ဇာတ်ကြီးဆယ်ဘွဲ့ ရှာပုံတော်
ဇာတ်ကြီးဆယ်ဘွဲ့ ရှာပုံတော်
ဆွေကလျာ ပွေတာ ကပ်သော်ကြောင့်
သေလာတွင် ရွှေစာနှင့် မှတ်ကြတော့
မြေချာရပ် ညာကုံးနယ်
အမယ်လေး ခြေရာထပ်အောင်ပ ရှာဦးမယ်။
ပျောက်ဆုံးနေသော ကြင်ဖက်သက်လျာအား နေရာအနှံ့ ခြေရာချင်းထပ်အောင် လိုက်ရှာမည်ဟူ၍ ကလျာမယ်ကလေး တစ်ဦးက မြည်တမ်းလိုက်ခြင်း ဖြစ်သည်။ ဤမြည်တမ်းသံကို ပုံဖော်လိုက်သူကား တစ်ချိန်က ကဗျာဆရာ၊ ပြဇာတ်ဆရာအဖြစ် ထင်ရှားကျော်ကြားခဲ့သော ' ဆတိုင်မွှတ်ဦးကူး ' ဆိုသည့် စာဆိုကြီးဖြစ်ပါသည်။
ဤသို့ မင်းသား မင်းသမီး ကြင်ရာပျောက်၍ ငိုယိုမြည်တမ်းကာ တောအနှံ့ တောင်အနှံ့ လိုက်လံရှာဖွေဟန် ရေးဖွဲ့သော ' ရှာပုံတော် ' များသည် ကုန်းဘောင်ခေတ်၊ ကိုလိုနီခေတ်တို့ကို ခေတ်စားခဲ့သော ကလျာအဖွဲ့များ ဖြစ်ပါသည်။ ထိုရှာပုံတော်ကြီး များတွင် ငိုချင်းရှည်များဟုလည်း ခေါ်ပါသည်။ ငိုယိုပူဆွေး တမ်းတသံပေါ်အောင် ဖွဲ့ထားသော ကဗျာများ ဖြစ်ပါသည်။
ရှာပုံတော်ဟု ဆိုလိုက်သည်နှင့် ကုန်းဘောင်ခေတ်စာဆို ဦးကြော့၏ ' စုံနံ့သာမြိုင် ' ရှာပုံတော်ကြီးကို သတိရကြလိမ့်မည် ထင်ပါသည်။
' စုံနံ့သာမြိုင်၊ ရဂုံတွင်းမှာလေ၊ ထုံသင်းငယ်ကြိုင်၊
ဂနိုင်ဟေမ၊ နွေအစ၊ ရွေများကလျာ၊ ဟိုခင်ကို လျှောက်ပါလို့၊
လင်ပျောက်ကို ရှာခဲ့ .... '
စသည်ဖြင့် သနားဖွယ် မြည်တမ်းဟန် ရေးဖွဲ့ခဲ့ပုံများကို အများသိကြပါသည်။ ထို့အတူ စလင်း ဦးမြတ်သာထွန်း၊ မုံရွာမြို့ ညောင်ခြောက်ဆရာ အုံ၊ ဆတိုင်မွှတ် ဦးကူး စသည်ဖြင့် ရှာပုံတော် ရေးဖွဲ့သော စာဆိုများ ပေါ်ပေါက်ခဲ့ပါသည်။
ဆတိုင်မွှတ်ဦးကူးသည် ဦးပုညတို့ အချုပ်တန်းဆရာဖေတို့နှင့် ခေတ်ပြိုင် အောက်မြန်မာနိုင်ငံတွင် ထင်ရှားသော စာဆိုကြီးဖြစ်သည်။ မင်းတုန်းမင်း လက်ထက် အင်္ဂလိပ်လက်အောက်သို့ ရောက်နေပြီဖြစ်သော အောက်မြန်မာနိုင်ငံတွင် ပြဇာတ် စာအုပ်များ ထွန်းကားခဲ့ရာ ဆတိုင်မွှတ်ဦးကူးမှာ ထင်ရှားသော ပြဇာတ်ဆရာကြီး တစ်ဦးဖြစ်ပါသည်။ မိမိနေထိုင် ကြီးပြင်းရာ ဖြစ်သော ကွမ်းခြံကုန်းမြို့နယ် ဆတိုင်မွှတ်ရွာကို အစွဲပြု၍ ဆတိုင်မွှတ်ဦးကူးဟု အမည်တွင်ကြောင်း သိရပါသည်။
ဦးကူးသည် ' လူဝံမောင်နှမပြဇာတ် ' စသည့် ပြဇာတ်များအပြင် အခြားစာပေများလည်း ပြုစုခဲ့ရာ ရှာပုံတော်စသည့် ကဗျာများလည်း အပါအဝင်ဖြစ်သည်။
ရှာပုံတော်များတွင် မင်းသမီးမင်းသားတို့က လင်ပျောက် မယားပျောက် ရှာရာ၌ ထင်ရှားသော သမိုင်းဝင် မှတ်တမ်းတင် နေရာများသို့ ရောက်ရှိဟန် ရေးဖွဲ့လေ့ရှိကြသည်။ ဦးကြော့၏ စုံနံ့သာမြိုင် ရှာပုံတော်ကြီးကို ကြည့်လျှင် မယ်နှမကလေးသည် ပျောက်သွားသော ကြင်ရာကိုလိုက်ရှာရင်း ဘုရားလောင်း ငုံးမင်းဘဝက သစ္စာပြု၍ မီးကွင်းသည့်နေရာသို့လည်း ရောက်ခဲ့ပုံ၊ စန္ဒကိန္နရီဇာတ်တွင် ကိန္နရီ ကိန္နရာတို့ ပျော်ရွှင်နေခိုက် ဗာရာဏသီမင်းက မြားနှင့်ပစ်သည့်အတွက် ကိန္နရာမြားမှန်ပြီး မိန်းမောနေစဉ် ကိန္နရီမယ်ကလေး ပြုစုပေးရသည့် နေရာသို့လည်း ရောက်ခဲ့ပုံ စသည်ဖြင့် စိတ်ကူးဉာဏ် ကွန့်မြူးကာ ရေးဖွဲ့ပုံကို တွေ့ပါလိမ့်မည်။
ဤဆောင်းပါးအစတွင် နိဒါန်းချီထားသည့် ရှာပုံတော်၌မူ ဆတိုင်မွှတ်ဦးကူးသည် ကလျာမယ်ကလေး ကြင်ရာပျောက် ရှာရင်း ရောက်ခဲ့သည့်နေရာများအဖြစ် ဇာတ်ကြီးဆယ်ဘွဲ့မှ အမှတ်ထင်ထင်နေရာများကို ရွေးချယ်ရေးဖွဲ့ထားပါသည်။
ထို့ကြောင့် ဤရှာပုံတော်ကို ' ဇာတ်ကြီးဆယ်ဘွဲ့ ရှာပုံတော် ' ဟု ခေါ်နိုင်မည် ထင်ပါသည်။ ကောဇာသက္ကရာဇ် ၁၂၈၉ ခုနှစ်က ရိုက်နှိပ်သော ' ကဝိရတနာကျမ်း ' ခါ် ကဗျာပေါင်းချုပ်တွင်မူ ဤရှာပုံတော်ကို ' ဇာတ်ဆယ်ဘွဲ့ရှာခန်း ' ဟူ၍ ခေါင်းစဉ် တပ်ထားပါသည်။
ဇာတ်ကြီးဆယ်ဘွဲ့ဘာ နေရာများကို ရွေးချယ်ရာ၌ ပထမဆုံး တေမိယဇာတ်တော်မှ အမှတ်ထင်ထင်နေရာအဖြစ် သုနန္ဒာ ရထားထိန်းက တေမိမင်းသားကို မြေမြှုပ်သတ်ရန် ခေါ်သွားသည့်နေရာကို ရွေးချယ်သည်။ ငရဲဘေးကို ထိတ်လန့်၍ စကား မပြောဘဲနေသည့် တေမိမင်းသားကို ခမည်းတော်က မင်္ဂလာမရှိသော အဆွံ့အအ အဖြစ် မှတ်ယူပြီး မြေမြှုပ်သတ်ရန် အမိန့်ပေး သည့်အတွက် ရထားထိန်းက မင်းသားကို အမင်္ဂလာ အနောက်တံခါးမှ ထုတ်၍ မြို့အနောက် သုသာန်တွင် မြှုပ်ရန်ပြုသော်လည်း ဘုရားလောင်း၏ ပါရမီကြောင့် နတ်တို့လှည့်ပတ်သည့်အတွက် မင်္ဂလာအရှေ့တံခါးမှ ထွက်လာမိပြီး မြို့အရှေ့ဘက် တောအုပ်တွင် မင်းသားကိုမြှုပ်ရန် ပြင်ဆင်ကြောင်း ဖော်ပြသည်။
ဆတိုင်မွှတ်ဦးကူးသည် ထိုနေရာကလေးကို ကြေကွဲဖွယ်နေရာကလေးအဖြစ် အမှတ်ထင်ထင် ဖြစ်ပုံရသည်။ ထို့ကြောင့် ထိုနေရာကလေးကို ' ပဇာငံတောင် ' ဟူ၍ ဖန်တီးလိုက်သည်။ အီနောင်နန်းတွင်း ဇာတ်တော်လာ တောင်အမည်မျိုးဖြစ်သည်။ ထို့နောက် ကြင်ရာပျောက် ရှာပုံတော်ဖွင့်သော မယ်ကလေးကို ထိုနေရာသို့ ပို့လိုက်သည်။
နိယတ၊ အစငယ် ခံယူလင့်စဉ်က၊ ကရုဏာ ရွှေဉာဏ်ဖွင့်ပါလို့၊ ငုံရင့်မာ ဆယ်စောင်လင်းပြန်တော့၊ အလောင်းတော် တေမိမင်းကိုလှ၊ သုနန္ဒာ ယူဆောင်ကျင်းတဲ့ပြင်၊ တွင်းမြှုပ်ကာ ခန္ဓာနှံမဲ့၊ ပဇာငံတောင်ညိုမောက်မှာဖြင့်၊ ကုန်းထက်အောက်နယ်ကို နော်တော်၊ ဘုန်းတက်လျှောက်လယ်။
ဇနက ဇာတ်တော်တွင်လည်း မိထိလာပြည်၌ အရိဋ္ဌဇနကမင်းနှင့် ပေါလဇနကမင်းတို့ ညီနောင်နှစ်ပါးစစ်ထိုးရာ အရိဋ္ဌဇနကမင်း ကျဆုံးသွားသည့်အတွက် မိဖုရားကြီး ကိုယ်ဝန်အရင့်အမာနှင့် ထွက်ပြေးရသည့်အခန်းသည် ကရုဏာသက်ဖွယ် အခန်းတစ်ခန်း ဖြစ်ပါသည်။ စာဆိုဦးကူးသည် ထိုအခန်းကို နောက်ခံပြုလျှက် -
စိတ်မတည် မိတ္ထီသို့ လှည့်ပြန်တော့၊ ကွင်းပြင်တွင် မြင်းဆင်ပြည့်အောင်ပ၊ ညီနောင်မှာ ပြည်ထောင်သို့ သိတာမို့၊ မာန်ရှိလို့ လှံငြိဖွယ်၊ ခန္ဓာကွယ်ရှာတော့ မျက်နှာမှေး၊ ကြံကာရွယ်ပါပေါ့ သက်သာရေး၊ အမယ်မင်း စန္ဒာနယ်မှာတော့ ထွက်ကာပြေး
ဟူ၍ ကရုဏာသံကလေး နှောကာ ရေးဖွဲ့ထားပါသည်။
' စန္ဒါမယ် ' ဆိုသည်ကား စာဆိုက ပေးလိုက်သော မိဖုရားကြီး၏ အမည်ဖြစ်သည်။ မိဖုရားကြီးက အသက်ဘေးကြောင့် ပြေးရသလို ကြင်ရာပျောက်ရှာနေသော မယ်ကလေးမှာလည်း မောင်တော်ကို တွေ့လိုဇောဖြင့် ပြေးလွှားနေရဆဲပင် ဖြစ်ပါသည်။
သုဝဏ္ဏသာမ ဇာတ်တော်လာ စိတ်ဝင်စားဖွယ် နေရာတစ်ခုမှာ အလောင်းတော် သုဝဏ္ဏသာမ သမင်များခြံရံလျက် မိဂသမ္ပတာမြစ်သို့ ရေဆင်းခပ်သည့် နေရာပင်ဖြစ်သည်။ စာဆိုသည် မယ်ကလေးကို ထိုနေရာသို့လည်း စေလွှတ်ပြန်သည်။
နေရှိန်လေလေ့ နေရှိန်ရှိန်၊ အလွမ်းတွေ ချီကာလိမ်လို့၊ တစ်ကုံးစိန်သည်နယ်က ကွင်းခဲ့တော့၊ လောင်းသုဝဏ် ရေခပ်ဆင်းပါတဲ့၊ ဇလပ်မြိုင်နက် အိုင်မင်းပေထင့်၊ သန့်ရှင်းပုံ အလွန်ထူးပါဘိ ဟူ၍ ပုံဖော်ထားပါသည်။ ထိုနေရာကလေးကို ဇလပ်မြိုင် နတ်အိုင်အဖြစ် ဖန်တီးလိုက်ခြင်းကား စာဆို၏ ဉာဏ်ကွန့်မြူးချက်တစ်ခုပင်။ ထိုမှတစ်ဖန် ရည်ရွယ်ကာ သည်နယ်က ကူးသောအခါ၊ ညွန့်ဖူးလိမ်လွန်ပြန့်ပြောပါတဲ့၊ မင်းဥယျာဉ် သရက်တောပါကလ၊ စေနေမိ အဖော်ခွာလို့၊ ဖော်ညာကို မျှော်ကာမှန်းပါတဲ့၊ မြညိုလွင် ရိပ်ခင်တန်းရယ်က၊ မင်းမဟော်ဇာတ်တော်သို့ မှန်းလိုက်တော့၊ နုံးမမြင် အုံးမှင် (ဥမင်) ခန်းတွေနှင့်၊ အမယ်လေး လွမ်းတလို့ငေး၊ လူကဝိမှတ်စရာ ဖော်ကာဆောင်လို့ နွမ်းလျလို့ဆွေး၊ မူရှိဇာတ်လာ လျော်ရာနောင်မချို့ လွမ်းတလို့ငေး၊ ကျမ်းပြလို့ရေး၊ နွမ်းလျလို့ ဆွေးတဲ့မှ မအေးနိုင်ဖွယ် ...
ဟူ၍ ဖွဲ့ထားသည့်အတိုင်း နေမိဇာတ်တော်မှ နေမိမင်းကြီး နတ်ပြည်တက်ရာနေရာကို မင်းဥယျာဉ် သရက်တော၊ မြညိုလွင် ရိပ်ခင်တန်းအဖြစ် ဖန်တီးလိုက်ပြန်သည်။ ထိုမှတစ်ဖန် မဟောသဓာဇာတ်တော်မှ ဥမင်ခန်းများသို့ လည်းကောင်း၊ ဘူရိဒတ်ဇာတ်တော်မှ ဘူရိဒတ်နဂါးမင်း ဥပုသ်ဆောက်တည်ရာ တောင်ပို့သို့လည်းကောင်း မယ်ကလေးရောက်ခဲ့ဟန် ဆက်လက် ရေးဖွဲ့ထားပုံမှာလည်း ကနွဲ့ကလျနှင့် နှစ်သက်ဖွယ် ဖြစ်ပါသည်။
မယ်ကလေး၏ ကြင်ရာပျောက်ရှာရသော ခရီးစဉ်ကား မပြီးဆုံးသေးပါ။
' သွယ်သွယ်မှံုနွဲ့အဆွေးလှိုင်ကြွယ်၊ တလည်လည်အုံဖွဲ့သလေးခိုင်နွယ်၊ နယ်ပယ်စုံခဲ့၊ မှံုလဲ့မှာအုံဖွဲ့လို့ စုံခဲ့တဲ့နယ်ပယ်တွေ ' ဟူသည့်အတိုင်း နယ်စုံပယ်စုံ ခြေရာဆန့်ခဲ့ပြီးပါပြီ။
ကာသိကာ မိတ္ထိလရယ်နှင့်၊ စမ္ပါနာဂရတိုင်းဝိဒေ၊ လောင်းနာရဒဇာတကေ၊ စန္ဒကုမ္မတိုင်းဌာနေ၊ မတ်ဝိဓူရဖြစ်အခြေ၊ လှစ်ဖွေ ဖြစ်ထွေ ချစ်ဆွေ ကုန်စင်မှတ်ခဲ့ပေါ့
ဟုဆိုရအောင်ပင် ကာသိကရာဇ်တိုင်း၊ မိတ္ထီလာပြည်၊ စမ္ပာနာဂရတိုင်း၊ ဝိဒေဟရာဇ်တိုင်း တို့ကို ရောက်ခဲ့ရသည်။
အလောင်းတော် စန္ဒကုမာရ၊ နာရဒ၊ ဝိဓူရ တို့၏ တိုင်းပြည်များတွင် မှတ်သားစရာ အဖြစ်သနစ်များကို အကုန်အစင် မှတ်ခဲ့ပြီး ဖြစ်သည်ဟူ၍ ထိုဇာတ်တော်သုံးပုဒ်နှင့် ပတ်သက်သည့် နေရာများကို အကျယ်မချဲ့တော့ဘဲ ခပ်သွက်သွက် ဖွဲ့ပြသည်။
နောက်ဆုံးရောက်ခဲ့သည့် နေရာကား ဝေဿန္တာရာဇာတ်တော်မှ ဝေဿန္တရာမင်းကြီး ပစ္စယဆင်ဖြူတော် လှူသည့်နေရာ ပင်ဖြစ်သည်။ မယ်ကလေးသည် ဝေဘူလ၊ ဝေဘာလတောင် များနှင့်တကာ တောတောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီး ဝေဿန္တရာ မင်းကြီး စိုးစံရာ စေတုတ္တရာပြည်သို့ ရောက်ရသည်။
ဝေဘူဝေဘာ၊ သေလာဂီရိန်၊ ရီမှိန်ဝေမှောင်၊ တောတောင်ထွေထွေ ထပ်သော်လည်း၊ စေတုတ္တရာ မဟာနဂိုရ် ပြည်ညို ချန်မလှပ်ပါဘု၊ အလောင်းဝေသန်၊ တစ်သောင်းခြွေရံ၊ ဆင်ပျံလှူတဲ့ရပ်ကိုဖြင့်၊ နှံ့စပ်အောင် ယဉ်ပင်နွဲ့ရယ်က၊ ဇာတ်ကြီးဆယ်စောင်၊ ပြည်ထောင်နယ်ပယ်ဖွဲ့ပါလို့၊ အမယ်မင်း သဲ့သဲ့ယဲ့ယဲ့ လှည့်လှည့်ပတ်ပတ်၊ မလပ်မလစ်ရှာခဲ့တဲ့ မောင်မောင်ဘုရာ့ ကတိုးပုံကလေး ... ဟူသည့်အတိုင်း ဇာတ်ကြီးဆယ်ဘွဲ့ မှတ်တမ်းဝင်နေရာများကို လှည့်လည်ကာ၊ ပင်ပန်းနွမ်းလျပြီး သဲ့သဲ့ယဲ့ယဲ့ကလေး ဖြစ်သည်အထိ မောင်တော်ကို မလစ်မလပ် အနှံ့အစပ် ရှာဖွေရသော ဘုရားနှမ ' ကတိုးပုံကလေးပါ ' .. ဟူ၍ သနားစဖွယ် မြည်တမ်းသံကို ကြားယောင်လာစေနိုင်ပါသည်။
ဤသို့ဖြင့် စာဆိုတော်ကြီး ဆတိုင်မွှတ်ဦးကူးသည် ဇာတ်ကြီးဆယ်ဘွဲ့ မှတ်တမ်းဝင်နေရာများကို ဖန်တီးကာ ဤရှာပုံတော်ကို ဉာဏ်ကွန့်မြူး ရေးဖွဲ့ခဲ့သည်ဟု ဆိုနိုင်ပါသည်။
စုံနံ့သာမြိုင် ရှာပုံတော်အချကဲ့သို့ ရှေ့ကာရန်ကို နောက်ကာရန်ဖြင့် ပြန်ပြန်ဟပ်သည့် ' ပြန်ကဟပ် ' ပုံစံဖြင့် ဖွဲ့ခြင်းမဟုတ်ဘဲ လေးချိုးပုံစံဖြင့် ဖွဲ့ထားခြင်းသည်လည်း မှတ်သားဖွယ်ဖြစ်ပါသည်။ မြန်မာပရိသတ် ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သော ဇာတ်ကြီးဆယ်ဘွဲ့ကို နောက်ခံပြုကာ ရေးဖွဲ့ထားသော ဤရှာပုံတော်သည် ဖတ်ရနားထောင်ရသူအဖို့ စိတ်ဝင်စားဖွယ် ဖြစ်သည် နှင့်အမျှ ရေးဖွဲ့သောစာဆို၏ စိတ်ကူးဉာဏ်ကိုလည်း ထင်ဟပ်ပြနေမည်သာ ဖြစ်ပါတော့သည်။
ကလျာမဂ္ဂဇင်း
၁၉၈၉