိုယ့်ပြည်ကို ချစ်သော စိတ်ပင်ဖြစ်ပါလိမ့်မည်။
[ ၇ ]
ကုန်းဘောင်ခေတ်သို့ ရောက်ပါပြီ။
နွေကျွန်းသန်ကာ၊ ခုချိန်ခါကို၊
ကျောင်းအရာမ်ခင်း၊ စေတီတွင်းဝယ်
သီတင်းအလှူ၊ ရွှေပြည်သူတို့
ဆုယူစည်းဝေး၊ ဖြူဖြူဖွေးလိမ့်
စက်မှေးခိုက်တွင်၊ အိပ်မက်မြင်သို့
မရွှင်ရှုတ၊ လွမ်းလိုက်လှရှင့်။
နာမည်ကျော် လက်ဝဲသုန္ဒရ အမတ်ကြီး၏ လွမ်းသံဖြစ်သည်။ မင်းမျက်သင့်၍ မဲဇာသို့ အပို့ခံရသော အမတ်ကြီးသည် မဲဇာကနေ၍ ကုန်းဘောင်နေပြည်တော်ကို ရော်ရမ်းလွမ်းဆွတ် နေမိရှာသည်။ ဘုရားသွားကျောင်းတက် ပြုနေကြမည့် ပြည်သူတို့၏ အသွင်ကို မြင်ယောင်ကြည့်မိရင်း လွမ်းဆွေးနေမိရှာခြင်း ဖြစ်သည်။ ချစ်၍ လွမ်းရသော အလွမ်း၊ လွမ်းစိတ်နှင့် သရုပ်ဖော်နေသော နေပြည်တော် အလှဖွဲ့ပါတည်း။
[ ၈ ]
ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ကိုလိုနီခေတ်က တပ်လှန့်သံဖြစ်သည်။ ဆရာဇော်ဂျီသည် သူ့ကျွန်ဘဝရောက်နေသည့် မြန်မာပြည်အား ကိုယ့်ရွာ ကိုယ့်ပြည် အတွက် ဆောင်ရွက်ကြရန် တပ်လှန့်နှိုးဆော်လိုက်ခြင်း ပင်ဖြစ်သည်။ ကိုယ့်မြို့ကိုယ့်ပြည်ကို ချစ်တတ်၊ မြတ်နိုး တတ်လာအောင် အကျိုးဆောင်တတ်လာအောင် အားသစ်လောင်းပေးလိုက်သော ကဗျာပင်တည်း။ တက်ကြွထက်သန်သော တိုင်းချစ်ပြည်ချစ်စိတ်မှ ပေါက်ပွားလာသော ကဗျာပင်တည်း။
[ ၉ ]
သူ့ရွာသူ့ပြည်က မည်မျှလှသည်ဆိုစေ၊ မည်မျှသာယာသည်ဆိုစေ အားမကျဘဲ ကိုယ့်ရွာကိုယ့်ပြည်၏ အလှကိုရှာရင်း ကိုယ့်ရွာကိုယ့်ပြည်ကိုသာ ချစ်နေလိုသော ငွေတာရီက ' အလှရှိရာ ' ကဗျာတွင် ဤသို့ ကျူးရင့်ထားပါသည်။
မြေပင်ကျယ်ဝင်း၊ လယ်ယာခင်း၌
အင်းအိုင်မြစ်ချောင်း၊ ရှုမညောင်းတည့်
တောင်စောင်းတောင်ထိပ်၊ စေတီရိပ်ဝယ်
ဆွေမိတ်တူစုံ၊ ဖူးရတုံသော်
အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်
မိခင်မြေမ၊ သာလေစွဟု .....
ငွေတာရီ၏ ' မိခင်မြေ သာလေစွ ' ဟူသော ကျူးရင့်သံသည် မိခင်မြေကို ချစ်ခင်တွယ်တာသော စိတ်ကိုလည်းကောင်း၊ မိခင်မြေ၏ အလှကိုလည်းကောင်း ဖော်ညွှန်းလျက် ရှိပါပေသည်။
[ ၁၀ ]
မင်းတို့မမေ့အပ်သည့် အရပ်သုံးပါးရှိသည်ဟု ကျမ်းဂန်ကပြသည်။ ဖွားရာဇာတိအရပ်၊ ဘိသိက်ခံရာအရပ်၊ ရန်အောင်ရာ အရပ်တို့တည်း။
ဇာတိမြစ်ခြေ၊ ရန်အောင်မြေနှင့်
သွန်းရေခံရာ၊ ခန်းဝါထင်ရှား
ရပ်သုံးပါးကို လူများသနင်း
မင်းတို့တံထွာ၊ မမေ့ရာလျက် ....
တွင်းသင်းမင်းကြီးကလည်း ဘလ္လာတိယပျို့တွင် ထိုအရပ်သုံးပါးကို ဤသို့ ရေးဖွဲ့ထားသည်။ ထိုအရပ်သုံးပါးတွင် တစ်ပါး အပါအဝင် ဖြစ်သော ' ဇာတိမြေ ' အကြောင်းကို ဤနေရာတွင် အထူးပြုလိုပါသည်။ ဇာတိမြေကို မင်းမှသာမဟုတ်၊ လူသားမှန်သမျှ မမေ့အပ်၊ မမေ့စကောင်း။
ချစ်သူကို မေ့ရိုးထုံးစံမရှိ၊ ချစ်သူကို မမေ့နိုင်ကြ။
ချစ်သူနှင့် အတူနေရစဉ် ချစ်သောစိတ်ဖြင့် ချစ်သူ၏အလှကို ဖော်ကျူးတတ်ကြစမြဲ။ ချစ်သူနှင့်ဝေးလျှင်လည်း လွမ်းသော စိတ်ဖြင့် တမ်းတတတ်ကြစမြဲ။
ဇာတိမြေကို ချစ်ရသည်။
ဇာတိမြေသည်လည်း ချစ်သူပင်တည်း။ ထို့ကြောင့်
ဇာတိမြေကို မမေ့နိုင်ကြ။ ဇာတိမြေတွင် နေရစဉ် ချစ်သောစိတ်ဖြင့် ဇာတိမြေ၏ အလှကို ဖော်ကျူးတတ်ကြစမြဲ။ ဇာတိ မြေနှင့်ဝေးလျှင်လည်း လွမ်းသောစိတ်ဖြင့် တမ်းတတတ်ကြစမြဲ။
ထိုသဘောကို စာပေသမိုင်းအစဉ်က သက်သေပြခဲ့ပြီးပေပြီ။
ဇာတိရပ်ရွာကို ချစ်၍ ရွာ၏အလှကို ဖော်ကျူးသည်။ ဇာတိမြို့ကိုချစ်၍ မြို့၏အလှကို ဖော်ကျူးသည်။ ဇာတိနိုင်ငံကိုချစ်၍ နိုင်ငံ၏အလှကို ဖော်ကျူးသည်။
- ဤအလေ့ကား အစဉ်အလာ ကြီးမားခဲ့သော အလေ့
- ဤအလေ့ကား နိုင်ငံသားတိုင်း အလေးအမြတ်ပြုအပ်သော အလေ့
- ဤအလေ့ကား နိုင်ငံချစ်စိတ် ခိုင်မာစွဲမြဲလာအောင် ပြုပေးသောအလေ့ ဟုဆိုရမည်သာ။
ငွေသဲဖြူမဂ္ဂဇင်း၊ ၁၉၈၅။
0
responses to “
ချစ်၍အလှကိုဖော်ကျူးခြင်း
”