ကုန်းဘောင်ခေတ် ဘာသာပြန်စာပေ
ကုန်းဘောင်ခေတ် ဘာသာပြန်စာပေ
တိုင်းခြားစာပေများကို မြန်မာဘာသာ ပြန်ဆိုသည့် ဘာသာပြန်သမိုင်းစဉ်ကို လေ့လာကြည့်သောအခါ ကုန်းဘောင်ခေတ် တွင် ထူးခြားချက်တစ်ရပ်ကို တွေ့ရသည်။ ယင်းကား အခြားမဟုတ်။ မြန်မာဘာသာ ပြန်ဆိုသည့် တိုင်းခြား စာပေနယ်နိမိတ် ကျယ်ဝန်းလာခြင်းပင် ဖြစ်သည်။ကုန်းဘောင်ခေတ် မတိုင်မီကမူ ဘာသာပြန်စာပေဟုဆိုလျှင် ပါဠိ၊ သက္ကတ (အထူးသဖြင့် ပါဠိ)မှ မြန်မာပြန်သော စာပေမျိုးသာ အများအပြား ပေါ်ထွန်းခဲ့သည်။ ကုန်းဘောင်ခေတ်တွင်မူကား ပါဠိသက္ကတ စာပေများကိုသာမက အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ တရုတ်၊ ထိုင်း စသည့် စာပေများကိုပါ မြန်မာပြန်ခြင်းဖြင့် ဘာသာပြန်လုပ်ငန်း၏ နယ်နိမိတ်သည် ကျယ်ဝန်းလာခဲ့ရသည်။
ပါဠိသက္ကတမှ မြန်မာဘာသာ ပြန်ဆိုမှုနှင့် ပတ်သက်၍ဆိုရလျှင် ကုန်းဘောင်ခေတ်တွင်လည်း ရှေးကဲ့သို့ပင် ဇာတ်နိပါတ် ပါဠိတော်များ၊ အဋ္ဌကထာများ၊ အဘိဓာန်၊ ဆန်း၊ အလင်္ကာ စသည့် ကျမ်းများကို နိဿယပြန်ဆိုခြင်း၊ ပါဌ်လျှောက်ပြန်ဆိုခြင်းတို့ တွင်ကျယ်ခဲ့သည်ပင် ဖြစ်ပါသည်။ ပုံစံအနည်းငယ် ထုတ်ပြရလျှင် ကြံခင်းဆရာတော်၏ ဇာတ်ပါဠိတော် နိဿယများ၊ ဒါန့်တိုင် ဆရာတော်၏ ဇာတ်တော်ကြီးဆယ်ဘွဲ့၊ အဋ္ဌကထာ နိဿယများ၊ မောင်းထောင်ဆရာတော်၏ သက္ကတကျမ်း နိဿယများ၊ ဒုတိယ ကျော်အောင်စံထား ဆရာတော်၏ အဘိဓာနပ္ပဒီပိကာဋီကာ နိဿယ၊ ယောမင်းကြီး ဦးဖိုးလှိုင်၏ အလင်္ကာနိဿယ စသည်တို့သည် ထင်ရှားသော နိဿယ ဘာသာပြန်ကျမ်းများ ဖြစ်ပါသည်။ ထို့အတူ ညောင်ကန်ဆရာတော်၏ ငါးရာ့ငါးဆယ် နိပါတ်တော် စကားပြေ၊ ဒါန့်တိုင်ဆရာတော်၏ မိလိန္ဒပဥှာဝတ္ထု၊ ဦးဩဘာသ၏ ဇာတ်တော်ကြီး ဝတ္ထုများ၊ ကျီးသဲလေးထပ် ဆရာတော်၏ ဇိနတ္ထပကာသနီ စသည်တို့သည် ထင်ရှားသော ပါဌ်လျှောက် ဘာသာပြန်များ ဖြစ်ပါသည်။
ဤနေရာတွင် တင်ပြလိုသော အချက်ကား ကုန်းဘောင်ခေတ်တွင် နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများလာရာမှ ယင်းတို့၏ စာပေများကိုပါ လေ့လာမိပြီး ဘာသာပြန်စက်ဝန်းကို ချဲ့ထွင်လာသော အချက်ပင်ဖြစ်သည်။ ဤသို့ဖြင့် အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ တရုတ်၊ ထိုင်း စသည့်ဘာသာပြန်တို့မှ မြန်မာဘာသာပြန်သော ကျမ်းများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါ သည်။ အင်္ဂလိပ် မြန်မာ ဘာသာပြန်စာပေ အကြောင်းပြောသည့်အခါ မက္ခရာမင်းသားနှင့် မစ္စတာလိန်းတို့ ပြုစုသော အင်္ဂလိပ် - မြန်မာ အဘိဓာန် အကြောင်းကို ထည့်သွင်းဖော်ပြရမည် ဖြစ်သည်။ ဘိုးတော်ဘုရား၏ သားတော်တစ်ပါးဖြစ်သော မက္ခရာ မင်းသားကြီးသည် ဘာသာပြန်လုပ်ငန်းကို စိတ်ဝင်စားသော ပညာရှင်တစ်ဦးဖြစ်သည်။ သူသည် အင်းဝမြို့ရှိ အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာလိန်းမှတစ်ဆင့် ကာလာကတ္တား ' ရီးစ်ပညာစွယ်စုံကျမ်း ' ကို မှာယူလေ့လာသည်။ မိုးသီးကျခြင်း၊ မိုးသီးဖြစ်ပေါ်ခြင်း၊ နေ - လ ကြတ်ခြင်းအကြောင်းများကို မြန်မာဘာသာပြန်၍ မစ္စတာလိန်းထံ ပေးပို့သည်။ မစ္စတာလိန်းနှင့် တွဲဖက်၍ အင်္ဂလိပ် - မြန်မာ အဘိဓာန်ကြီးကို ၁၁၉၅ ခုတွင် စတင်ပြုစုရာ ၁၁၉၇ ခုတွင် ပြီးစီးသည်။ ထိုအဘိဓာန်ကား ကုန်းဘောင်ခေတ်တွင်သာမက နှောင်းခေတ် ဘာသာပြန်လုပ်ငန်းများတွင် များစွာအထောက်အပံ့ ပေးသည်ဟုဆိုနိုင်ပါသည်။
' အင်္ဂလိပ် မြင်းကြန် မြန်မာပြန်ချက် ' သည်လည်း စိတ်ဝင်စားဖွယ် ကျမ်းတစ်စောင်ဖြစ်သည်။ ကျမ်းအစပိုင်းတွင် ' တိရစ္ဆာန်မျိုးတို့ အကြောင်းအရာကို ပြသပြောဆိုသော အင်္ဂလိပ်ဘာသာရေး စာအုပ်၌ပါသော မြင်းအကြောင်းအစုစုကို မြန်မာ ဘာသာ ပြောဆိုရေးသားစေ၊ ဘုရားအမိန့်တော်ကို ဦးထိပ်ရွက်ရသည့်အတိုင်း သက္ကရာဇ် ၁၂၂၂ ခု၊ တော်သလင်းလဆန်း ၁၃ ရက်နေ့၊ ကျွန်တော်မျိုး ငရွှေပင် မြန်မာဘာသာ ပြန်ဆိုချက် ဘုရား ' ဟု ဖော်ပြထားသည်ကိုထောက်၍ မင်းတုန်းမင်းတရား အမိန့်တော်နှင့် ဦးရွှေပင် ဆိုသူက ဘာသာပြန်သော ကျမ်းဖြစ်ကြောင်း သိရသည်။ ထိုကျမ်းတွင် ' အင်္ဂလိပ်ဘုရားစာအုပ် ရှေးကျမ်းဟောင်း (ဓမ္မဟောင်းကျမ်း)လာ မြင်းအကြောင်းများ၊ ခရစ်မပေါ်မီ နှစ် ၁၆၅၀ ကစပြီး မြင်းကို ဝန်တင်ခိုင်းစေပုံ၊ တောမြင်းနှင့် မြို့မြင်းခြားနားပုံ ' စသည်တို့ကို စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။ တိုင်းခြား ဗဟုသုတကို လိုလားသော မင်းတုန်းမင်း၏ သဘောထားကိုလည်း တစ်စေ့တစ်စောင်း သိခွင့်ရသည်။
ထင်ရှားသော ဘာသာပြန် ကျမ်းတစ်ကျမ်းကား ၁၂၃၀ ပြည့်နှစ်တွင် ယောမင်းကြီး ဦးဖိုးလှိုင်နှင့် ဖန်ချက်ဝန် မင်းထင်ပညာ သိဒ္ဓိကျော်ခေါင်တို့ မြန်မာပြန်သော ' လောကဓာတ်ဆေးကျမ်းကြီး ' ဖြစ်သည်။ လောကဓာတ်ဆေးကျမ်းကြီး ဟု အမည်တပ်ထားသော်လည်း ဓာတုဗေဒကျမ်းဖြစ်သည်။ ပြင်သစ်အခေါ်ရှမီး၊ အင်္ဂလိပ် အခေါ် ကင်မစ်စရီ မည်သော ထိုကျမ်းကို ထိုပုဂ္ဂိုလ်နှစ်ဦး တွဲဖက်ပြန်ဆိုခြင်းဖြစ်ကြောင်း ကျမ်းနိဂုံးအရ သိရသည်။ ပညာဗဟုသုတ လိုလားသော ယောမင်းကြီးနှင့် ပြင်သစ် နိုင်ငံတွင် ပညာသင်ကြားခဲ့ပြီး ပြင်သစ်စာပေ တတ်ကျွမ်းသော ဖန်ချက်ဝန်တို့ ပူးပေါင်းကြိုးပမ်းမှု၏ အသီးအပွင့် ဖြစ်သည်။ သိပ္ပံ ဝေါဟာရများကို ပါဠိအမည်များပေး၍ ပြန်ဆိုထားသည်။ ပုံစံအားဖြင့် အောက်ဆီဂျင်ကို ရီတိဇ (သံချေးအစရှိသော ချေးဖြစ်ကြောင်း ဓာတ်) ဟုပြန်ထားသည်။ သာမိုမီတာကို မူ ' အပူတိုင်း ပြဒါးတိုင် ' ဟု မြန်မာဆန်ဆန် ပြန်ဆိုထားသည်။ စင်တီဂရိတ်နှင့် ဖာရင်ဟိုက် သာမိုမီတာများ ပြုလုပ်ပုံကို ယခုခေတ် ဓာတုဗေဒ စာအုပ်များတွင် ဖတ်ရသကဲ့သို့ ရှင်းရှင်းလင်းလင်း ပြန်ဆိုထားသည်ကို တွေ့ရသည်။
ကင်းဝန်မင်းကြီးနှင့် ယောမင်းကြီးတို့၏ ကျမ်းများတွင်လည်း ဘာသာပြန်ဝေါဟာရများကို တွေ့နိုင်ပါသည်။ ကင်းဝန် မင်းကြီး၏ လန်ဒန်သွား၊ ပြင်သစ်သွား မှတ်တမ်းများတွင် ဘာသာပြန်ဝေါဟာရ၊ အသံလှယ်ဝေါဟာရများစွာ ပါဝင်သည်။ ယောမင်း ကြီး၏ ကျမ်းများတွင်လည်း ဘာသာပြန်ဝေါဟာရများသာမက ဘာသာပြန် ကိုးကားချက်များလည်း ပါဝင်ကြောင်းသိရသည်။ ပုံစံ ပြရလျှင် ယောမင်းကြီး၏ ကာယနုပဿနာကျမ်းသည် အီတလီဘာသာဖြင့် ပြုစုထားသော အနာတမီကျမ်းကို မှီငြမ်းပြုထားသော ကျမ်းဖြစ်သည်။ အဘိဓမ္မာ ပါဠိတော်များကို သက္ကတဆေးကျမ်း၊ အနာတမီကျမ်းတို့နှင့် ညှိနှိုင်းပြုစုထားခြင်းဖြစ်သည်။ ထို့အတူ ဝိမုတ္တိရသကျမ်းတွင် သိုးဆောင်းတို့၏ ' ဆိုး ' (Soul) ဝါဒ၊ ဂေါ့ (God) ဝါဒ၊ ဟိန္ဒူတို့၏ ဗြာဟ္မဏဝါဒ၊ ပသီတို့၏ ' ခိုဒါ ' ခေါ် ဖန်ဆင်းသူ ဝါဒတို့ကို မြန်မာကျမ်းဂန်များနှင့် နှိုင်းယှဉ်ထားကြောင်း သိရသည်။ ထို့အတူ ရာဇဓမ္မသင်္ဂဟကျမ်းတွင် အနောက်တိုင်း နိုင်ငံရေး အတွေးအခေါ်များကိုလည်းကောင်း၊ ဥတုဘောဇနသင်္ဂဟကျမ်းတွင် အနောက်တိုင်း ဓာတုဗေဒနှင့် ဆေးသိပ္ပံကိုလည်းကောင်း ကိုးကားထားပါသည်။
' ပေါ်တူဂီ ရာဇဝင် ' သည်လည်း ထင်ရှားသော ဘာသာပြန်ကျမ်းတစ်စောင် ဖြစ်သည်။ ဗရင်ဂျီဘုန်းတော်ကြီး ' ဒေါင်ဘီနာရှူ ' နှင့် အခွန်ဝန် ' သီရိဇေတရတ်ကျော် ' တို့နှစ်ဦး ကြည့်ရှုတိုက်ဆိုင်ပြီး မြန်မာပြန်ဆိုထားခြင်း ဖြစ်သည်။ အင်းဝမင်းခေါင်ကြီးနှင့် နန်းပြိုင် ပေါ်တူဂီဘုရင် ပဥ္စမ ' ဇွင် ' လက်ထက်သက္ကရာဇ် ၇၇၂ ခုတွင် အာရှ အာဖရိက နိုင်ငံများသို့ ပေါ်တူဂီ များရောက်လာပြီး လက်နက်နိုင်ငံ ပြုပုံအကြောင်းများမှ စတင်ရေးသားထားသည်။ ' ဗိုလ်မှူးမင်း ဒီဘရီတူ ' (ဒီဘရစ်တို) အကြောင်း၊ အနောက်ဘက်လွန်မင်း လက်ထက်တွင် ဒီဘရစ်တိုနှင့် တောင်ငူမင်း နတ်သျှင်နောင်ပေါင်းကာ အမှားပြုမိသဖြင့် ကွပ်မျက်ခံရပုံ အကြောင်း စသည့် မြန်မာရာဇဝင်လာ ဖြစ်ရပ်များကိုလည်း တွေ့ရသည်။
ဤသို့ အနောက်နိုင်ငံများမှ စာပေများကို မြန်မာပြန်သည့်နည်းတူ အရှေ့နိုင်ငံများမှ စာပေများကိုလည်း မြန်မာပြန်ကြပါ သေးသည်။ ဘိုးတော်ဘုရားလက်ထက် ၁၀၅၁ ခုတွင် အိမ်ရှေ့မင်းအမိန့်တော်နှင့် အယုဒ္ဓတိုင်းဂျွမ်းပြည်၊ ဟရိဘုဥ္ဇာတိုင်း ယွန်းပြည် လာ ဒဏ္ဍာရီများကို ဂျွမ်းသံခံ၊ ယွန်းသံခံ တို့နှင့် ညှိနှိုင်းမြန်မာ ပြန်ခဲ့သည်။ မြဝတီမင်းကြီး ဦးစနှင့် ပြင်စည်မင်းသားကြီးတို့၏ ဘာသာ ပြန်များကား ထင်ရှားပြီးဖြစ်သည်။ အီနောင်၊ ရာမဇာတ်တော်များ၊ ' ယိုးဒယားသီချင်း ' ဟုထင်ရှားသည့် သီချင်းများကို ထိုပညာရှင် များ၏ ဘာသာပြန်လုပ်ငန်း အသီးအပွင့်များအဖြစ် အသုံးပြုလာကြသည်မှာ ကြာပါပြီ။
တရုတ်စာပေမှ ဘာသာပြန်မှုမျိုးလည်း ရှိပါသေးသည်။ မင်းတုန်းမင်းလက်ထက်တွင် လွှတ်တော်စာရေးကြီး ဦးနွဲ့ မြန်မာ ပြန်သော ' ဂန္ဓာလရာဇ်ဆေးကျမ်း ' သည် သာဓကတစ်ခုဖြစ်ပါသည်။ မင်းတုန်းမင်းထံ ခစားလာသော ဂန္ဓာလရာဇ် ဥဒည်နိုင်ငံ ပြည်ကြီးသား ဆေးအတတ်နားလည်တတ်ကျွမ်းသူ တရုတ်သမားတော် ' ငလောစိ၊ လောစံချိမ့်၊ ယင်းချောက် ' တို့ ဆက်သသော တရုတ်ဘာသာရေး ဆေးကျမ်းများကို မြန်မာဘာသာပြန်ဆို ရေးသားဆက်သွင်းစေဟု ၁၂၃၁ ခုတွင် အမိန့်ချသည့်အတွက် ဆေးဆရာကြီးတို့၏ ဆေးကျမ်းထွက် အဓိပ္ပါယ် စကားလုံးရပ်များကို တရုတ်တာရဲကြီး၊ ငစက်ကန်၊ငကောတုံ တို့က တရုတ်ဆေး ဆရာကြီးများအား မေးမြန်းပေးရပြီး မေးမြန်းသိရှိချက်များကို ဦးနွဲ့ကတစ်ဆင့် ဘာသာပြန်ဆို ရေးသားခြင်းဖြစ်သည်။
ဤကား ကုန်းဘောင်ခေတ်တွင် ဘာသာပြန် စက်ဝန်းချဲ့ထွင်ရာ၌ ပေါ်ထွန်းလာသော ဘာသာပြန်စာပေများကို တစ်စေ့ တစ်စောင်း လေ့လာတင်ပြထားခြင်း ဖြစ်ပါသည်။ ထိုစာပေများထဲတွင် (ထိုအချိန်က အင်္ဂလိပ်လက်အောက် ရောက်နေပြီးဖြစ်သော) အောက်မြန်မာနိုင်ငံတွင် ပေါ်ထွန်းသည့် ဘာသာပြန်စာပေများ မပါသေးပါ။ မည်သို့ပင်ဖြစ်စေ၊ ယခုတင်ပြခဲ့သော ကျမ်းများက ဗဟုသုတ လိုလားသော မြန်မာဓလေ့၊ မြန်မာစရိုက်ကို တစ်နည်းတစ်လမ်း ဖွင့်လှစ်ပြနေသည်ပင် ဖြစ်ပါတော့သည်။
ငွေတာရီမဂ္ဂဇင်း
အမှတ် ၂၄၇၊ ဇန်နဝါရီ၊ ၁၉၈၁။
0
responses to “
ကုန်းဘောင်ခေတ် ဘာသာပြန်စာပေ
”